Matthew 13
13:1 ထိုနေ့၌ပင် ယေရှုသည် အိမ်မှထွက်၍ ပင်လယ်ကမ်းနားတွင် ထိုင်တော်မူလျှင်
13:2 များစွာသောလူထုပရိသတ်တို့သည် အထံတော်သို့စုဝေးလာကြသဖြင့် ကိုယ်တော်သည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူထုပရိသတ်အပေါင်းတို့မူကား ကမ်းပေါ်တွင် ရပ်နေကြ၏။
13:3 ထိုအခါ ကိုယ်တော်သည် များစွာသောအရာတို့ကို ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ “နားထောင်ကြလော့။ မျိုးကြဲသောသူသည် မျိုးကြဲရန် ထွက်သွားလေ၏။
13:4 ထိုသူမျိုးကြဲစဉ်တွင် အချို့သောမျိုးစေ့တို့သည် လမ်းဘေးတွင်ကျသဖြင့် ငှက်တို့သည်လာ၍ ၎င်းတို့ကို ကောက်စားကြ၏။
13:5 အချို့တို့မူကား မြေနည်း၍ ကျောက်ပေါသောနေရာတွင်ကျသဖြင့် မြေသားပါးသောကြောင့် ချက်ချင်းအပင်ပေါက်လာ၏။
13:6 သို့သော် နေထွက်လာ၍ နေလောင်ဒဏ်ခံရသောအခါ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းခြောက်သွေ့သွားလေ၏။
13:7 အချို့တို့မူကား ဆူးပင်တို့တွင်ကျသဖြင့် ဆူးပင်တို့ကြီးထွားလာ၍ ၎င်းတို့ကို ကာဆီးပိတ်ဆို့ကြ၏။
13:8 အချို့တို့မူကား ကောင်းသောမြေ၌ကျသဖြင့် အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် အသီးသီးလေ၏။
13:9 နား ရှိသောသူသည် ကြားပါစေ” ဟု မိန့်တော်မူ၏။
13:10 ထို့နောက် တပည့်တော်တို့သည် ချဉ်းကပ်လာ၍ “ကိုယ်တော်သည် အဘယ်ကြောင့် သူတို့အား ပုံဥပမာများဖြင့် မြွက်ဆိုတော်မူသနည်း”ဟု မေးလျှောက်ကြ၏။
13:11 ကိုယ်တော်ကလည်း “သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
13:12 အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးသဖြင့် သူသည် ကြွယ်ဝပြည့်စုံလိမ့်မည်။ မရှိသောသူထံမှမူကား သူ၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်။
13:13 ဤအကြောင်းကြောင့် ငါသည် သူတို့အား ပုံဥပမာများဖြင့်မြွက်ဆိုရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မြင်လျက်ပင်မမြင်၊ ကြားလျက်ပင်မကြား၊ နားလည်းမလည်ကြသောကြောင့်ဖြစ်၏။
13:14 ဤသို့ဖြင့် ဟေရှာယ၏ပရောဖက်ပြုဟောပြောချက်သည် သူတို့၌ ပြည့်စုံခြင်းသို့ရောက်လေ၏။ ဟောပြောချက်ကား ‘သင်တို့သည် ကြားလျက်ပင် လုံးဝနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် လုံးဝသတိမမူဘဲ မြင်ကြလိမ့်မည်။
13:15 အကြောင်းမူကား ဤလူတို့၏စိတ်နှလုံးသည် ထုံထိုင်းလျက်၊ နားသည်လည်း လေးလျက်၊ မျက်စိသည်လည်း ပိတ်လျက်ရှိကြ၏။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက် နားဖြင့်ကြားလျက် ၊ စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် ငါသည် သူတို့ကိုကျန်းမာစေရမည်’ ဟူ၍ဖြစ်၏။
13:16 သို့သော် သင်တို့၏မျက်စိသည်မြင်၍ သင်တို့၏နားသည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏။
