Luke 2
2:1 ထိုနေ့ရက်များ၌ ဩဂုတ္တုဆီဇာသည် လက်အောက်ခံနိုင်ငံအားလုံးတွင် သန်းခေါင်စာရင်းကောက်ယူရန် အမိန့်ထုတ်ပြန်လေ၏။
2:2 ဤသည်ကား ကုရေနိမင်းသည် ဆီးရီးယားပြည်၏ဘုရင်ခံဖြစ်စဉ်တွင် ပထမအကြိမ်သန်းခေါင်စာရင်းကောက်ယူခြင်းဖြစ်၏။
2:3 ထိုအခါ လူအပေါင်းတို့သည် သန်းခေါင်စာရင်းဝင်ရန် မိမိတို့ဇာတိမြို့သို့ အသီးသီးသွားကြ၏။
2:4 ယောသပ်သည်လည်း ဒါဝိဒ်အမျိုး၊ ဒါဝိဒ်၏အဆက်အနွယ်ဖြစ်သောကြောင့် မိမိနှင့်စေ့စပ်ထားသူဖြစ်သည့် ကိုယ်ဝန်အရင့်အမာရှိသောမာရိနှင့်အတူ သန်းခေါင်စာရင်းဝင်ရန် ဂါလိလဲနယ်၊ နာဇရက်မြို့မှ ဗက်လင်မြို့ဟုခေါ်သော ယုဒနယ်ရှိ ဒါဝိဒ်မြို့သို့သွားလေ၏။
2:6 ထိုမြို့၌သူတို့ရှိနေကြစဉ် မာရိသည် သားဖွားရန်နေ့လစေ့သဖြင့်
2:7 သားဦးကိုဖွားမြင်လေ၏။ ဧည့်ရိပ်သာတွင် သူတို့အတွက်နေရာမရှိသောကြောင့် သူငယ်ကိုအနှီးနှင့်ပတ်ရစ်ပြီး နွားစားခွက်၌သိပ်ထားလေ၏။
2:8 ထိုအရပ်ဒေသတွင် သိုးထိန်းများရှိကြ၍ သူတို့သည်ကွင်းပြင်၌နေလျက် မိမိတို့၏သိုးအုပ်ကို ညအခါစောင့်နေကြ၏။
2:9 ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် သူတို့ရှေ့၌ပေါ်လာ၍ ထာဝရဘုရား၏ဘုန်းအသရေတော်သည် သူတို့ပတ်လည်တွင်ထွန်းလင်းသဖြင့် သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ကြ၏။
2:10 သို့သော် ကောင်းကင်တမန်က “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ အကြောင်းမူကား လူအပေါင်းတို့အတွက် အလွန်ဝမ်းမြောက်စရာဖြစ်မည့် ကောင်းမြတ်သောသတင်းကို သင်တို့အား ငါပြောကြားမည်။
2:11 ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသောကယ်တင်ရှင်သည် သင်တို့အတွက် ဖွားမြင်တော်မူပြီ။
2:12 သင်တို့သိနိုင်သည့် အမှတ်လက္ခဏာဟူမူကား အနှီးနှင့်ပတ်ရစ်ပြီး နွားစားခွက်၌ သိပ်ထားသောကလေးငယ်ကို သင်တို့တွေ့ကြလိမ့်မည်”ဟု သူတို့အား မြွက်ဆိုလေ၏။
2:13 ထိုခဏချင်းတွင် ထိုကောင်းကင်တမန်နှင့်အတူ များစွာသောကောင်းကင်ဗိုလ်ခြေသည်ပေါ်လာ၍ ဘုရားသခင်ကိုချီးမွမ်းကာ
2:14 “အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့အပေါ် ငြိမ်သက်ခြင်းရှိစေသတည်း”ဟု မြွက်ဆိုကြ၏။
2:15 ကောင်းကင်တမန်တို့သည် သူတို့ထံမှ ကောင်းကင်သို့ပြန်တက်သွားကြသောအခါ သိုးထိန်းတို့က “ငါတို့သည်ဗက်လင်မြို့သို့သွား၍ ငါတို့အား ထာဝရဘုရားဖော်ပြတော်မူသောအရာကို ကြည့်ရှုကြကုန်စို့”ဟု အချင်းချင်းပြောဆိုကြ၏။
2:16 ထို့နောက် သူတို့သည် အလျင်အမြန်သွား၍ မာရိနှင့် ယောသပ်ကိုလည်းကောင်း၊ နွားစားခွက်၌သိပ်ထားသောကလေးငယ်ကိုလည်းကောင်း တွေ့ကြ၏။
2:17 သူတို့ကိုတွေ့မြင်ကြပြီးနောက် သိုးထိန်းတို့သည် ထိုသူငယ်နှင့်ပတ်သက်၍ မိမိတို့အားမြွက်ဆိုတော်မူသောအရာကို အနှံ့အပြားပြောကြားကြ၏။
2:18 ကြားရသောသူအပေါင်းတို့သည်လည်း မိမိတို့အား သိုးထိန်းတို့ပြောဆိုသောအကြောင်းအရာများကြောင့် အံ့ဩကြ၏။
2:19 မာရိမူကား ဤအခြင်းအရာအလုံးစုံတို့ကို မိမိစိတ်နှလုံးထဲ၌မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက်နေ၏။
