Luke 13
13:1 ထိုအချိန်၌ပင် လူအချို့တို့သည်ရောက်လာ၍ ပိလတ်မင်းသည် ဂါလိလဲနယ်သားအချို့တို့၏သွေးကို သူတို့ပူဇော်သောယဇ်များနှင့်ရောနှောခဲ့ကြောင်း ကိုယ်တော်အားကြားလျှောက်ကြ၏။
13:2 ကိုယ်တော် ကလည်း “ထိုဂါလိလဲနယ်သားတို့သည် ထိုသို့သောဒုက္ခဝေဒနာကိုခံစားကြရသောကြောင့် အခြားဂါလိလဲနယ်သားအားလုံးတို့ထက် အပြစ်များသည်ဟု သင်တို့ထင်ကြသလော။
13:3 ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား သင်တို့အားလုံးသည်လည်း နောင်တမရလျှင် ထိုနည်းတူပျက်စီးကြလိမ့်မည်။
13:4 ထို့ပြင် ရှိလောင်မျှော်စင်ပြိုကျသဖြင့် ပိမိ၍သေဆုံးသောသူတစ်ဆယ့်ရှစ်ယောက်တို့သည် ဂျေရုဆလင်မြို့တွင် နေထိုင်ကြသောအခြားသူအားလုံးတို့ထက် အပြစ်များသည်ဟု သင်တို့ထင်ကြသလော။
13:5 ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား သင်တို့အားလုံးသည်လည်း နောင်တမရလျှင် ထိုနည်းတူပျက်စီးကြလိမ့်မည်” ဟု ပြန်၍မိန့်တော်မူ၏။
13:6 ထို့နောက် ကိုယ်တော်သည် ဤပုံဥပမာကိုပေး၍ မြွက်ဆိုတော်မူသည်မှာ “လူတစ်ဦးတွင် မိမိစပျစ်ခြံထဲ၌စိုက်ထားသော သဖန်းပင်တစ်ပင်ရှိ၏။ သူသည် ထိုအပင်၌ အသီးကိုလာရှာသော်လည်း မတွေ့ရချေ။
13:7 ထိုအခါ သူသည် ဥယျာဉ်မှူးအား ‘ကြည့်လော့။ ငါသည် သုံးနှစ်တိုင်တိုင် ဤသဖန်းပင်မှအသီးကိုလာရှာသော်လည်းမတွေ့ရ။ ဤသဖန်းပင်ကိုခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို အကျိုးမဲ့ဖြစ်စေမည်နည်း’ဟု ဆို၏။
13:8 သို့သော် ဥယျာဉ်မှူးက ‘သခင်၊ ဤအပင်ကို ယခုနှစ်လည်းထားပါဦး။ အပင်ပတ်လည်ကို အကျွန်ုပ်တူးဆွ၍ မြေသြဇာထည့်ပါဦးမည်။
13:9 ထိုသို့ပြုလျှင် နောက်နှစ်တွင် အသီး သီးကောင်းသီးပါလိမ့်မည်။ အကယ်၍ မသီးပါက ခုတ်ပစ်နိုင်ပါသည်’ဟု ပြန်လျှောက်၏” ဟူ၍ မိန့်တော်မူ၏။
13:10 ကိုယ်တော်သည် ဥပုသ်နေ့၌ ဝတ်ပြုစည်းဝေးကျောင်း တစ်ကျောင်းတွင် သွန်သင်လျက်နေတော်မူ၏။
13:11 ထိုအခါ တစ်ဆယ့်ရှစ်နှစ်ပတ်လုံး နာမကျန်းဖြစ်စေသောနတ်ပူးသဖြင့် ခါးကုန်းလျက် လုံးဝတည့်မတ်စွာမရပ်နိုင်သောအမျိုးသမီးတစ်ဦးရှိ၏။
13:12 ယေရှုသည် သူ့ကိုမြင်လျှင် အထံတော်သို့ခေါ်၍ “အချင်းမိန်းမ၊ သင်သည် သင်၏နာမကျန်းဖြစ်ခြင်းမှ လွတ်မြောက်ပြီ” ဟု မိန့်တော်မူပြီးလျှင်
13:13 သူ့အပေါ် လက်တော်ကိုတင်တော်မူ၏။ ထိုခဏချင်းတွင် သူ၏ခါးသည် ပြန်လည်တည့်မတ်သွား၍ သူသည် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလေ၏။