13:17 သင်တို့အား ငါအမှန်ဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ဖြောင့်မတ်သောသူတို့သည် သင်တို့မြင်နေရသောအရာတို့ကို မြင်ရရန် အလွန်အလိုရှိသော်လည်း မမြင်ခဲ့ရကြပေ။ သင်တို့ကြားနေရသောအရာတို့ကိုကြားရရန် အလွန်အလိုရှိသော်လည်း မကြားခဲ့ရကြပေ။
13:18 ထို့ကြောင့် မျိုးကြဲသောသူ၏ပုံဥပမာကို သင်တို့နားထောင်ကြလော့။
13:19 မည်သူမဆို နိုင်ငံတော်နှင့်ဆိုင်သောတရားစကားကိုကြား၍ နားမလည်ဘဲနေလျှင် မာရ်နတ်သည်လာ၍ သူ၏စိတ်နှလုံးထဲ၌ကြဲထားသောအရာကို လုယူလေ၏။ လမ်းဘေးတွင်ကြဲခြင်းခံရသည်ဆိုသည်မှာ ထိုသို့သောသူကိုဆိုလို၏။
13:20 ကျောက်ပေါများသောနေရာတွင်ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာဖြင့် ချက်ချင်းလက်ခံသောသူကိုဆိုလို၏။
13:21 သို့သော် သူ၌အမြစ်မစွဲသဖြင့် ခဏသာခံ၏။ တရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲခြင်းရောက်လာသောအခါ ချက်ချင်းစိတ်ပျက်သွားလေ၏။
13:22 ဆူးပင်တို့တွင် ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာ၌စိုးရိမ်ပူပန်ခြင်းနှင့် စည်းစိမ်၏လှည့်ဖြားခြင်းတို့က တရားစကားကို ကာဆီးပိတ်ဆို့သဖြင့် အသီးမသီးသောသူကိုဆိုလို၏။
13:23 ကောင်းသောမြေပေါ်၌ ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ နားလည်သောသူကိုဆိုလို၏။ ထိုသို့သောသူသည် အမှန်ပင် အသီးသီး၍ အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် သီးလေ၏” ဟု မိန့်တော်မူ၏။
13:24 ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အား မြွက်ဆိုတော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို မိမိစိုက်ခင်း၌ ကြဲသောသူနှင့်တူ၏။
13:25 သို့သော် လူတို့အိပ်ပျော်နေကြစဉ် သူ၏ရန်သူသည်လာ၍ ဂျုံမျိုးစေ့ကြားတွင် မြက်သီးမျိုးစေ့များကိုကြဲပြီး ထွက်သွားလေ၏။
13:26 အပင်ပေါက်၍ အနှံထွက်လာသောအခါ မြက်သီးပင်များလည်း ထင်ရှားလာကြ၏။
13:27 ထိုအခါ စိုက်ခင်းပိုင်ရှင်၏အစေအပါးတို့သည်လာ၍ ‘သခင်၊ သခင်၏စိုက်ခင်း၌ ကောင်းသောမျိုးစေ့ကို ကြဲခဲ့သည်မဟုတ်လော။ သို့ဖြစ်လျှင် မြက်သီးပင်များသည် အဘယ်ကပေါက်လာသနည်း’ဟု မေးမြန်းကြ၏။
13:28 စိုက်ခင်းပိုင်ရှင်ကလည်း ‘ဤသည်ကား ရန်သူ၏လုပ်ရပ်ဖြစ်၏’ဟု ဆို၏။ ထိုအခါ အစေအပါးတို့က ‘ထိုသို့ဆိုလျှင် အကျွန်ုပ်တို့သွား၍ မြက်သီးပင်တို့ကို နုတ်ယူရမည်လော’ဟု မေးလျှောက်ကြ၏။
13:29 သို့သော် စိုက်ခင်းပိုင်ရှင်က ‘ထိုသို့မပြုနှင့်။ မြက်သီးပင်များကိုနုတ်ယူစဉ် ဂျုံပင်ကိုရောနှော၍ အမြစ်ပါမကျန်ဆွဲနုတ်မိမည်ကို စိုးရိမ်ရ၏။
