Matthew 5
5:1 ယေရှုသည် လူထုပရိသတ်များကိုမြင်သောအခါ တောင်ပေါ်သို့တက်၍ ထိုင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာကြ၏။
5:2 ထိုအခါ နှုတ်တော်ကိုဖွင့်၍ သူတို့အား သွန်သင်တော်မူသည်မှာ
5:3 “စိတ်ဝိညာဉ်ဆင်းရဲနွမ်းပါးသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံဖြစ်၏။
5:4 ဝမ်းနည်းကြေကွဲသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်းကိုခံစားရကြလိမ့်မည်။
5:5 နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကမ္ဘာမြေကို အမွေဆက်ခံရကြလိမ့်မည်။
5:6 ဖြောင့်မတ်ခြင်းကို ဆာလောင်မွတ်သိပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။
5:7 သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် သနားကြင်နာခြင်းကိုခံရကြလိမ့်မည်။
5:8 စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုမြင်ရကြလိမ့်မည်။
5:9 ငြိမ်းချမ်းမှုကိုဖြစ်စေသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏သားများဟုခေါ်ဝေါ်ခြင်းကိုခံရကြလိမ့်မည်။
5:10 ဖြောင့်မတ်ခြင်းကြောင့် ညှဉ်းဆဲခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံဖြစ်၏။
5:11 ငါ့ကြောင့် လူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင်လျက် ညှဉ်းဆဲကာ မကောင်းသောအရာအမျိုးမျိုးတို့ဖြင့် သင်တို့ကို မဟုတ်မမှန်ဆန့်ကျင်ပြောဆိုကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။
5:12 ဝမ်းမြောက်ရွှင်မြူးကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှပေ၏။ သူတို့သည် သင်တို့ရှေ့က ပရောဖက်များကိုလည်း ထိုနည်းတူညှဉ်းဆဲခဲ့ကြ၏။
5:13 သင်တို့သည် ကမ္ဘာမြေ၏ဆားဖြစ်ကြ၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်ကဲ့သို့ပြန်၍ငန်စေမည်နည်း။ မည်သည့်အရာအတွက်မျှ အသုံးမဝင်တော့သဖြင့် အပြင်သို့ပစ်လိုက်၍ လူတို့၏နင်းချေခြင်းခံရရုံသာရှိပေတော့မည်။
5:14 သင်တို့သည် လောက၏အလင်းဖြစ်ကြ၏။ တောင်ပေါ်၌တည်ရှိသောမြို့ကို ကွယ်ဝှက်၍မရနိုင်။
5:15 ဆီမီးကိုထွန်း၍ တောင်းအောက်၌ထားလေ့မရှိ။ ဆီမီးခုံပေါ်၌သာ ထားကြသဖြင့် ၎င်းသည် အိမ်၌ရှိသောသူအပေါင်းတို့ကို ထွန်းလင်းပေး၏။
5:16 ထိုနည်းတူ လူတို့သည် သင်တို့၏ကောင်းသောအကျင့်များကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖ၏ဘုန်းတော်ကိုချီးမွမ်းကြမည့်အကြောင်း သင်တို့၏အလင်းကို သူတို့ရှေ့၌ထွန်းလင်းစေကြလော့။
5:17 ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများကို ပယ်ဖျက်ရန် ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက်ရန်မဟုတ်ဘဲ ပြည့်စုံစေရန်သာ ငါလာ၏။
5:18 သင်တို့အား ငါအမှန်ဆိုသည်ကား ကောင်းကင်နှင့်မြေကြီးမကွယ်ပျောက်မီတိုင်အောင်၊ အရာအားလုံးမပြည့်စုံမချင်း ပညတ်တရားကျမ်းထဲမှ အသေးဆုံးအက္ခရာ ၊ သို့မဟုတ် ဗိန္ဒု တစ်လုံးမျှကွယ်ပျောက်လိမ့်မည်မဟုတ်။
