Matthew 1
1:1 အာဗြဟံ၏သား၊ ဒါဝိဒ်၏သားဖြစ်တော်မူသော ယေရှုခရစ်တော်၏ဆွေတော်စဉ်မျိုးတော်ဆက်စာရင်းဟူမူကား
1:2 အာဗြဟံသည် သားဣဇက်ကိုရ၏ ။ ဣဇက်သည် သားယာကုပ်ကိုရ၏။ ယာကုပ်သည် သားယုဒနှင့်သူ၏ညီအစ်ကိုများကိုရ၏။
1:3 ယုဒသည် တာမာအားဖြင့် သားဖာရက်နှင့်ဇာရကိုရ၏။ ဖာရက်သည် သားဟေဇရုံကိုရ၏။ ဟေဇရုံသည် သားအာရံကိုရ၏။
1:4 အာရံသည် သားအမိနဒပ်ကိုရ၏။ အမိနဒပ်သည် သားနာရှုန်ကိုရ၏။ နာရှုန်သည် သားစာလမုန်ကိုရ၏။
1:5 စာလမုန်သည် ရာခပ်အားဖြင့် သားဗောဇကိုရ၏။ ဗောဇသည် ရုသအားဖြင့် သားဩဗက်ကိုရ၏။ ဩဗက်သည် သားယေရှဲကိုရ၏။
1:6 ယေရှဲသည် သားဒါဝိဒ်မင်းကြီးကိုရ၏။ ဒါဝိဒ်သည် ဥရိယ၏မယား အားဖြင့် သားရှောလမုန်ကိုရ၏။
1:7 ရှောလမုန်သည် သားရောဗောင်ကိုရ၏။ ရောဗောင်သည် သားအဘိယကိုရ၏။ အဘိယသည် သားအာသကိုရ၏။
1:8 အာသသည် သားယောရှဖတ်ကိုရ၏။ ယောရှဖတ်သည် သားယောရံကိုရ၏။ ယောရံသည် သားဩဇိကိုရ၏။
1:9 ဩဇိသည် သားယောသံကိုရ၏။ ယောသံသည် သားအာခတ်ကိုရ၏။ အာခတ်သည် သားဟေဇကိကိုရ၏။
1:10 ဟေဇကိသည် သားမနာရှေကိုရ၏။ မနာရှေသည် သားအာမုန်ကိုရ၏။ အာမုန်သည် သားယောရှိကိုရ၏။
1:11 ဘေဘီလုံသို့ရွှေ့ပြောင်းခြင်းခံရချိန်တွင် ယောရှိသည် သားယေခေါနိနှင့် သူ၏ညီအစ်ကိုများကိုရ၏။
1:12 ဘေဘီလုံသို့ ရွှေ့ပြောင်းခြင်းခံရပြီးနောက် ယေခေါနိသည် သားရှာလသေလကိုရ၏။ ရှာလသေလသည် သားဇေရုဗဗေလကိုရ၏။
1:13 ဇေရုဗဗေလသည် သားအဗျုဒ်ကိုရ၏။ အဗျုဒ်သည် သားဧလျာကိမ်ကိုရ၏။ ဧလျာကိမ်သည် သားအာဇော်ကိုရ၏။
1:14 အာဇော်သည် သားဇာဒုတ်ကိုရ၏။ ဇာဒုတ်သည် သားအာခိမ်ကိုရ၏။ အာခိမ်သည် သားဧလုဒ်ကိုရ၏။
1:15 ဧလုဒ်သည် သားဧလာဇာကိုရ၏။ ဧလာဇာသည် သားမဿန်ကိုရ၏။ မဿန်သည် သားယာကုပ်ကိုရ၏။
1:16 ယာကုပ်သည် မာရိ၏ခင်ပွန်းဖြစ်သူ သားယောသပ်ကိုရ၍ ခရစ်တော်ဟုခေါ်သောယေရှုသည် ထိုမာရိမှမွေးဖွားတော်မူ၏။
1:17 သို့ဖြစ်၍ ဆွေမျိုးအစဉ်အဆက်စုစုပေါင်းကား အာဗြဟံမှ ဒါဝိဒ်အထိ တစ်ဆယ့်လေးဆက်၊ ဒါဝိဒ်မှ ဘေဘီလုံသို့ရွှေ့ပြောင်းခြင်းခံရသည့်အချိန်အထိ တစ်ဆယ့်လေးဆက်၊ ဘေဘီလုံသို့ရွှေ့ပြောင်းခြင်းခံရသည့်အချိန်မှ ခရစ်တော်အထိ တစ်ဆယ့်လေးဆက်ဖြစ်၏။
1:18 ယေရှုခရစ်တော်၏ဖွားမြင်တော်မူခြင်းမှာ ဤသို့ဖြစ်၏။ ကိုယ်တော်၏မယ်တော်မာရိသည် ယောသပ်နှင့်စေ့စပ်ထား၍ ပေါင်းဖက်နေထိုင်ခြင်းမပြုမီ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန္ဓေတည်သည်ကို တွေ့ရ၏။
1:19 သူ၏ခင်ပွန်းယောသပ်သည် ဖြောင့်မတ်သောသူဖြစ်သည်နှင့်အညီ မာရိကို အရှက်မကွဲစေလိုသဖြင့် သူ့ကိုတိတ်တဆိတ်ကွာရှင်းရန် ရည်ရွယ်လေ၏။
1:20 သို့သော် ဤအကြောင်းကို စဉ်းစားဆင်ခြင်နေစဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယောသပ်အား အိပ်မက်ထဲတွင်ထင်ရှား၍ “ဒါဝိဒ်၏သားယောသပ်၊ မာရိအား သင်၏ဇနီးအဖြစ်ယူရမည်ကို မစိုးရိမ်နှင့်။ အကြောင်းမူကား သူ၌တည်နေသောသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်၏။
1:21 သူသည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိ၏လူမျိုးတော်ကို သူတို့၏အပြစ်များမှ ကယ်တင်မည်ဖြစ်သောကြောင့် သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်”ဟု မြွက်ဆိုလေ၏။
1:22 ဤအရာအားလုံးဖြစ်ပျက်သည်မှာ ထာဝရဘုရားက
1:23 “ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟု ခေါ်ကြလိမ့်မည်” ဟု ပရောဖက်အားဖြင့် မိန့်တော်မူသည့်အရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ (ဧမာနွေလ၏အဓိပ္ပာယ်မှာ “ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်”ဟူ၍ ဖြစ်၏။)
1:24 ယောသပ်သည် အိပ်ပျော်ရာမှ နိုးလာသောအခါ သူ့အား ထာဝရဘုရား၏ကောင်းကင်တမန်မိန့်မှာသည့်အတိုင်းပြု၍ မာရိကို မိမိ၏ဇနီးအဖြစ်ယူလေ၏။
1:25 သို့သော် သားယောက်ျား မမွေးဖွားမီတိုင်အောင် မာရိနှင့်မဆက်ဆံဘဲနေ၏ ။ ထိုသား၏အမည်ကိုလည်း ယေရှုဟုမှည့်ခေါ်လေ၏။