13:30 ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးစလုံးအတူ ကြီးထွားကြပါစေ။ ရိတ်သိမ်းချိန်၌ ရိတ်သိမ်းသောသူတို့အား “မြက်သီးပင်များကို ဦးစွာနုတ်ယူ၍ ၎င်းတို့ကိုမီးရှို့ရန် အစည်းလိုက်ချည်ထားကြလော့။ ဂျုံဆန်ကိုမူကား ငါ၏ကျီထဲ၌ စုသိမ်းထားကြလော့”ဟု ငါပြောမည် ’ ဟု ဆိုလေ၏” ဟူ၍ မိန့်တော်မူ၏။
13:31 ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အားမြွက်ဆိုတော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ မိမိ၏စိုက်ခင်း၌ ကြဲသောအခါ
13:32 ၎င်းသည် အစေ့တကာတို့ထက် သေးငယ်၏။ သို့သော် ကြီးထွားလာသောအခါတွင်မူ အခြားဟင်းသီးဟင်းရွက်ပင်တို့ထက် ကြီး၍ ၎င်း၏အကိုင်းများတွင် မိုးကောင်းကင်ငှက်တို့သည်လာ၍ အသိုက်ဖွဲ့နေနိုင်လောက်သောအပင်ဖြစ်လာ၏” ဟု မိန့်တော်မူ၏။
13:33 အခြားသောပုံဥပမာကို သူတို့အား မြွက်ဆိုတော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ အမျိုးသမီးတစ်ဦးသည် ၎င်းကိုယူ၍ ဂျုံမှုန့်သုံးစိတ် ထဲတွင်ထည့်လိုက်သော် မုန့်ညက်တစ်ပုံလုံးကိုဖောင်းပွစေ၏” ဟု မိန့်တော်မူ၏။
13:34 ယေရှုသည် ဤအကြောင်းအရာအလုံးစုံတို့ကို ပုံဥပမာများဖြင့် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူ၏။ ပုံဥပမာမပါဘဲ သူတို့အား မြွက်ဆိုတော်မမူ။
13:35 ဤသည်ကား “ငါသည် ပုံဥပမာများဖြင့် ငါ့နှုတ်ကိုဖွင့်လျက် ကမ္ဘာတည်ကတည်းက ကွယ်ဝှက်ထားသောအရာတို့ကို ထုတ်ဖော်ပြောဆိုမည်” ဟု ပရောဖက်အားဖြင့် မိန့်တော်မူသောအရာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
13:36 ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်တို့ကိုထားခဲ့၍ အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာ၍ “စိုက်ခင်းထဲမှ မြက်သီးပင်များပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်ကြ၏။
13:37 ထိုအခါ ကိုယ်တော်က “ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူ့သားဖြစ်ပြီး
13:38 စိုက်ခင်းသည် ဤလောကဖြစ်၏။ ကောင်းသောမျိုးစေ့သည် နိုင်ငံတော်၏သားများဖြစ်ကြ၏။ မြက်သီးပင်များမူကား မာရ်နတ်၏သားများဖြစ်ကြ၏။
13:39 မြက်သီးမျိုးစေ့များကိုကြဲသောရန်သူသည် မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းချိန်မူကား ကပ်ကမ္ဘာကုန်ဆုံးချိန်ဖြစ်၍ ရိတ်သိမ်းသောသူတို့သည် ကောင်းကင်တမန်များဖြစ်ကြ၏။
13:40 သို့ဖြစ်၍ မြက်သီးပင်များကိုနုတ်ယူ၍ မီးရှို့သကဲ့သို့ ကပ်ကမ္ဘာကုန်ဆုံးချိန်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။
13:41 လူ့သားသည် မိမိ၏ကောင်းကင်တမန်များကိုစေလွှတ်သဖြင့် သူတို့သည် မှားယွင်းစေသောအရာများနှင့် တရားမဲ့သောအမှုကိုပြုသောသူများအားလုံးတို့ကို နိုင်ငံတော်မှ နုတ်ယူပြီးလျှင်
13:42 မီးပြင်းဖိုထဲသို့ ပစ်ချကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့် အံကြိတ်ခြင်းရှိလိမ့်မည်။
