Matthew 27
27:1 မိုးလင်းချိန်ရောက်သောအခါ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးအားလုံးတို့သည် ယေရှုကိုသေဒဏ်ချမှတ်နိုင်ရန် တိုင်ပင်ဆွေးနွေးကြ၏။
27:2 ထို့နောက် ကိုယ်တော်ကိုချည်နှောင်လျက် ခေါ်ဆောင်သွားကာ ဘုရင်ခံပိလတ် မင်းထံ အပ်နှံကြ၏။
27:3 ကိုယ်တော်ကိုအပ်နှံသောယုဒသည် ကိုယ်တော်ပြစ်ဒဏ်စီရင်ခြင်းခံရကြောင်းတွေ့မြင်လျှင် စိတ်မကောင်းဖြစ်ကာ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများထံ ငွေဒင်္ဂါးသုံးဆယ်ကိုပြန်ပေးလျက်
27:4 “အကျွန်ုပ်သည် အပြစ်ကင်းသောသူ၏သွေးကိုအပ်နှံပြီး အပြစ်ပြုမိပါပြီ”ဟု ဆို၏။ သို့သော် ထိုသူတို့က “ငါတို့နှင့် မည်သို့ဆိုင်သနည်း။ ကိုယ့်အမှုကို ကိုယ်ဖြေရှင်းလော့”ဟု ဆိုကြ၏။
27:5 ထိုအခါ သူသည် ထိုငွေကို ဗိမာန်တော်ထဲ၌ပစ်ချပြီး ထွက်သွားလေ၏။ ထို့နောက် အခြားသို့သွား၍ ကြိုးဆွဲချသေလေ၏။
27:6 ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ထိုငွေများကိုယူ၍ “သွေးဖိုးငွေဖြစ်သောကြောင့် ဘဏ္ဍာတိုက်ထဲသို့မသွင်းအပ်”ဟု ဆိုလျက်
27:7 တိုင်ပင်ဆွေးနွေးကြပြီးမှ သူစိမ်းဧည့်သည်တို့၏သင်္ချိုင်းအတွက် အိုးထိန်းသည်၏မြေယာကို ထိုငွေဖြင့်ဝယ်ယူကြ၏။
27:8 ထို့ကြောင့် ထိုမြေယာကို ယနေ့တိုင်အောင် သွေးမြေဟုခေါ်တွင်ကြ၏။
27:9 ထိုအခါ “သူတို့သည် တန်ဖိုးဖြတ်ခြင်းခံရသောသူ၏အဖိုးငွေတည်းဟူသော အစ္စရေးအမျိုးသားတို့တန်ဖိုးဖြတ်ထားသည့် ငွေဒင်္ဂါးသုံးဆယ်ကိုယူ၍ အကျွန်ုပ်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အိုးထိန်းသည်၏မြေယာအတွက် ထိုငွေတို့ကိုပေးကြ၏” ဟု ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူခဲ့သောအရာသည် ပြည့်စုံခြင်းသို့ရောက်လေ၏။
27:11 ယေရှုသည် ဘုရင်ခံရှေ့၌ ရပ်တော်မူရာ ဘုရင်ခံက “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု မေးလေ၏။ ယေရှုကလည်း “သင်ပြောသည့်အတိုင်းပေတည်း” ဟု မိန့်တော်မူ၏။
27:12 သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများ၏စွပ်စွဲခြင်းကိုခံရသောအခါ ကိုယ်တော်သည် တစ်စုံတစ်ခုကိုမျှ ပြန်၍ဖြေတော်မမူ။
27:13 ထိုအခါ ပိလတ်မင်းသည် ကိုယ်တော်အား “သူတို့သည် သင့်တစ်ဖက်၌ မည်မျှလောက်သက်သေခံကြသည်ကို သင်မကြားသလော”ဟု ဆို၏။
27:14 သို့သော် ကိုယ်တော်သည် စကားတစ်ခွန်းကိုမျှ ပြန်၍မိန့်တော်မမူဘဲနေသဖြင့် ဘုရင်ခံသည် အလွန်အံ့ဩလေ၏။
27:15 ဘုရင်ခံသည် ထိုပွဲတော်တွင် လူထုအတွက် သူတို့အလိုရှိသည့်အကျဉ်းသားတစ်ဦးကို လွှတ်ပေးလေ့ရှိ၏။
27:16 ထိုအချိန်တွင် ဗာရဗ္ဗ ဟုခေါ်သည့် ထင်ပေါ်ကျော်ကြားသော အကျဉ်းသားတစ်ယောက်ရှိ၏။
27:17 သို့ဖြစ်၍ လူတို့စုဝေးကြသောအခါ ပိလတ်မင်းက “သင်တို့အတွက် မည်သူ့ကိုလွှတ်ပေးစေလိုသနည်း။ ဗာရဗ္ဗ လော၊ သို့မဟုတ် ခရစ်တော်ဟုခေါ်သော ယေရှုလော”ဟု သူတို့အားမေးလေ၏။
