Matthew 24
24:1 ယေရှုသည် ဗိမာန်တော်မှ ထွက်ခွာသွားတော်မူစဉ် တပည့်တော်တို့သည် ချဉ်းကပ်လာ၍ ကိုယ်တော်အား ဗိမာန်တော်အဆောက်အအုံများကိုပြကြ၏။
24:2 ကိုယ်တော် ကလည်း “ဤအရာအားလုံးကို သင်တို့မြင်ကြသည်မဟုတ်လော။ သင်တို့အား ငါအမှန်ဆိုမည်။ ဤနေရာ၌ ကျောက်တုံးတစ်တုံးသည် ဖြိုချမခံရဘဲ အခြားကျောက်တုံးတစ်တုံးပေါ်၌ ကျန်ရစ်ခဲ့သည်ဟူ၍ လုံးဝရှိလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
24:3 ထို့နောက် သံလွင်တောင်ပေါ်၌ ကိုယ်တော်ထိုင်နေတော်မူစဉ် တပည့်တော်တို့သည် သူတို့ချည်းသာ အထံတော်သို့ချဉ်းကပ်လာ၍ “ထိုအရာများသည် မည်သည့်အချိန်၌ဖြစ်ပျက်မည်ကိုလည်းကောင်း၊ ကိုယ်တော်ကြွလာတော်မူချိန်နှင့် ကပ်ကမ္ဘာကုန်ဆုံးချိန်တို့၌ မည်သည့်အတိတ်နိမိတ်ဖြစ်ပေါ်မည်ကိုလည်းကောင်း အကျွန်ုပ်တို့အား မိန့်တော်မူပါ”ဟု လျှောက်ကြ၏။
24:4 ယေရှုကလည်း “မည်သူမျှ သင်တို့ကိုမလှည့်ဖြားစေရန် သတိပြုကြလော့။
24:5 အကြောင်းမူကား များစွာသောသူတို့သည် ငါ၏နာမကိုခံယူသုံးစွဲ၍ ရောက်လာကာ ‘ငါသည်ခရစ်တော်ဖြစ်၏’ဟု ဆိုကြပြီး လူအမြောက်အမြားတို့ကို လှည့်ဖြားကြလိမ့်မည် ။
24:6 စစ်ပွဲများအကြောင်းနှင့် စစ်မက်သတင်းတို့ကိုလည်း သင်တို့ကြားကြလိမ့်မည်။ သတိပြုလျက် စိုးရိမ်ထိတ်လန့်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ထိုအရာများသည်ဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည်မရောက်သေး။
24:7 လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ အရပ်ရပ်တို့၌ ငတ်မွတ်ခေါင်းပါးခြင်း နှင့် ငလျင်လှုပ်ခြင်းများဖြစ်ကြလိမ့်မည်။
24:8 ဤအရာအားလုံးတို့သည် သားဖွားခြင်းဝေဒနာ၏အစဖြစ်၏။
24:9 ထို့နောက် လူတို့သည် သင်တို့ကိုနှိပ်စက်ရန် အပ်နှံ၍ သင်တို့ကို သတ်ဖြတ်ကြလိမ့်မည်။ သင်တို့သည် ငါ့နာမကြောင့် လူမျိုးတကာတို့၏မုန်းတီးခြင်းကို ခံရကြလိမ့်မည်။
24:10 ထိုကာလ၌ များစွာသောလူတို့သည် စိတ်ပျက်ကြ၍ အချင်းချင်းအပ်နှံလျက် အချင်းချင်းမုန်းတီးကြလိမ့်မည်။
24:11 များစွာသောပရောဖက်အတုအယောင်တို့သည် ပေါ်လာ၍ လူအမြောက်အမြားတို့ကို လှည့်ဖြားကြလိမ့်မည်။
24:12 တရားမဲ့ခြင်းသည်လည်း များပြားလာသဖြင့် များစွာသောလူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။
24:13 သို့သော် အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
24:14 နိုင်ငံတော်နှင့်ဆိုင်သည့် ဤကောင်းမြတ်သောသတင်းကိုလည်း လူမျိုးတကာတို့ထံသက်သေဖြစ်မည့်အကြောင်း ကမ္ဘာတစ်ဝန်းလုံး၌ ဟောပြောကြလိမ့်မည်။ ထို့နောက်မှ အဆုံးသည်ရောက်လာလိမ့်မည်။
24:15 ထို့ကြောင့် ပရောဖက်ဒံယေလအားဖြင့် မိန့်တော်မူခဲ့သည့် ပျက်စီးဆိတ်သုဉ်းခြင်းနှင့်ဆိုင်သောရွံရှာဖွယ်အရာ သည် သန့်ရှင်းသောနေရာ၌ ရပ်နေသည်ကို သင်တို့မြင်ကြသောအခါ (ဖတ်သောသူနားလည်ပါစေ)