13:43 ထိုအခါ ဖြောင့်မတ်သောသူတို့သည် သူတို့အဖ၏နိုင်ငံတော်၌ နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်။ နား ရှိသောသူသည် ကြားပါစေ။
13:44 ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသော ဥစ္စာဘဏ္ဍာနှင့်တူ၏။ လူတစ်ဦးသည် ၎င်းကိုတွေ့သောအခါ ပြန်လည်ဝှက်ထားပြီးလျှင် ဝမ်းမြောက်စွာဖြင့်သွား၍ သူ၌ရှိသောအရာအားလုံးကိုရောင်းလျက် ထိုလယ်ကိုဝယ်လေ၏။
13:45 တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ကောင်းသောပုလဲကိုရှာဖွေနေသော ကုန်သည်နှင့်တူ၏။
13:46 သူသည် အလွန်အဖိုးတန်သောပုလဲတစ်လုံးကိုတွေ့သောအခါ သွား၍ သူ၌ရှိသမျှတို့ကိုရောင်းပြီးလျှင် ထိုပုလဲကိုဝယ်လေ၏။
13:47 တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်ထဲ၌ချ၍ ငါးအမျိုးစုံကိုဖမ်းမိသော ပိုက်ကွန်နှင့်တူ၏။
13:48 ငါးနှင့်ပြည့်သောအခါ ထိုပိုက်ကွန်ကို ကမ်းပေါ်သို့ဆွဲတင်ကာ ထိုင်လျက် ကောင်းသောငါးများကို ခြင်းတောင်းထဲသို့ခွဲထည့်၍ မကောင်းသောငါးများကို အပြင်သို့ပစ်လိုက်ကြ၏။
13:49 ကပ်ကမ္ဘာကုန်ဆုံးချိန်၌ ထိုနည်းတူဖြစ်လိမ့်မည်။ ကောင်းကင်တမန်များသည်လာ၍ ဆိုးညစ်သောသူတို့ကို ဖြောင့်မတ်သောသူတို့ထဲမှ သီးခြားခွဲထားကာ
13:50 မီးပြင်းဖိုထဲသို့ ပစ်ချကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်။
13:51 ဤအရာအားလုံးကို သင်တို့နားလည်ကြသလော” ဟု မေးတော်မူ၏။ တပည့်တော်တို့က “နားလည်ပါ၏ ”ဟု ပြန်လျှောက်ကြ၏။
13:52 ကိုယ်တော်ကလည်း “သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏တပည့်ဖြစ်လာသော ကျမ်းပြုဆရာတိုင်းသည် မိမိ၏ဘဏ္ဍာတိုက်ထဲမှ ဥစ္စာဘဏ္ဍာအသစ်နှင့်အဟောင်းတို့ကို ထုတ်ယူသောအိမ်ရှင်နှင့်တူ၏” ဟု မိန့်တော်မူ၏။
13:53 ယေရှုသည် ဤပုံဥပမာများကို မြွက်ဆိုတော်မူပြီးသောအခါ ထိုအရပ်မှ ထွက်ခွာတော်မူ၏။
13:54 ထို့နောက် ကိုယ်တော်သည် မိမိ၏နေရင်းမြို့သို့ကြွ၍ ဝတ်ပြုစည်းဝေးကျောင်း ၌ လူတို့ကိုသွန်သင်တော်မူ၏။ ထိုအခါ လူတို့သည် အံ့အားသင့်လျက် “ဤသူသည် ဤဉာဏ်ပညာနှင့်တန်ခိုးများကို အဘယ်ကရသနည်း။
13:55 ဤသူသည် လက်သမား၏သားမဟုတ်လော။ သူ၏မိခင်သည် မာရိဖြစ်ပြီး သူ၏ညီများသည် ယာကုပ်၊ ယောသပ် ၊ ရှိမုန်နှင့် ယုဒတို့ဖြစ်ကြသည်မဟုတ်လော။
13:56 သူ၏နှမအားလုံးသည်လည်း ငါတို့နှင့်အတူရှိကြသည်မဟုတ်လော။ သို့ဖြစ်လျှင် ဤသူသည် ဤအရာအလုံးစုံတို့ကို အဘယ်ကရသနည်း”ဟု ပြောဆိုကြကာ
13:57 ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကြ၏။ ယေရှုကလည်း “ပရောဖက်သည် မိမိ၏နေရင်းမြို့နှင့် မိမိ၏အိမ်တို့မှတစ်ပါး မည်သည့်အရပ်၌မျှ ဂုဏ်သရေမဲ့သည်ဟူ၍မရှိ” ဟု မိန့်တော်မူ၏။
13:58 ကိုယ်တော်သည် သူတို့၏မယုံကြည်မှုကြောင့် ထိုနေရာ၌ များစွာသောတန်ခိုးလက္ခဏာတို့ကို ပြုတော်မမူခဲ့ပေ။