27:18 ထိုသို့မေးခြင်းမှာ သူတို့သည် မလိုမုန်းထားစိတ်ဖြင့် ယေရှုကိုအပ်နှံကြကြောင်း ပိလတ်မင်းသိသောကြောင့်ဖြစ်၏။
27:19 ပိလတ်မင်းသည် တရားပလ္လင်ပေါ်၌ ထိုင်နေစဉ် သူ၏ဇနီးသည်သည် သူ့ထံသို့လူလွှတ်၍ “သင်သည် ထိုဖြောင့်မတ်သောသူနှင့် မည်သို့မျှ မပတ်သက်စေပါနှင့်။ အကြောင်းမူကား ထိုသူကြောင့် ယနေ့ ကျွန်မသည် အိပ်မက်ထဲ၌ စိတ်ဒုက္ခများစွာရောက်ရပါ၏”ဟု မှာလိုက်လေ၏။
27:20 ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများသည် လူထုပရိသတ်အား ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုမူကား အဆုံးစီရင်စေရန် စည်းရုံးကြ၏။
27:21 တစ်ဖန် ဘုရင်ခံက “ဤသူနှစ်ယောက်တို့တွင် သင်တို့အတွက် မည်သူ့ကိုလွှတ်ပေးစေလိုသနည်း”ဟု မေးသောအခါ သူတို့က “ဗာရဗ္ဗ”ဟု ဆိုကြ၏။
27:22 ပိလတ်မင်းက “သို့ဖြစ်လျှင် ခရစ်တော်ဟုခေါ်သောယေရှုကို မည်သို့ပြုရမည်နည်း”ဟု မေးပြန်သော် သူတို့အားလုံးက “လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ဆိုကြ၏။
27:23 ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်မကောင်းမှုကိုပြုခဲ့သနည်း”ဟု ပြန်မေးသော်လည်း သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပို၍အော်ဟစ်ကြ၏။
27:24 ထိုအခါ ပိလတ်မင်းသည် မည်သည့်အကျိုးမျှမရှိဘဲ ရုန်းရင်းဆန်ခတ်သာဖြစ်လာသည်ကိုမြင်၍ လူထုပရိသတ်ရှေ့တွင် ရေကိုယူပြီး လက်ကိုဆေးကာ “ဤသူ ၏သွေးနှင့် ငါကင်းရှင်း၏။ သင်တို့အမှုကို သင်တို့ဖြေရှင်းရမည်”ဟု ဆို၏။
27:25 လူအပေါင်းတို့ကလည်း “သူ၏သွေးသည် ငါတို့နှင့်ငါတို့၏သားသမီးများအပေါ် ကျရောက်ပါစေ”ဟု ပြန်ပြောကြ၏။
27:26 ထိုအခါ ပိလတ်မင်းသည် သူတို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးလေ၏။ ယေရှုကိုမူကား ကျာပွတ်ဖြင့်ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံလိုက်လေ၏။
27:27 ထို့နောက် ဘုရင်ခံ၏စစ်သားများသည် ယေရှုကို ရုံးတော်အတွင်းသို့ခေါ်ဆောင်သွား၍ တပ်ဖွဲ့တစ်ဖွဲ့လုံးကို ကိုယ်တော်ထံစုဝေးစေကာ
27:28 ကိုယ်တော်၏အဝတ်ကိုချွတ်ပြီး နီမြန်းသောဝတ်လုံကို ကိုယ်တော်အားခြုံစေကြ၏။
27:29 ဆူးပင်ကိုလည်းသရဖူအဖြစ်ရစ်ခွေပြီး ကိုယ်တော်၏ဦးခေါင်းပေါ်၌ ဆောင်းစေ၍ ကျူရိုးတစ်ချောင်းကို လက်ယာလက်ဖြင့် ကိုင်စေပြီးလျှင် ကိုယ်တော်၏ရှေ့၌ဒူးထောက်လျက် “ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေသော”ဟု ပြောင်လှောင်ပြောဆိုကြ၏။
27:30 ထို့နောက် ကိုယ်တော်ကို တံတွေးနှင့်ထွေး၍ ကျူရိုးကိုယူပြီးလျှင် ကိုယ်တော်၏ဦးခေါင်းကိုရိုက်ကြ၏။
27:31 ထိုသို့ ကိုယ်တော်ကို ပြောင်လှောင်ကြပြီးနောက် နီမြန်းသောဝတ်လုံကိုချွတ်၍ ကိုယ်တော်၏အဝတ်ကို ပြန်ဝတ်စေပြီးလျှင် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
27:32 သူတို့ထွက်သွားကြစဉ် ရှိမုန်အမည်ရှိသော ကုရေနေမြို့သားတစ်ဦးကိုတွေ့သဖြင့် ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို သူ့အား အတင်းအကျပ်ထမ်းစေကြ၏။
