Mark 7
7:1 ထိုအခါ၌ ဖာရိရှဲတို့နှင့် ဂျေရုဆလင်မြို့မှလာသော ကျမ်းပြုဆရာအချို့တို့သည် ကိုယ်တော်ထံသို့စုဝေးကြ၍
7:2 တပည့်တော်အချို့တို့သည် မစင်ကြယ်သောလက်၊ တစ်နည်းဆိုသော် မဆေးထားသောလက်ဖြင့် အစာ စားနေကြသည်ကို တွေ့မြင် ကြ၏။
7:3 (ဖာရိရှဲတို့မှစ၍ ဂျူးလူမျိုးအပေါင်းတို့သည် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းကို ခံယူကျင့်သုံး၍ လက်ကို ကျင့်ထုံးအတိုင်းမဆေးဘဲ အစာစားလေ့မရှိကြ။
7:4 ဈေးအရပ်မှ ပြန်လာသောအခါတွင်လည်း မိမိတို့ကိုယ်ကိုမဆေးကြောဘဲ အစာစားလေ့မရှိကြ။ ထို့ပြင် အိုး၊ ခွက်၊ ကြေးပန်းကန်နှင့် ခုတင်တို့ကို ဆေးကြောခြင်းနှင့်ပတ်သက်၍ သူတို့ခံယူကျင့်သုံးရန် ဆက်ခံထားသော အခြားဓလေ့ထုံးတမ်းများစွာရှိကြ၏။)
7:5 ထိုအခါ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့က “သင်၏တပည့်တို့သည် အဘယ်ကြောင့် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းနှင့်အညီမလိုက်လျှောက်ဘဲ မစင်ကြယ်သော လက်ဖြင့် အစာ စားကြသနည်း”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။
7:6 ကိုယ်တော်ကလည်း “ဟေရှာယသည် သူတော်ကောင်းယောင်ဆောင်သောသူများဖြစ်ကြသော သင်တို့နှင့်ပတ်သက်၍ ပရောဖက်ပြုဟောပြောခဲ့သည်မှာ မှန်လှပေ၏။ ‘ဤလူတို့သည် သူတို့၏နှုတ်ဖြင့် ငါ့ကိုရိုသေကြ၏။ သို့သော် သူတို့၏စိတ်နှလုံးသည် ငါနှင့်ဝေးလှ၏။
7:7 သူတို့သည် လူတို့၏ပညတ်ချက်များကို ဩဝါဒများအဖြစ်သွန်သင်လျက် ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏’ ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း
7:8 သင်တို့သည် ဘုရားသခင်၏ပညတ်တော်ကိုပယ်၍ လူတို့၏ ဓလေ့ထုံးတမ်းကို ခံယူကျင့်သုံးကြ၏” ဟု မိန့်တော်မူ၏။
7:9 တစ်ဖန် သူတို့အား “သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းကိုတည်စေရန် ဘုရားသခင်၏ပညတ်တော်ကို ကောင်းစွာပစ်ပယ်ကြသည်တကား။
7:10 အကြောင်းမူကား မောရှေက ‘သင်၏ဖခင်နှင့်မိခင်တို့ကို ရိုသေလော့။ ဖခင်၊ သို့မဟုတ် မိခင်ကို ပုတ်ခတ်ပြောဆိုသောသူသည် သေဒဏ်ကျခံစေ’ ဟု ဆိုထား၏။
7:11 သို့သော် သင်တို့သည် ‘လူတစ်ဦးက ဖခင်၊ သို့မဟုတ် မိခင်အား “အကျွန်ုပ်ထံမှ သင်တို့ခံစားထိုက်သည့်အရာသည် လှူဖွယ်ဝတ္ထုတည်းဟူသော ကော်ဘန်ဖြစ်ပါပြီ”ဟူ၍ ပြောလျှင် ရ၏’ဟု ဆိုလျက်