5:19 ထို့ကြောင့် ဤပညတ်ချက်များထဲမှ အသေးငယ်ဆုံးတစ်ခုကိုဖောက်ဖျက်၍ သူတစ်ပါးကိုလည်း ထိုနည်းတူသွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဟု အခေါ်ခံရလိမ့်မည်။ သို့သော် ၎င်းကိုကျင့်သုံး၍ သွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးမြတ်သောသူဟု အခေါ်ခံရလိမ့်မည်။
5:20 အမှန်စင်စစ် သင်တို့၏ဖြောင့်မတ်ခြင်းသည် ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့ထက်မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်ဟု သင်တို့အား ငါဆို၏။
5:21 ‘လူမသတ်ရ။ မည်သူမဆို လူသတ်လျှင် အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏’ဟု ရှေးလူတို့အားပြောထားသည်ကို သင်တို့ကြားခဲ့ရ၏။
5:22 သို့သော် သင်တို့အား ငါဆိုသည်ကား မိမိညီအစ်ကိုအပေါ် အမျက်ထွက် သောသူတိုင်းသည် အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိညီအစ်ကိုအား ‘အလကားလူ’ဟု ပြောသောသူသည် တရားလွှတ်တော်လက်သို့ အပ်နှံခြင်းခံထိုက်၍ ‘လူမိုက်’ဟု ပြောသောသူသည် ငရဲမီးဒဏ်ကိုခံထိုက်၏။
5:23 ထို့ကြောင့် ယဇ်ပလ္လင်၌ သင်၏ပူဇော်သက္ကာကိုဆက်သမည်ပြုစဉ် သင်၏ညီအစ်ကိုသည် သင့်အား အပြစ်တင်စရာတစ်စုံတစ်ခုရှိကြောင်း သင်သတိရလျှင်
5:24 သင်၏ပူဇော်သက္ကာကို ယဇ်ပလ္လင်ရှေ့တွင်ထားခဲ့ပြီး သင်၏ညီအစ်ကိုထံသို့ ဦးစွာသွား၍ သူနှင့်ပြန်လည်သင့်မြတ်အောင်ပြုလော့။ ထို့နောက်မှ ပြန်လာ၍ သင်၏ပူဇော်သက္ကာကို ဆက်သလော့။
5:25 သင်သည် သင့်ကိုတရားစွဲဆိုသူနှင့်အတူလမ်း၌ရှိစဉ် သူနှင့်သင့်မြတ်အောင် အလျင်အမြန်ပြုလော့။ သို့မဟုတ်ပါက ထိုတရားစွဲဆိုသူသည် သင့်ကို တရားသူကြီးထံအပ်၍ တရားသူကြီးသည် အစောင့်တပ်သားထံအပ်သဖြင့် သင်သည် ထောင်ထဲ၌ ထည့်ထားခြင်းခံရလိမ့်မည်။
5:26 သင့်အား ငါအမှန်ဆိုမည်။ နောက်ဆုံးကွတ်ရန်တေး တစ်ပြားကို သင်ပြန်၍မဆပ်မချင်း ထိုနေရာမှ လုံးဝထွက်ရမည်မဟုတ်။
5:27 ‘အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ’ ဟု ပြောထား သည်ကို သင်တို့ကြားရ၏။
5:28 သို့သော် သင်တို့အား ငါဆိုသည်ကား အမျိုးသမီးတစ်ယောက်ကို ကိလေသာစိတ်နှင့်ကြည့်သောသူတိုင်းသည် သူ၏စိတ်နှလုံးထဲ၌ ထိုအမျိုးသမီးနှင့်ပြစ်မှားလေပြီ။
5:29 သင်၏လက်ယာမျက်စိသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုထုတ်၍လွှင့်ပစ်လော့။ အကြောင်းမူကား သင်၏ကိုယ်အင်္ဂါတစ်ခုဆုံးရှုံးသွားသော်လည်း သင်၏ကိုယ်ခန္ဓာတစ်ခုလုံး ငရဲထဲသို့ပစ်ချခြင်းမခံရပါက သင့်အတွက် သာ၍ကောင်း၏။
5:30 သင်၏လက်ယာလက်သည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုဖြတ်၍ လွှင့်ပစ်လော့။ အကြောင်းမူကား သင်၏ကိုယ်အင်္ဂါတစ်ခုဆုံးရှုံးသွားသော်လည်း သင်၏ကိုယ်ခန္ဓာတစ်ခုလုံး ငရဲသို့မလားရပါက သင့်အတွက် သာ၍ကောင်း၏။
5:31 ‘မိမိမယားကိုကွာရှင်းသောသူသည် ထိုမယားအား ဖြတ်စာကိုပေးစေ’ ဟုလည်း ပြောထား၏။
5:32 သို့သော် သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းအကြောင်းမှလွဲ၍ မိမိမယားကိုကွာရှင်းသောသူတိုင်းသည် ထိုမယားအား အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်စေ၏။ ကွာရှင်းထားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။