24:16 ယုဒနယ်၌ရှိသောသူတို့သည် တောင်များပေါ်သို့ ထွက်ပြေးကြစေ။
24:17 လေသာဆောင်ပေါ်၌ရှိသောသူသည် မိမိအိမ်ထဲမှ ပစ္စည်းများကိုယူရန် အောက်သို့မဆင်းစေနှင့်။
24:18 လယ်၌ရှိသောသူသည်လည်း မိမိ၏ဝတ်ရုံကိုယူရန် နောက်သို့ပြန်မလှည့်စေနှင့်။
24:19 ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။
24:20 သင်တို့ထွက်ပြေးရမည့်အချိန်သည် ဆောင်းရာသီနှင့်ဥပုသ်နေ့တို့မဖြစ်စေရန် ဆုတောင်းကြလော့။
24:21 အကြောင်းမူကား ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်တွင်လည်း လုံးဝဖြစ်မည်မဟုတ်သော ကြီးမားသည့် ဆင်းရဲဒုက္ခမျိုးသည် ထိုကာလ၌ ကျရောက်လိမ့်မည်။
24:22 ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူလိမ့်မည်။
24:23 ထိုအခါ တစ်စုံတစ်ယောက်က သင်တို့အား ‘ကြည့်လော့။ ခရစ်တော်သည် ဤအရပ်၌ရှိ၏’ သို့မဟုတ် ‘ထိုအရပ်၌ရှိ၏’ဟု ဆိုလျှင်လည်း မယုံကြနှင့်။
24:24 အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင် လှည့်ဖြားရန် ကြီးမားသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို ပြုကြလိမ့်မည်။
24:25 နားထောင်ကြလော့။ သင်တို့အား ငါကြိုတင်ပြောထားပြီ။
24:26 ထို့ကြောင့် လူတို့က ‘ကြည့်လော့။ ကိုယ်တော်သည် တောကန္တာရ၌ရှိသည်’ဟု ပြောလျှင်လည်း ထွက်မသွားကြနှင့်။ ‘ကြည့်လော့။ အိမ်အတွင်းခန်းထဲ၌ရှိသည်’ဟု ပြောလျှင်လည်း မယုံကြနှင့်။
24:27 အကြောင်းမူကား လျှပ်စီးသည် အရှေ့အရပ်မှလက်ပြီး အနောက်အရပ်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူ့သား၏ကြွလာခြင်းသည်လည်း ထိုနည်းတူဖြစ်လိမ့်မည်။
24:28 အသေကောင်ရှိရာအရပ်၌ လင်းတတို့သည် စုဝေးကြလိမ့်မည်။
24:29 ထိုနေ့ရက်တို့၏ဆင်းရဲဒုက္ခပြီးဆုံးသည်နှင့် ချက်ချင်းပင် နေသည် မှောင်မည်းသွား၍ လသည်လည်း မိမိ၏အလင်းရောင်ကိုမပေးဘဲနေလိမ့်မည်။ ကြယ်တို့သည်လည်း ကောင်းကင်မှကြွေကျကာ အာကာသကောင်းကင်၏စွမ်းအားတို့သည် တုန်လှုပ်ကြလိမ့်မည်။
24:30 ထို့နောက် လူ့သား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ ထိုအခါ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးတို့သည် ရင်ဘတ်စည်တီးလျက် မြည်တမ်းကာ လူ့သားသည် တန်ခိုးနှင့်ကြီးမားသောဘုန်းအသရေတို့ဖြင့် ကောင်းကင်မှ မိုးတိမ်များစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။
24:31 ထို့နောက် လူ့သားသည် ကျယ်လောင်သောတံပိုးမှုတ်သံနှင့်အတူ မိမိ၏ကောင်းကင်တမန်တို့ကိုစေလွှတ်သဖြင့် သူတို့သည် ကိုယ်တော်ရွေးကောက်ထားသောသူတို့ကို ကောင်းကင်အစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်တိုင်အောင် အရပ်လေးမျက်နှာမှ စုစည်းကြလိမ့်မည်။
24:32 သဖန်းပင်မှ ပုံဥပမာကို သင်ယူကြလော့။ ၎င်း၏အကိုင်းအခက်သည်နုလာပြီး အရွက်များထွက်လာသောအခါ နွေရာသီနီးပြီဖြစ်ကြောင်း သင်တို့သိကြ၏။
