Mark 4
4:1 တစ်ဖန် ကိုယ်တော်သည် ပင်လယ်ကမ်းနားတွင် သွန်သင်တော်မူရာ အလွန်များပြားသောလူထုပရိသတ်သည် အထံတော်သို့စုဝေးလာကြသဖြင့် ကိုယ်တော်သည် ပင်လယ်ကမ်းစပ်ရှိလှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူထုပရိသတ်အပေါင်းတို့မူကား ပင်လယ်ကမ်းပေါ်တွင်ရှိနေကြ၏။
4:2 ထိုအခါ ကိုယ်တော်သည် များစွာသောအကြောင်းအရာတို့ကို ပုံဥပမာတို့ဖြင့် သူတို့အား သွန်သင်တော်မူ၏။ ထိုသို့သွန်သင်ရာတွင် ကိုယ်တော်က
4:3 “နားထောင်ကြလော့။ မျိုးကြဲသောသူသည် မျိုးကြဲရန်ထွက်သွားလေ၏။
4:4 ထိုသူမျိုးကြဲစဉ်တွင် အချို့သောမျိုးစေ့သည် လမ်းဘေးတွင်ကျသဖြင့် ငှက် တို့သည် လာ၍ ၎င်းကိုကောက်စားကြ၏။
4:5 အချို့မူကား မြေနည်း၍ ကျောက်ပေါများသောနေရာတွင်ကျသဖြင့် မြေသားပါးသောကြောင့် ချက်ချင်းအပင်ပေါက်လာ၏။
4:6 သို့သော် နေထွက်လာ၍ နေလောင်ဒဏ်ခံရသောအခါ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းခြောက်သွေ့သွားလေ၏။
4:7 အချို့မူကား ဆူးပင်တို့တွင်ကျသဖြင့် ဆူးပင်တို့ကြီးထွားလာ၍ ၎င်းကို ကာဆီးပိတ်ဆို့ကြသောကြောင့် အသီးမသီးချေ။
4:8 အချို့တို့မူကား ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ကြီးထွားကာ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ အသီးသီးလေ၏” ဟု မိန့်တော်မူ၏။
4:9 ထို့နောက် “ကြားစရာနားရှိသောသူသည် ကြားပါစေ” ဟု မိန့်တော်မူ၏။
4:10 ကိုယ်တော်တစ်ပါးတည်းရှိတော်မူသောအခါ ကိုယ်တော်၏နောက်လိုက်နောက်ပါတို့နှင့် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည် ထိုပုံဥပမာများအကြောင်းကို မေးလျှောက်ကြ၏။
4:11 ကိုယ်တော်ကလည်း “သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို သိခွင့်ပေးထား၏။ အပြင်လူတို့အတွက်မူကား အရာရာကို ပုံဥပမာများဖြင့်ဖော်ပြရ၏။
4:12 ဤသည်ကား သူတို့သည် မြင်လျက်ပင် သတိမမူဘဲမြင်၍ ကြားလျက်ပင် နားမလည်ဘဲကြားကြစေရန်ဖြစ်၏။ သို့မဟုတ်လျှင် သူတို့သည် ပြောင်းလဲ၍ ခွင့်လွှတ်ခြင်း ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
4:13 ထို့နောက် ကိုယ်တော်က “ဤပုံဥပမာကိုနားမလည်ကြသလော။ သို့ဖြစ်လျှင် သင်တို့သည် ပုံဥပမာအားလုံးကို မည်ကဲ့သို့နားလည်ကြမည်နည်း။
4:14 မျိုးကြဲသောသူသည် တရားစကားကိုကြဲ၏။
4:15 တရားစကားကိုကြဲသောအခါ လမ်းဘေးတွင် ကြဲခြင်းခံရသည်ဆိုသည်မှာ ဤသို့သောသူတို့ကိုဆိုလို၏။ တရားစကားကိုသူတို့ကြားသောအခါ စာတန်သည်ချက်ချင်းလာ၍ သူတို့၌ ကြဲထားသောတရားစကားကို နုတ်ယူလေ၏။
4:16 ကျောက်ပေါများသောနေရာတွင် ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြားသောအခါ ဝမ်းမြောက်စွာဖြင့် ချက်ချင်းလက်ခံသောသူတို့ကိုဆိုလို၏။
4:17 သို့သော် သူတို့၌အမြစ်မစွဲသဖြင့် ခဏသာခံ၏။ တရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲခြင်းရောက်လာသောအခါ ချက်ချင်းစိတ်ပျက်သွားကြ၏။
4:18 အချို့တို့မူကား ဆူးပင်တို့တွင် ကြဲခြင်းခံရကြ၏။ ဤသည်ကား တရားစကားကိုကြားသော်လည်း
4:19 လောကီရေးရာ၌ စိုးရိမ်ပူပန်ခြင်း၊ စည်းစိမ်၏လှည့်ဖြားခြင်းနှင့် အခြားသောတပ်မက်ခြင်းများဝင်လာ၍ တရားစကားကို ကာဆီးပိတ်ဆို့သဖြင့် အသီးမသီးသောသူတို့ကိုဆိုလို၏။
4:20 ကောင်းသောမြေပေါ်၌ ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ လက်ခံသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ အသီးသီးသောသူတို့ကိုဆိုလို၏” ဟု မိန့်တော်မူ၏။
4:21 တစ်ဖန် ကိုယ်တော်က “ဆီမီးကို တောင်းအောက်၊ သို့မဟုတ် ခုတင်အောက်၌ထားရန် ယူလာလေ့ရှိသလော။ ဆီမီးခုံပေါ်၌ထားရန် ယူလာသည်မဟုတ်လော။