13:14 သို့သော် ဥပုသ်နေ့၌ အနာရောဂါကိုယေရှုငြိမ်းစေတော်မူသောကြောင့် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံသည် စိတ်ဆိုးလျက် “အလုပ်လုပ်ရမည့်နေ့ရက်ခြောက်ရက်ရှိသည်ဖြစ်၍ ထိုနေ့ရက်များ၌လာ၍ ရောဂါငြိမ်းစေခြင်းကိုခံယူကြလော့။ ဥပုသ်နေ့၌မလာကြနှင့်”ဟု လူထုပရိသတ်တို့အားဆို၏။
13:15 သခင်ဘုရားကလည်း “သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့အသီးသီးသည် ဥပုသ်နေ့၌ မိမိတို့နွား၊ သို့မဟုတ် မြည်းကို တင်းကုပ်မှလွှတ်၍ ရေတိုက်ရန်ခေါ်ဆောင်သွားကြသည်မဟုတ်လော။
13:16 သို့ဖြစ်လျှင် တစ်ဆယ့်ရှစ်နှစ်ပတ်လုံး စာတန်ချည်နှောင်ထားသည့် အာဗြဟံ၏သမီးဖြစ်သော ဤသူကို ဥပုသ်နေ့၌ ထိုချည်နှောင်ခြင်းမှ လွတ်စေသင့်သည်မဟုတ်လော” ဟု ပြန်၍မိန့်တော်မူ၏။
13:17 ထိုသို့ ကိုယ်တော်မိန့်တော်မူသောအခါ ကိုယ်တော်ကိုဆန့်ကျင်နေသောသူရှိသမျှတို့သည် အရှက်ရကြ၏။ လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်ပြုတော်မူသည့် ထူးမြတ်သောအမှုအလုံးစုံတို့အတွက် ဝမ်းမြောက်ကြ၏။
13:18 ထို့ကြောင့် ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အရာနှင့်တူသနည်း။ ၎င်းကို မည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်နည်း။
13:19 ၎င်းသည် မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ မိမိဥယျာဉ်ထဲ၌ကြဲသောအခါ ထိုအစေ့သည် အပင်ပေါက်ကြီးထွား၍ အပင်ကြီး ဖြစ်လာကာ မိုးကောင်းကင်ငှက်တို့သည် ၎င်း၏အကိုင်းများတွင် အသိုက်ဖွဲ့၍နေကြ၏” ဟု မိန့်တော်မူ၏။
13:20 တစ်ဖန် ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော်ကို မည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်နည်း။
13:21 ၎င်းသည် တဆေးနှင့်တူ၏။ အမျိုးသမီးတစ်ဦးသည် တဆေးကိုယူ၍ ဂျုံမှုန့်သုံးစိတ် ထဲတွင်ထည့်လိုက်သော် မုန့်ညက်တစ်ပုံလုံးကိုဖောင်းပွစေ၏” ဟု မိန့်တော်မူ၏။
13:22 ထို့နောက် ကိုယ်တော်သည် တစ်မြို့ပြီးတစ်မြို့၊ တစ်ရွာပြီးတစ်ရွာလှည့်လည်၍ သွန်သင်တော်မူရင်း ဂျေရုဆလင်မြို့သို့ခရီးပြုတော်မူ၏။
13:23 ထိုအခါ လူတစ်ဦးက “သခင်၊ ကယ်တင်ခြင်းခံရသူ အနည်းငယ်သာရှိသလော”ဟု မေးလျှောက်၏။ ကိုယ်တော်ကလည်း
13:24 “ကျဉ်းသောတံခါးမှဝင်ရန် ကြိုးစားကြလော့။ အကြောင်းမူကား လူများစွာတို့သည် ဝင်ရန်ရှာကြံကြသော်လည်း မဝင်နိုင်ကြဟု သင်တို့အား ငါဆို၏။