2:20 သိုးထိန်းတို့သည် မိမိတို့အားမြွက်ဆိုထားသည့်အတိုင်း မြင်ရကြားရသဖြင့် ထိုအမှုအရာအားလုံးတို့အတွက် ဘုရားသခင်၏ဘုန်းတော်၊ ဂုဏ်တော်ကို ချီးမွမ်းလျက် ပြန်သွားကြ၏။
2:21 ရှစ်ရက်ပြည့်၍ သူငယ်အား အရေဖျားလှီးခြင်းပေးသောအခါ ဝမ်း၌သန္ဓေမတည်မီ ကောင်းကင်တမန်မှည့်ခေါ်ထားသည့်အတိုင်း သူ့ကို ယေရှုအမည်ဖြင့်မှည့်ခေါ်ကြ၏။
2:22 ထို့နောက် မောရှေ၏ပညတ်တရားကျမ်းအတိုင်း မိမိတို့အတွက် စင်ကြယ်ခြင်းဝတ်ကိုပြုရမည့်နေ့ရက်များစေ့သောအခါ မိဘတို့သည် သူငယ်ကို ထာဝရဘုရားထံဆက်ကပ်ရန် ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားကြ၏။
2:23 ဤသည်ကား ထာဝရဘုရား၏ပညတ်တရားကျမ်းတွင် “သားဦးယောက်ျားအပေါင်းတို့ကို ထာဝရဘုရားအတွက် သန့်ရှင်းစေလျက် ဆက်ကပ်ထားရမည်” ဟု ရေးထားသည်နှင့်အညီဖြစ်၏။
2:24 ထို့ပြင် “ချိုးငှက်တစ်စုံ၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရမည်” ဟု ထာဝရဘုရား၏ပညတ်တရားကျမ်း၌ ဖော်ပြထားသည့်အတိုင်း ယဇ်ပူဇော်ကြရန်အတွက်ဖြစ်၏။
2:25 ထိုအခါ၌ ဂျေရုဆလင်မြို့တွင် ရှိမောင်အမည်ရှိသောလူတစ်ဦးရှိ၏။ သူသည် ဘုရားတရားကြည်ညို၍ ဖြောင့်မတ်သောသူဖြစ်ပြီး အစ္စရေးလူမျိုးခံစားရမည့်နှစ်သိမ့်မှုကို စောင့်မျှော်နေသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌တည်သည်ဖြစ်၍
2:26 ထာဝရဘုရား၏ခရစ်တော်ကိုမမြင်ရမီ သေခြင်းနှင့်မကြုံရဟူသောဗျာဒိတ်တော်ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ရရှိထား၏။
2:27 သူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွားရာ မိဘတို့သည် သူငယ်အတွက် ပညတ်တရား၏ထုံးတမ်းစဉ်လာအတိုင်းပြုရန် သူငယ်ယေရှုကိုခေါ်ဆောင်လာကြ၏။
2:28 ထိုအခါ ရှိမောင်သည် သူငယ်ကိုပွေ့ချီလျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကာ
2:29 “စိုးပိုင်တော်မူသောအရှင်၊ ကိုယ်တော်မိန့်တော်မူသည့်အတိုင်း ကိုယ်တော်၏အစေအပါးအား ငြိမ်းချမ်းစွာသွားရသောအခွင့်ကို ယခု ကိုယ်တော်ပေးတော်မူပြီဖြစ်၏။
2:30 အကြောင်းမူကား လူမျိုးခြားတို့အတွက်ပေါ်ထွန်းသောအလင်းကိုလည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော် အစ္စရေးလူမျိုးအတွက်ဘုန်းအသရေဖြစ်သော လူအပေါင်းတို့ရှေ့၌ပြင်ဆင်ထားသည့် ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးကိုလည်းကောင်း အကျွန်ုပ်၏မျက်စိဖြင့် မြင်ရပါပြီ”ဟု ဆိုလေ၏။
2:33 သူငယ်၏မိခင်နှင့်ဖခင်တို့သည် သူငယ်နှင့်ပတ်သက်၍ ဤသို့ပြောဆိုသည်ကို အံ့သြကြ၏။
2:34 ထို့နောက် ရှိမောင်သည် သူတို့ကိုကောင်းချီးပေး၍ မယ်တော်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာတို့ကို လဲစေသည့်အကြောင်းနှင့် ထစေသည့်အကြောင်းဖြစ်ပြီး ဆန့်ကျင်ပြောဆိုခြင်းခံရမည့်အမှတ်လက္ခဏာဖြစ်ရန် ခန့်အပ်ထားခြင်းခံရ၏။