7:12 ထိုသူအား ဖခင်၊ သို့မဟုတ် မိခင်အတွက် မည်သည့်အရာကိုမျှ လုပ်ခွင့်မပေးကြတော့ပေ။
7:13 ဤသို့ဖြင့် သင်တို့သည် မိမိတို့ဆက်ခံသောဓလေ့ထုံးတမ်းအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပယ်ဖျက်ကြ၏။ ထိုကဲ့သို့သောအမှုအရာများစွာတို့ကိုလည်း သင်တို့ပြုကြ၏” ဟု မိန့်တော်မူ၏။
7:14 ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်ကို နောက်တစ်ဖန်ခေါ်ပြီးလျှင် “သင်တို့အားလုံး ငါ့စကားကိုနားထောင်၍ နားလည်ကြလော့။
7:15 လူ၏ပြင်ပမှ လူ့အထဲသို့ဝင်၍ လူကိုညစ်ညူးစေနိုင်သောအရာ တစ်စုံတစ်ခုမျှမရှိ။ လူ့အတွင်းမှထွက်လာသောအရာများကသာ လူကိုညစ်ညူးစေကြ၏။
7:16 ကြားစရာနားရှိသောသူသည် ကြားပါစေ ” ဟု မိန့်တော်မူ၏။
7:17 ကိုယ်တော်သည် လူထုပရိသတ်ထံမှထွက်ခွာ၍ အိမ်ထဲသို့ဝင်တော်မူသောအခါ တပည့်တော်တို့သည် ထိုပုံဥပမာအကြောင်းကို ကိုယ်တော်အားမေးလျှောက်ကြ၏။
7:18 ထိုအခါ ကိုယ်တော်က “သင်တို့သည်လည်း ဤမျှလောက် အသိတရားကင်းမဲ့လျက်နေကြသလော။ ပြင်ပမှ လူ့အထဲသို့ဝင်သမျှသောအရာသည် လူကိုမညစ်ညူးစေနိုင်ကြောင်း သင်တို့မသိကြသလော။
7:19 အကြောင်းမူကား ထိုအရာသည် လူ၏စိတ်နှလုံးထဲသို့ ဝင်သည်မဟုတ်။ ဝမ်းထဲသို့ဝင်ပြီးလျှင် ရေအိမ်ထဲသို့ရောက်သွား၏” ဟု မိန့်တော်မူလျက် အစာအားလုံးစင်ကြယ်ကြောင်းဖော်ပြတော်မူ၏။
7:20 တစ်ဖန် ကိုယ်တော်က “လူ့အတွင်းမှထွက်လာသောအရာသည် လူကိုညစ်ညူးစေ၏။
7:21 အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊
7:22 အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း ၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။
7:23 ဤဆိုးညစ်သောအရာအားလုံးတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေ၏” ဟု မိန့်တော်မူ၏။
7:24 ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထ၍ တိုင်ရာမြို့ နှင့်ဆိုင်သောအရပ်ဒေသ သို့ ကြွတော်မူပြီးလျှင် အိမ်တစ်အိမ်သို့ဝင်တော်မူ၏။ မည်သူမျှမသိစေရန် အလိုတော်ရှိသော်လည်း ပုန်းရှောင်၍မနေနိုင်ပေ။
7:25 ညစ်ညူးသောနတ်ပူးနေသည့် သမီးငယ်တစ်ယောက်၏မိခင်သည် ကိုယ်တော်၏အကြောင်းကိုကြားလျှင် ချက်ချင်းလာ၍ ခြေတော်ရင်း၌ပျပ်ဝပ်လျက်