5:33 တစ်ဖန် ‘မမှန်မကန်တိုင်တည်ပြောဆိုခြင်းမပြုဘဲ သင်ပြုထားသောကတိသစ္စာများကို ထာဝရဘုရားရှေ့တော်၌ စောင့်ထိန်းရမည်’ ဟု ရှေးလူတို့အားပြောထားသည်ကို သင်တို့ကြားရ၏။
5:34 သို့သော် သင်တို့အား ငါဆိုမည်။ တိုင်တည်ပြောဆိုခြင်းကို လုံးဝမပြုရ။ ကောင်းကင်ကိုတိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား ၎င်းသည် ဘုရားသခင်၏ပလ္လင်တော်ဖြစ်၏။
5:35 မြေကြီးကိုတိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား ၎င်းသည် ကိုယ်တော်၏ခြေတင်ခုံဖြစ်၏။ ဂျေရုဆလင်မြို့ကိုတိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား ၎င်းသည် ကြီးမြတ်သောဘုရင်၏မြို့တော်ဖြစ်၏။
5:36 သင်၏ဦးခေါင်းကို တိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား သင်သည် ဆံပင်တစ်ပင်ကိုမျှ ဖြူအောင်၊ သို့မဟုတ် မည်းအောင်မလုပ်နိုင်။
5:37 သို့ဖြစ်၍ သင်တို့သည် ဟုတ်သည်ကို ‘ဟုတ်ပါ၏’ မဟုတ်သည်ကို ‘မဟုတ်ပါ’ဟူ၍သာ ပြောဆိုကြလော့။ ၎င်းတို့ထက် ပိုသောစကားသည် မကောင်းသောအရာနှင့်စပ်ဆိုင်၏။
5:38 ‘မျက်စိအစား မျက်စိ၊ သွားအစား သွား’ ဟု ပြောထားသည်ကို သင်တို့ကြားရ၏။
5:39 သို့သော် သင်တို့အား ငါဆိုမည်။ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ယာဘက်ပါးကိုရိုက်သောသူအား နောက်တစ်ဖက်ကိုလည်း လှည့်ပေးဦးလော့။
5:40 သင့်ကိုတရားစွဲ၍ သင်၏အင်္ကျီကို ယူလိုသောသူအား ဝတ်ရုံကိုလည်း ယူခွင့်ပေးလော့။
5:41 သင့်ကို ခရီးတစ်မိုင်အတင်းအကျပ်သွားစေသောသူရှိလျှင် ထိုသူနှင့်အတူ နှစ်မိုင်သွားလော့။
5:42 သင့်ထံတောင်းသောသူအား ပေးကမ်းလော့။ သင့်ထံမှ ချေးငှားလိုသောသူကိုလည်း မငြင်းပယ်နှင့်။
5:43 ‘သင့်ဝန်းကျင်၌ရှိသောသူကိုချစ်၍ သင်၏ရန်သူကို မုန်းရမည်’ ဟု ဆိုထားသည်ကို သင်တို့ကြားရ၏။
5:44 သို့သော် သင်တို့အား ငါဆိုမည်။ သင်တို့၏ရန်သူများကိုချစ်၍ သင်တို့ကိုညှဉ်းဆဲသော သူတို့အတွက် ဆုတောင်းပေးကြလော့။
5:45 သို့မှသာ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏သားများဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် မကောင်းသောသူများနှင့်ကောင်းသောသူများအပေါ် မိမိ၏နေကိုထွက်စေတော်မူ၍ ဖြောင့်မတ်သောသူများနှင့်မဖြောင့်မတ်သောသူများအပေါ် မိုးရွာစေတော်မူ၏။
5:46 သင်တို့သည် သင်တို့ကိုချစ်သောသူတို့အားချစ်လျှင် သင်တို့၌ မည်သည့်အကျိုးကျေးဇူးရှိသနည်း။ အခွန်ကောက်ခံသူတို့ပင်လျှင် ထိုနည်းတူပြုကြသည်မဟုတ်လော။
5:47 ထို့ပြင် သင်တို့သည် သင်တို့၏ညီအစ်ကိုများကိုသာ နှုတ်ဆက်လျှင် မည်သည့်သာလွန်ထူးခြားမှုကို ပြုကြသနည်း။ သာသနာပလူမျိုးခြား တို့ပင်လျှင် ထိုသို့ပြုကြသည်မဟုတ်လော။
5:48 သို့ဖြစ်၍ ကောင်းကင်ဘုံရှင် သင်တို့အဖသည် စုံလင်တော်မူသည့်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြရမည်။