Numbers 25
25:1 အစ္စရေးလူမျိုးတို့သည် ရှိတ္တိမ်အရပ်၌ နေထိုင်ကြစဉ် မောဘအမျိုးသမီးတို့နှင့် စ၍ဖောက်ပြန်မှားယွင်းလာကြ၏။
25:2 ထိုအမျိုးသမီးတို့သည် မိမိတို့ဘုရားများ၏ယဇ်ပူဇော်ပွဲများသို့ အစ္စရေးအမျိုးသားတို့ကို ခေါ်သွား၏။ သူတို့သည် စားသောက်ကြ၍ ထိုအမျိုးသမီးတို့၏ဘုရားများကိုလည်း ရှိခိုးကိုးကွယ်ကြ၏။
25:3 ထိုသို့ အစ္စရေးလူမျိုးတို့သည် ဗာလပေဂုရဘုရားကို မှီဝဲဆည်းကပ်သောကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်လေ၏။
25:4 ထာဝရဘုရားက မောရှေအား “လူတို့ထဲမှ အကြီးအမှူးရှိသမျှတို့ကို ခေါ်ထုတ်၍ ထာဝရဘုရား၏ရှေ့၊ နေပူထဲ၌ သူတို့ကိုဆွဲထား လော့။ သို့ပြုလျှင် ထာဝရဘုရား၏ပြင်းထန်သောအမျက်သည် အစ္စရေးလူမျိုးတို့ထံမှ လွှဲသွားလိမ့်မည်”ဟု မိန့်တော်မူ၏။
25:5 မောရှေကလည်း အစ္စရေးလူမျိုးတို့၏တရားသူကြီးတို့အား “သင်တို့သည် ဗာလပေဂုရဘုရားကို မှီဝဲဆည်းကပ်သောကိုယ့်လူအသီးသီးကို သတ်ရမည်”ဟု ဆို၏။
25:6 ထိုအခါ မောရှေရှေ့မှောက်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ငိုကြွေးနေကြသော အစ္စရေးအမျိုးသားလူထုအပေါင်းတို့ရှေ့မှောက်မှာပင် အစ္စရေးအမျိုးသားတစ်ဦးသည် မိမိအမျိုးသားချင်းတို့ထံ မိဒျန်အမျိုးသမီးတစ်ယောက်ကို ခေါ်ဆောင်လာ၏။
25:7 ယဇ်ပုရောဟိတ်အာရုန်၏မြေးဖြစ်သော ဧလာဇာ၏သားဖိနဟတ် မြင်သောအခါ လူထုထဲမှထ၍ လှံကိုကိုင်စွဲလျက်
25:8 ထိုအစ္စရေးအမျိုးသားနောက် တဲအတွင်းသို့ လိုက်ဝင်သွား၍ အစ္စရေးအမျိုးသားနှင့် ထိုမိန်းမ နှစ်ဦးစလုံးတို့၏ဗိုက်ကို လှံနှင့်ထိုးလေ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့တွင် ဘေးဒဏ်ငြိမ်းလေ၏။
25:9 ထိုဘေးဒဏ်ကြောင့် သေဆုံးသူ နှစ်သောင်းလေးထောင်ရှိ၏။
25:10 တစ်ဖန် ထာဝရဘုရားက မောရှေအား
25:11 “ယဇ်ပုရောဟိတ်အာရုန်၏မြေးဖြစ်သော ဧလာဇာ၏သားဖိနဟတ်သည် အစ္စရေးအမျိုးသားတို့အပေါ် ငါသဝန်တိုသကဲ့သို့ သဝန်တိုသဖြင့် ငါ၏အမျက်ဒေါသကို သူတို့ထံမှလွှဲစေပြီ။ ထို့ကြောင့် သဝန်တိုသော်လည်း အစ္စရေးအမျိုးသားတို့ကို ငါမဖျက်ဆီးဘဲနေလေ၏။
25:12 ထို့ကြောင့် ဖိနဟတ်အား ‘ငါ၏ငြိမ်သက်ခြင်းပဋိညာဉ်ကို သူ့အား ငါပေး၏။
25:13 ထာဝရယဇ်ပုရောဟိတ်အရိုက်အရာဆိုင်ရာပဋိညာဉ်သည် သူမှစ၍ နောင်လာမည့် သူ၏သားစဉ်မြေးဆက်အတွက်ဖြစ်၏။ အကြောင်းမူကား သူသည် မိမိ၏ဘုရားသခင်အစား သဝန်တို၍ အစ္စရေးအမျိုးသားတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသောကြောင့် ဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
25:14 မိဒျန်အမျိုးသမီးနှင့်အတူ အသေသတ်ခံရသည့် အစ္စရေးအမျိုးသား၏အမည်မှာ ဇိမရိဖြစ်၍ သူသည် ရှိမောင်အမျိုး၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်ဖြစ်သော သာလု၏သားဖြစ်၏။
25:15 အသတ်ခံရသောမိဒျန်အမျိုးသမီး၏အမည်မှာ ကောဇဘိဖြစ်၍ သူသည် မိဒျန်လူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုနှင့်ဆိုင်သောမျိုးနွယ်စု၏အကြီးအမှူးဖြစ်သော ဇုရ၏သမီးဖြစ်၏။
25:16 တစ်ဖန် ထာဝရဘုရားက မောရှေအား
25:17 “မိဒျန်လူမျိုးတို့ကို ရန်ပြု၍ သူတို့ကို သုတ်သင်ပစ်ရမည်။
25:18 အကြောင်းမူကား သူတို့သည် ပေဂုရဘုရားအမှုအားဖြင့်လည်းကောင်း၊ ပေဂုရဘုရားအမှုကြောင့် ဘေးဒဏ်ကျရောက်သောနေ့၌ အသတ်ခံရသော သူတို့၏နှမ၊ မိဒျန်ခေါင်းဆောင်၏သမီးကောဇဘိအမှုအားဖြင့်လည်းကောင်း ပရိယာယ်ပြု၍ သင်တို့ကို ရန်ပြုခဲ့၏”ဟု မိန့်တော်မူ၏။