24:33 ထိုနည်းတူ သင်တို့သည်လည်း ဤအရာအားလုံးကိုမြင်ရသောအခါ လူ့သားသည် တံခါးဝအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိမှတ်ကြလော့။
24:34 သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာအားလုံးမဖြစ်ပျက်မီတိုင်အောင် ဤမျိုးဆက်သည် မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။
24:35 ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။
24:36 ထိုနေ့ရက်၊ ထိုအချိန်နာရီနှင့်ပတ်သက်၍မူကား ခမည်းတော်တစ်ပါးတည်းမှလွဲ၍ မည်သူမျှမသိ။ ကောင်းကင်ဘုံရှိကောင်းကင်တမန်များလည်းမသိ။ သားတော်လည်းမသိ ။
24:37 လူ့သား၏ကြွလာခြင်းသည် နောဧ၏နေ့ရက်များကဲ့သို့ဖြစ်လိမ့်မည်။
24:38 မည်သို့နည်းဟူမူကား ရေမလွှမ်းမိုးမီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍
24:39 ရေလွှမ်းမိုးခြင်းရောက်လာပြီး သူတို့အားလုံးကို ဖယ်ရှားသုတ်သင်သည့်တိုင်အောင် သတိကင်းမဲ့လျက်နေကြ၏ ။ လူ့သားကြွလာသောအခါ၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။
24:40 ထိုအခါ လယ်၌ရှိသောလူနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။
24:41 ကြိတ်ဆုံကြိတ်နေသော အမျိုးသမီးနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။
24:42 သို့ဖြစ်၍ သတိနှင့်စောင့်နေကြလော့။ သင်တို့သခင်သည် မည်သည့်နေ့ရက်၌ ကြွလာမည်ကို သင်တို့မသိကြ။
24:43 အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကိုသိထားလျှင် သတိနှင့်စောင့်နေလျက် မိမိအိမ်ကိုဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်း သိမှတ်ကြလော့။
24:44 ထို့ကြောင့် လူ့သားသည် သင်တို့မထင်မှတ်သောအချိန်၌ ကြွလာမည်ဖြစ်၍ သင်တို့သည်လည်း အသင့်ရှိနေကြလော့။
24:45 မိမိ၏အိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာကိုစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးကား မည်သူနည်း။
24:46 မိမိသခင်ပြန်လာသောအခါ ထိုအတိုင်းဆောင်ရွက်နေသည်ကို သခင်တွေ့ရသောအစေအပါးသည် မင်္ဂလာရှိ၏။
24:47 သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ဥစ္စာပစ္စည်းရှိသမျှကိုထိန်းသိမ်းစောင့်ရှောက်ရန် သူ့ကိုခန့်ထားလိမ့်မည်။
24:48 သို့သော် ဆိုးယုတ်သောအစေအပါးသည် မိမိ၏စိတ်ထဲ၌ ‘ငါ့သခင်ကြန့်ကြာ နေ၏’ဟု ဆိုလျက်
24:49 အစေအပါးချင်းတို့ကို ရိုက်နှက်ကာ ယစ်မူးသောသူများနှင့်အတူ စားသောက်လျက်နေလျှင်
24:50 ထိုအစေအပါး၏သခင်သည် သူမျှော်လင့်မထားသောနေ့၊ သူမသိသောအချိန်တွင်ရောက်လာ၍
24:51 သူ့ကို ပြင်းစွာပြစ်ဒဏ်ပေး ကာ သူတော်ကောင်းယောင်ဆောင်သောသူတို့နှင့်အတူ နေရာချထားလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်။