4:22 အကြောင်းမူကား ကွယ်ဝှက်ထားသောအရာများတွင် မထင်ရှားလာမည့်အရာဟူ၍မရှိ။ ဖုံးကွယ်ထားသောအရာများတွင်လည်း မထင်ရှားလာမည့်အရာဟူ၍မရှိ။
4:23 ကြားစရာနားရှိသောသူသည် ကြားပါစေ” ဟု မိန့်တော်မူ၏။
4:24 ထို့နောက် ကိုယ်တော်က “သင်တို့ကြားရသည့်အရာကို သတိပြုကြလော့။ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးကြလိမ့်မည်။ ထို့ပြင် သင်တို့အတွက် ထပ်၍ဖြည့်ပေးကြလိမ့်မည်။
4:25 အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးဦးမည်။ မရှိသောသူထံမှမူကား သူ၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်” ဟု မိန့်တော်မူ၏။
4:26 တစ်ဖန် ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော်သည် မြေပေါ်၌ လူတစ်ဦးမျိုးစေ့ကြဲသည်နှင့်တူ၏။
4:27 သူသည် ညအချိန်နှင့်နေ့အချိန်၌ အိပ်လျက်၊ ထလျက်နေစဉ် မျိုးစေ့သည် အညှောက်ထွက်၍ ကြီးထွားလာ၏။ ၎င်းသည် မည်ကဲ့သို့ကြီးထွားလာသည်ကို ထိုသူမသိ။
4:28 မြေကြီးသည် အလိုအလျောက်အသီးသီးစေလျက် ဦးစွာ အပင်၊ ထို့နောက် အနှံ၊ ထိုမှတစ်ဆင့် အနှံထဲတွင် အောင်သောအဆန်ကိုဖြစ်စေ၏။
4:29 အသီးမှည့်သောအခါ ရိတ်သိမ်းချိန်ရောက်လာသည်ဖြစ်၍ သူသည် ချက်ချင်းတံစဉ်ဖြင့်ရိတ် လေ၏” ဟု မိန့်တော်မူ၏။
4:30 တစ်ဖန် ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော်ကို မည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်နည်း၊ သို့မဟုတ် မည်သည့်ပုံဥပမာဖြင့် ဖော်ပြ ရမည်နည်း။
4:31 ၎င်းသည် မုန်ညင်းနက်စေ့နှင့်တူ၏။ ထိုအစေ့သည် မြေ၌စိုက်သောအခါ မြေကြီးပေါ်ရှိ အစေ့တကာတို့ထက် သေးငယ်၏။
4:32 စိုက်ပြီး ကြီးထွားလာသောအခါတွင်မူ ဟင်းသီးဟင်းရွက်ပင်အားလုံးထက်ကြီး၍ ၎င်း၏အရိပ်အောက်တွင် မိုးကောင်းကင်ငှက်တို့သည် အသိုက်ဖွဲ့နေနိုင်လောက်သော ကြီးမားသည့်အကိုင်းများထွက်လာ၏” ဟု မိန့်တော်မူ၏။
4:33 ကိုယ်တော်သည် ထိုသို့သောပုံဥပမာများစွာတို့ဖြင့် လူတို့ကြားနာနိုင်သည့်အတိုင်း တရားစကားကို သူတို့အား ဟောပြောတော်မူ၏။
4:34 ပုံဥပမာမပါဘဲ သူတို့အား ဟောပြောတော်မမူ။ သို့သော် မိမိတပည့်တော်တို့ကိုမူကား အကြောင်းအရာအားလုံးကို သီးသန့်ရှင်းပြတော်မူ၏။
4:35 ထိုနေ့ ညနေချမ်းအချိန်ရောက်သောအခါ ကိုယ်တော်က “တစ်ဖက်ကမ်းသို့ကူးကြစို့” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
4:36 ထို့ကြောင့် သူတို့သည် လူထုပရိသတ်ကိုချန်ထားခဲ့၍ လှေပေါ်၌ရှိနေသောကိုယ်တော်ကို ခေါ်ဆောင်သွားကြ၏။ အခြားသောလှေများသည်လည်း ကိုယ်တော်နှင့်အတူလိုက်ပါကြ၏။
4:37 ထိုအခါ ပြင်းထန်သောလေမုန်တိုင်းကျရောက်လာ၍ လှိုင်းများသည် လှေကိုရိုက်ခတ်သဖြင့် လှေသည် ရေနှင့်ပြည့်လုနီးပါးဖြစ်လေ၏။
4:38 သို့သော် ကိုယ်တော်သည် လှေပဲ့ပိုင်းတွင် ခေါင်းအုံးအုံးလျက် အိပ်စက်နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကိုနှိုးလျက် “ဆရာ၊ အကျွန်ုပ်တို့သေရတော့မည်ကို ကိုယ်တော်ဂရုမစိုက်ဘဲနေတော်မူသလော”ဟု လျှောက်ကြ၏။
4:39 ထိုအခါ ကိုယ်တော်သည်ထ၍ လေကိုဆုံးမကာ ပင်လယ်အား “တိတ်ဆိတ်ငြိမ်သက်လော့” ဟု မိန့်တော်မူရာ လေသည်ငြိမ်သဖြင့် အလွန်ငြိမ်သက်သာယာသွားလေ၏။
4:40 ထို့နောက် ကိုယ်တော်က “အဘယ်ကြောင့် ကြောက်တတ်သနည်း။ ယခုထိ ယုံကြည်ခြင်းမရှိကြသေးသလော” ဟု သူတို့အား မိန့်တော်မူ၏။
4:41 သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်လျက် “ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ပင်လယ်တို့ပင်လျှင် သူ့ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။