7:26 နတ်ဆိုးကို မိမိသမီးထဲမှ နှင်ထုတ်ပေးပါရန် ကိုယ်တော်အား တောင်းပန်လေ၏။ ထိုအမျိုးသမီးသည် ဆီးရီးယားဖိုနီးရှားနယ်သူ၊ ဂရိလူမျိုးဖြစ်၏။
7:27 ကိုယ်တော် ကလည်း “သားသမီးတို့ကိုဦးစွာ ဝလင်အောင်ကျွေးပါရစေ။ သားသမီးတို့၏အစာ ကိုယူ၍ ခွေးကလေးတို့အားချပေးခြင်းသည် မကောင်းမသင့်ပေ” ဟု မိန့်တော်မူ၏။
7:28 ထိုအမျိုးသမီးကမူ “သခင်ဘုရား၊ စားပွဲအောက်၌ရှိသောခွေးကလေးများပင်လျှင် သားသမီးတို့၏စားနုပ်စားပေါက်များကို စားရကြပါ၏”ဟု ပြန်လျှောက်လေ၏။
7:29 ကိုယ်တော်ကလည်း “ဤစကားကြောင့် သင်ပြန်လော့။ နတ်ဆိုးသည် သင့်သမီးထဲမှ ထွက်သွားလေပြီ” ဟု မိန့်တော်မူ၏။
7:30 ထိုအခါ ထိုအမျိုးသမီးသည် မိမိအိမ်သို့ပြန်သွားရာ သမီးသည် ခုတင်ပေါ်၌လဲလျောင်းနေ၍ နတ်ဆိုးသည် ထွက်သွားပြီဖြစ်ကြောင်း တွေ့ရလေ၏။
7:31 ထို့နောက် ကိုယ်တော်သည် တိုင်ရာမြို့နှင့်ဆိုင်သောအရပ်ဒေသမှ တစ်ဖန်ထွက်ခွာလျက် ဆီဒုန်မြို့ကိုဖြတ်ကာ ဒေကာပေါလိနယ်နှင့်ဆိုင်သောအရပ်ဒေသအလယ်ပိုင်းမှတစ်ဆင့် ဂါလိလဲပင်လယ်သို့ကြွတော်မူ၏။
7:32 ထိုအခါ လူတို့သည် နားမကြား၍ဆွံ့အသောသူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်လာပြီး သူ့အပေါ် လက်တော်တင်ပေးပါရန် ကိုယ်တော်အား တောင်းပန်ကြ၏။
7:33 ကိုယ်တော်သည် ထိုသူတစ်ဦးတည်းကိုသာ လူထုပရိသတ်ထဲမှခေါ်သွား၍ လက်ညှိုးတော်တို့ကို သူ၏နားနှစ်ဖက်ထဲသို့ သွင်းတော်မူ၏။ တစ်ဖန် တံတွေးထွေး၍ သူ၏လျှာကို တံတွေးဖြင့်တို့တော်မူ၏။
7:34 ထို့နောက် မိုးကောင်းကင်သို့မျှော်ကြည့်လျက် သက်ပြင်းချကာ “ဧဖသ” ဟု မိန့်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ “ပွင့်စေ” ဟူ၍ ဖြစ်၏။
7:35 ထိုခဏချင်းတွင် သူ၏နားသည်ပွင့်၍ သူ၏လျှာကြောပြေလျော့ကာ သူသည် ပီသစွာစကားပြောလေ၏။
7:36 ကိုယ်တော်သည် ဤအကြောင်းကို မည်သူ့ကိုမျှမပြောကြရန် သူတို့အား မိန့်မှာတော်မူ၏။ သို့သော် သူတို့ကို ထိုသို့မိန့်မှာတော်မူလေ သူတို့သည် ပို၍ပြောလေဖြစ်၏။
7:37 လူတို့သည် အတိုင်းထက်အလွန်အံ့အားသင့်လျက် “ကိုယ်တော်သည် အလုံးစုံတို့ကို လျောက်ပတ်စွာပြုတော်မူပြီ။ နားမကြားသောသူကို ကြားစေတော်မူ၍ ဆွံ့အသောသူကိုစကားပြောစေတော်မူ၏”ဟု ပြောဆိုကြ၏။