27:33 ဤသို့ဖြင့် ဦးခေါင်းခွံ အရပ်ဟုခေါ်ဝေါ်သော ဂေါလဂေါသအမည်တွင်သည့်အရပ်သို့ ရောက်ကြလျှင်
27:34 သူတို့သည် ကိုယ်တော်အား ဆေးခါးနှင့်ရောထားသောစပျစ်ဝိုင် ကို တိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်း၍ သောက်လိုသောစိတ်ရှိတော်မမူချေ။
27:35 ထိုအခါ သူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ ခွဲဝေကြ၏။
27:36 ထို့နောက် ထိုနေရာ၌ ထိုင်လျက် ကိုယ်တော်ကို စောင့်ကြည့်ကြ၏။
27:37 ကိုယ်တော်၏ဦးခေါင်းတော်အထက်၌ကား “ဤသူသည် ဂျူးလူမျိုးတို့၏ဘုရင် ယေရှုဖြစ်၏”ဟု ရေးထားသည့် ကိုယ်တော်အပေါ်တင်သောစွဲချက်ကို တပ်ထားကြ၏။
27:38 ဓားပြနှစ်ယောက်တို့ကိုလည်း ကိုယ်တော်နှင့်အတူ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။
27:39 ဖြတ်သန်းသွားလာသောသူတို့သည် မိမိတို့ခေါင်းကိုခါယမ်းလျက်
27:40 “ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်းတည်ဆောက်မည့်သူ၊ သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် သင့်ကိုယ်သင်ကယ်တင်ပြီး လက်ဝါးကပ်တိုင်ပေါ်မှဆင်းလာခဲ့လော့”ဟု စော်ကားပြောဆိုကြ၏။
27:41 ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီးအကဲများသည်လည်း ကျမ်းပြုဆရာများ၊ သက်ကြီးဝါကြီးများနှင့်အတူ ကိုယ်တော်ကို ပြောင်လှောင်ကြ၍
27:42 “သူသည် သူတစ်ပါးတို့ကိုကယ်တင်ခဲ့သော်လည်း မိမိကိုယ်ကိုမကယ်တင်နိုင်ပါတကား။ အစ္စရေးဘုရင်ဖြစ်လျှင် ယခုပင် လက်ဝါးကပ်တိုင်ပေါ်မှဆင်းလာပါစေ။ ထိုအခါ ငါတို့သည် သူ့ကိုယုံကြည်မည်။
27:43 သူသည် ဘုရားသခင်ကိုယုံကြည်ကိုးစားခဲ့၏။ ဘုရားသခင်အလိုတော်ရှိလျှင် ယခုပင် သူ့ကိုကယ်နုတ်ပါစေ။ အကြောင်းမူကား ‘ငါသည် ဘုရားသခင်၏သားတော်ဖြစ်သည်’ဟူ၍ သူပြောခဲ့၏”ဟု ဆိုကြ၏။
27:44 ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသော ဓားပြတို့သည်လည်း ကိုယ်တော်ကို ထိုနည်းတူကဲ့ရဲ့ပြစ်တင်ကြ၏။
27:45 မွန်းတည့်ချိန် မှစ၍ မွန်းလွဲသုံးနာရီ တိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။
27:46 မွန်းလွဲသုံးနာရီ ခန့်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့် “ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ “အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း” ဟူ၍ ဖြစ်၏။
27:47 ထိုအရပ်၌ ရပ်နေသောသူအချို့တို့သည်ကြားလျှင် “ဤသူသည် ဧလိယကိုခေါ်နေသည်”ဟု ဆိုကြ၏။
27:48 ထိုအခါ သူတို့အထဲမှ တစ်ယောက်သည် ချက်ချင်းပြေးသွား၍ ရေမြှုပ်ကိုယူကာ ဝိုင်ချဉ်နှင့်ပြည့်စေပြီးလျှင် ၎င်းကိုကျူရိုးပေါ်တပ်လျက် ကိုယ်တော်အားသောက်စေ၏။
27:49 သို့သော် အခြားသောသူတို့က “ရှိပါလေစေ။ ဧလိယသည် သူ့ကိုကယ်တင်ရန် လာမည်မလာမည်ကို ငါတို့ ကြည့်ကြစို့”ဟု ဆိုကြ၏။