13:25 အိမ်ရှင်သည်ထ၍ တံခါးကိုပိတ်ပြီးမှ သင်တို့သည် အပြင်၌ရပ်၍ တံခါးကိုခေါက်လျက် ‘သခင်၊ အကျွန်ုပ်တို့အားတံခါးဖွင့်ပေးပါ’ဟု ဆိုကြသော်လည်း သခင်က ‘သင်တို့သည် အဘယ်ကလာကြသည်ကို ငါမသိ’ဟု ပြန်၍ဆိုလိမ့်မည်။
13:26 ထိုအခါ သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူစားသောက်ခဲ့ကြပါ၏။ ကိုယ်တော်သည်လည်း အကျွန်ုပ်တို့၏လမ်းမပေါ်တွင် သွန်သင်ပေးခဲ့ပါ၏’ဟု လျှောက်ကြလိမ့်မည်။
13:27 သို့သော် သခင်က ‘သင်တို့သည် အဘယ်ကလာကြသည်ကို ငါမသိ။ မတရားမှုကိုပြုသောသူအပေါင်းတို့၊ ငါ့ထံမှထွက်သွားကြလော့’ဟု သင်တို့အားဆိုလိမ့်မည်။
13:28 ထိုအခါ အာဗြဟံ၊ ဣဇက်၊ ယာကုပ်နှင့် ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲ၌ရှိကြသည်ကို သင်တို့မြင်ရကြသော်လည်း သင်တို့ကိုယ်တိုင်မူကား အပြင်သို့ နှင်ထုတ်ခြင်းခံရသဖြင့် ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိကြလိမ့်မည်။
13:29 တစ်ဖန် လူတို့သည် အရှေ့အရပ်နှင့် အနောက်အရပ်တို့မှလည်းကောင်း၊ တောင်အရပ်နှင့် မြောက်အရပ်တို့မှလည်းကောင်း လာ၍ ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ပွဲ၌ထိုင် ကြလိမ့်မည်။
13:30 အဦးဆုံးဖြစ်မည့် နောက်ဆုံးသောသူများရှိကြ၏။ နောက်ဆုံးဖြစ်မည့် အဦးဆုံးသောသူများလည်းရှိကြ၏” ဟု မိန့်တော်မူ၏။
13:31 ထိုအချိန်၌ ဖာရိရှဲအချို့တို့သည် ကိုယ်တော်ထံသို့လာ၍ “ဟေရုဒ်သည် သင့်ကိုသတ်လိုသည်ဖြစ်၍ ဤအရပ်မှ ထွက်သွားပါ”ဟု လျှောက်ကြ၏။
13:32 ကိုယ်တော်ကလည်း “သွား၍ ထိုမြေခွေးကိုပြောကြလော့။ ငါသည် ယနေ့နှင့်မနက်ဖြန် နတ်ဆိုးတို့ကိုနှင်ထုတ်၍ အနာရောဂါများကိုငြိမ်းစေပြီး သုံးရက်မြောက်သောနေ့၌ အမှုကိုပြီးမြောက်စေမည်။
13:33 သို့ရာတွင် ငါသည် ယနေ့၊ မနက်ဖြန်နှင့် နောက်တစ်နေ့တို့၌ ခရီးသွားရဦးမည်။ အကြောင်းမူကား ပရောဖက်သည် ဂျေရုဆလင်မြို့မှတစ်ပါး အခြားအရပ်၌ သေရသည်ဟူ၍မရှိနိုင်။
13:34 အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာအလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။
13:35 ကြည့်ရှုလော့။ သင်တို့၏အိမ်သည် သင်တို့ထံ၌ စွန့်ပစ်ထားခြင်းခံရလိမ့်မည် ။ သင်တို့အား ငါဆိုသည်ကား ‘ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း’ဟု သင်တို့ပြောသည့်အချိန်မရောက်မီတိုင်အောင် သင်တို့သည် ငါ့ကိုလုံးဝမြင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။