2:35 ဤသည်ကား များစွာသောသူတို့၏စိတ်နှလုံးတွေးတောကြံစည်မှုများသည် ထင်ရှားလာမည့်အကြောင်းတည်း။ သင်၏နှလုံးကိုလည်း သန်လျက်သည်ထိုးဖောက်လိမ့်မည်”ဟု ဆိုလေ၏။
2:36 ထိုနေရာ၌ အာရှာအနွယ်မှ ဖနွေလ၏သမီး အန္နအမည်ရှိသော အသက်ကြီးရင့်သည့် ပရောဖက်မတစ်ဦးရှိ၏။ သူသည် ပျိုရွယ်သောအချိန်မှစ၍ ခင်ပွန်းနှင့်အတူ ခုနစ်နှစ်နေထိုင်ပြီးလျှင်
2:37 မုဆိုးမဖြစ်လျက် အသက်ရှစ်ဆယ့်လေးနှစ်ပင်ရှိပြီဖြစ်၏။ သူသည် ဗိမာန်တော်မှမခွာဘဲ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတို့ဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြုလျက်နေ၏။
2:38 သူသည်လည်း ထိုတစ်ချိန်တည်းမှာပင်ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကာ ဂျေရုဆလင်မြို့ရွေးနုတ်ကယ်တင်ခြင်းခံရမည်ကို စောင့်မျှော်နေသောသူအပေါင်းတို့အား ထိုသူငယ်၏အကြောင်းကိုပြောကြားလေ၏။
2:39 မိဘတို့သည် ထာဝရဘုရား၏ပညတ်တရားနှင့်အညီ အကုန်အစင်ပြုပြီးသောအခါ မိမိတို့နေရပ်မြို့ဖြစ်သော ဂါလိလဲနယ်ရှိ နာဇရက်မြို့သို့ပြန်သွားကြ၏။
2:40 သူငယ်သည်လည်းကြီးထွား၍ ကြံ့ခိုင်သန်စွမ်းလာကာ ဉာဏ်ပညာနှင့်ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်လေ၏။
2:41 ယေရှု၏မိဘတို့သည် ပသခါပွဲတော်တွင် နှစ်တိုင်း ဂျေရုဆလင်မြို့သို့သွားလေ့ရှိကြ၏။
2:42 ယေရှုအသက်တစ်ဆယ့်နှစ်နှစ်ရှိသောအခါ၌လည်း သူတို့သည်ပွဲတော်၏ဓလေ့ထုံးစံအတိုင်း တက်သွားကြ၏ ။
2:43 ပွဲတော်ရက်များပြီးဆုံး၍ သူတို့ပြန်ကြသောအခါ သူငယ်ယေရှုသည် ဂျေရုဆလင်မြို့၌နေရစ်လေ၏။ မိဘတို့သည် မသိကြဘဲ
2:44 ခရီးသွားဖော်များကြားတွင် သူရှိနေမည်ဟုထင်မှတ်လျက် တစ်နေ့တာခရီးပြုကြ၏။ ထို့နောက် အဆွေအမျိုးအသိအကျွမ်းတို့ကြားတွင် လိုက်ရှာသော်လည်း
2:45 မတွေ့သဖြင့် သူ့ကိုလိုက်ရှာရင်း ဂျေရုဆလင်မြို့သို့ပြန်သွားကြ၏။
2:46 သုံးရက်ကြာသောအခါ ယေရှုသည် ဗိမာန်တော်၌ ဆရာများကြားတွင်ထိုင်၍ သူတို့ကိုနားထောင်လျက် မေးမြန်းလျက်နေသည်ကို မိဘတို့တွေ့ကြ၏။
2:47 ယေရှု၏စကားကိုကြားရသောသူအပေါင်းတို့သည် သူ၏ဉာဏ်စွမ်းနှင့် ဖြေကြားချက်များကို အံ့ဩငေးမောနေကြ၏။
2:48 မိဘတို့သည် သူ့ကိုတွေ့သောအခါ အံ့အားသင့်၍ မယ်တော်က “ငါ့သား၊ အဘယ်ကြောင့် ငါတို့အား ဤသို့ပြုရသနည်း။ သင့်ဖခင်နှင့်ငါသည် သင့်ကိုစိုးရိမ်တကြီးရှာခဲ့ရ၏”ဟု ဆိုလေ၏။
2:49 ယေရှုကလည်း “အဘယ်ကြောင့် အကျွန်ုပ်ကိုရှာကြသနည်း။ အကျွန်ုပ်သည် အကျွန်ုပ်ခမည်းတော်၏အိမ်၌နေရမည်ကို မသိကြသလော” ဟု သူတို့အားပြန်ပြောလေ၏။
2:50 သို့သော် မိဘတို့သည် မိမိတို့အား ယေရှုပြောသောစကားကို နားမလည်ကြချေ။
2:51 ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူပြန်သွား၍ နာဇရက်မြို့သို့ရောက်သောအခါ သူတို့ကိုနာခံလျက်နေတော်မူ၏။ မယ်တော်မူကား ဤအကြောင်းအရာအလုံးစုံတို့ကို မိမိစိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။
2:52 ယေရှုသည် ကာယ၊ ဉာဏကြီးထွားတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူတို့ရှေ့၌ မျက်နှာရတော်မူ၏။