27:50 ထို့နောက် ယေရှုသည် နောက်တစ်ဖန် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အသက်ကိုစွန့်တော်မူ၏။
27:51 ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ မြေကြီးသည်လှုပ်၍ ကျောက်များသည် အက်ကွဲလေ၏။
27:52 သင်္ချိုင်းဂူများလည်းပွင့်သဖြင့် အိပ်ပျော်ကြပြီဖြစ်သောသန့်ရှင်းသူများစွာတို့၏ကိုယ်ခန္ဓာသည် ထမြောက်ကြ၏။
27:53 ယေရှုထမြောက်တော်မူပြီးနောက် သူတို့သည် သင်္ချိုင်းဂူများမှထွက်လာ၍ သန့်ရှင်းသောမြို့တော်သို့ဝင်ကာ များစွာသောသူတို့ထံ ထင်ရှားကြ၏။
27:54 တပ်မှူးမှစ၍ သူနှင့်အတူ ယေရှုကိုစောင့်ကြည့်နေသောသူတို့သည် ငလျင်လှုပ်ခြင်းနှင့် ဖြစ်ပျက်သောအရာများကိုတွေ့မြင်ကြသောအခါ အလွန်ကြောက်ရွံ့လျက် “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုကြ၏။
27:55 ယေရှုကိုလုပ်ကျွေးပြုစုလျက် ဂါလိလဲနယ်မှ နောက်တော်သို့လိုက်လာသည့် များစွာသောအမျိုးသမီးတို့သည်လည်း ထိုနေရာ၌ရှိ၍ အဝေးမှကြည့်နေကြ၏။
27:56 သူတို့အထဲတွင် မာဂဒလမြို့သူမာရိ၊ ယာကုပ်နှင့်ယောသပ် တို့၏မိခင်ဖြစ်သောမာရိနှင့် ဇေဗေဒဲ၏သားများ၏မိခင်တို့ပါ၏။
27:57 ညနေချမ်းအချိန်ရောက်သောအခါ အရိမသဲမြို့မှ သူဌေးဖြစ်ပြီး ယေရှု၏တပည့်တော်လည်းဖြစ်သော ယောသပ်အမည်ရှိသူတစ်ဦးသည် ရောက်လာ၏။
27:58 သူသည် ပိလတ်မင်းထံသို့သွား၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ထိုအခါ ပိလတ်မင်းသည် အလောင်းတော်ကိုပေးလိုက်ရန် အမိန့်ပေး၏။
27:59 ယောသပ်သည် အလောင်းတော်ကိုယူ၍ ဖြူစင်သောပိတ်ချောဖြင့် ပတ်ရစ်ပြီးလျှင်
27:60 ကျောက်ဆောင်၌ထွင်းထားသော မိမိပိုင်ဆိုင်သည့် သင်္ချိုင်းဂူသစ်ထဲတွင် သွင်းထားလေ၏။ ထို့နောက် ကြီးမားသောကျောက်တုံးကို ဂူဝသို့လှိမ့်ထားပြီးမှ ပြန်သွားလေ၏။
27:61 မာဂဒလမြို့သူမာရိနှင့် အခြားသောမာရိတို့သည်လည်း ထိုနေရာ၌ရှိလျက် သင်္ချိုင်းတော်ရှေ့တွင်ထိုင်နေကြ၏။
27:62 ပြင်ဆင်ရာနေ့အလွန် နောက်တစ်နေ့တွင် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲများသည် ပိလတ်မင်းထံစုဝေးကြလျက်
27:63 “အရှင်၊ ထိုလှည့်ဖြားသောသူအသက်ရှင်စဉ်က ‘ငါသည် သုံးရက်ကြာလျှင် ထမြောက်မည်’ဟု ပြောဆိုခဲ့သည်ကို အကျွန်ုပ်တို့ မှတ်မိပါသည်။
27:64 ထို့ကြောင့် သုံးရက်မြောက်သောနေ့တိုင်အောင် သင်္ချိုင်းဂူကို စောင့်ကြပ်ထားရန် အမိန့်ပေးပါ။ သို့မဟုတ်လျှင် သူ၏တပည့်တို့သည်လာ၍ အလောင်းကိုခိုးယူကာ ‘သူသည် သေသောသူတို့ထဲမှ ထမြောက်ပြီ’ဟု လူတို့အားပြောကြလိမ့်မည်။ ထိုအခါ နောက်လှည့်ဖြားမှုသည် ယခင်လှည့်ဖြားမှုထက် ပို၍ဆိုးပါလိမ့်မည်”ဟု လျှောက်ထားကြ၏။
27:65 ပိလတ်မင်းကလည်း “သင်တို့၌ အစောင့်တပ်သားရှိသည်မဟုတ်လော။ သွား၍ သင်တို့တတ်နိုင်သမျှလုံခြုံအောင် စောင့်ကြပ်စေကြလော့”ဟု ဆိုလေ၏။
27:66 ထိုအခါ သူတို့သည် သွား၍ ကျောက်တုံးကိုတံဆိပ်ခတ်ကာ အစောင့်တပ်သားကိုချထားလျက် သင်္ချိုင်းဂူကိုစောင့်ကြပ်စေကြ၏။