Luke 22
22:1 ပသခါပွဲတော်ဟုခေါ်သော တဆေးမဲ့မုန့်ပွဲတော်နီးကပ်လာ၏။
22:2 ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကိုသတ်နိုင်မည့်နည်းလမ်းကို ရှာကြံကြ၏။ အကြောင်းမူကား သူတို့သည် လူတို့ကိုကြောက်ရွံ့ကြ၏။
22:3 ထိုအခါ စာတန်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့တွင် အပါအဝင်ဖြစ်သည့် ဣရှကာရုတ်ဟုခေါ်သော ယုဒထဲသို့ဝင်သဖြင့်
22:4 သူသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဗိမာန်တော်အစောင့်တပ်မှူးများထံသို့သွား၍ ကိုယ်တော်ကို သူတို့လက်သို့ မည်ကဲ့သို့အပ်နှံရမည်နည်းဟု သူတို့နှင့်အတူတိုင်ပင်လေ၏။
22:5 သူတို့သည် ဝမ်းမြောက်၍ ယုဒကိုငွေပေးရန် သဘောတူဆုံးဖြတ်ကြ၏။
22:6 ယုဒသည်လည်း သဘောတူ၍ လူထုပရိသတ်မရှိသည့်အချိန်၌ ကိုယ်တော်ကို သူတို့လက်သို့အပ်နှံရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
22:7 တဆေးမဲ့မုန့်ပွဲတော်နေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့ရောက်လာသဖြင့်
22:8 ကိုယ်တော်သည် ပေတရုနှင့်ယောဟန်တို့အား “ပသခါပွဲတော်ကို ငါတို့စားရန် သွား၍ပြင်ဆင်ကြလော့” ဟု မိန့်တော်မူလျက် သူတို့ကိုစေလွှတ်တော်မူ၏။
22:9 သူတို့ကလည်း “ကိုယ်တော်သည် အကျွန်ုပ်တို့အား အဘယ်မှာပြင်ဆင်စေလိုပါသနည်း”ဟု မေးလျှောက်ကြသော်
22:10 ကိုယ်တော်က “သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးထမ်းသောလူတစ်ဦးသည် သင်တို့ကိုကြိုဆိုလိမ့်မည်။ ထိုသူဝင်သောအိမ်ထဲသို့ လိုက်သွားပြီးလျှင်
22:11 အိမ်ရှင်အား ‘ဆရာက ငါ၏တပည့်များနှင့်အတူ ပသခါပွဲတော်ညစာကို သုံးဆောင်ရမည့်အခန်းသည် အဘယ်မှာရှိသနည်းဟု သင့်အား မေးလိုက်ပါသည်’ဟူ၍ ပြောကြလော့။
22:12 ထိုသူသည် ခင်းကျင်းထားသော အပေါ်ထပ်ခန်းမကို သင်တို့အားပြလိမ့်မည်။ ထိုနေရာ၌ ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။
22:13 သူတို့သည်လည်း သွား၍ မိမိတို့အား ကိုယ်တော်မိန့်တော်မူသည့်အတိုင်းတွေ့သဖြင့် ပသခါပွဲတော်ကိုပြင်ဆင်ကြ၏။
22:14 အချိန်ရောက်သောအခါ ကိုယ်တော်သည် တမန်တော် တို့နှင့်အတူ စားပွဲ၌ထိုင် တော်မူ၏။
22:15 ကိုယ်တော်က “ငါသည် ဒုက္ခဝေဒနာမခံစားရမီ ဤပသခါပွဲတော်ကို သင်တို့နှင့်အတူစားရန် အလွန်အလိုရှိ၏။
22:16 သင်တို့အား ငါဆိုသည်ကား ပသခါပွဲတော်သည် ဘုရားသခင်၏နိုင်ငံတော်တွင် ပြည့်စုံခြင်းသို့မရောက်မီတိုင်အောင် ဤပွဲတော်ကို ငါလုံးဝစားမည်မဟုတ်” ဟု သူတို့အား မိန့်တော်မူ၏။
22:17 ထို့နောက် ခွက်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် “ဤခွက်ကိုယူ၍ အချင်းချင်းဝေသောက်ကြလော့။
22:18 သင်တို့အား ငါဆိုသည်ကား ယခုမှစ၍ ဘုရားသခင်၏နိုင်ငံတော်မပေါ်ထွန်းမီတိုင်အောင် စပျစ်သီးမှဖြစ်သောအရည်ကို ငါလုံးဝသောက်မည်မဟုတ်” ဟု မိန့်တော်မူ၏။
22:19 တစ်ဖန် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အားပေးလျက် “ဤမုန့်ကား သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့” ဟု မိန့်တော်မူ၏။
22:20 ထိုနည်းတူ ညစာစားပြီးနောက် ခွက်ကိုလည်းယူ၍ “ဤခွက်ကား သင်တို့အတွက်သွန်းလောင်းသော ငါ၏သွေး၌တည်သည့် ပဋိညာဉ်သစ်ဖြစ်၏။
22:21 သို့သော် ငါ့ကိုအပ်နှံမည့်သူ၏လက်သည် ငါနှင့်အတူစားပွဲပေါ်၌ရှိ၏။
22:22 လူ့သားသည်ချမှတ်ထားခြင်းခံရသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
22:23 ထိုအခါ တပည့်တော်တို့သည် မိမိတို့တွင် မည်သူသည် ထိုသို့ပြုရန်ကြံရွယ်နေသနည်းဟု အချင်းချင်းမေးမြန်းကြ၏။
22:24 ထို့နောက် သူတို့တွင် မည်သူ့ကို အကြီးမြတ်ဆုံးဖြစ်သည်ဟု မှတ်ယူရမည်ကိုလည်း အချင်းချင်းအငြင်းပွားကြ၏။
22:25 သို့သော် ကိုယ်တော်က “လူမျိုးခြားတို့၏ဘုရင်များသည် ပြည်သူတို့အပေါ် အစိုးတရပြုတတ်ကြ၏။ လူတို့အပေါ်အာဏာရှိသောသူများသည်လည်း အများအကျိုးဆောင်သူဟု ခေါ်ဝေါ်ခြင်းကိုခံရကြ၏။
22:26 သင်တို့မူကား ထိုသို့မဖြစ်ရ။ သင်တို့တွင် အကြီးမြတ်ဆုံးဖြစ်သောသူသည် အငယ်ဆုံးသောသူကဲ့သို့ဖြစ်ရမည်။ ဦးဆောင်သောသူသည် လုပ်ကျွေးပြုစုသောသူကဲ့သို့ဖြစ်ရမည်။
22:27 စားပွဲ၌ထိုင် နေသောသူနှင့် လုပ်ကျွေးပြုစုသောသူတို့တွင် မည်သူသည် ပို၍ကြီးမြတ်သနည်း။ စားပွဲ၌ထိုင် နေသောသူမဟုတ်လော။ သို့သော် ငါသည် သင်တို့အလယ်တွင် လုပ်ကျွေးပြုစုသောသူကဲ့သို့ဖြစ်၏။
22:28 စုံစမ်းနှောင့်ယှက်ခြင်းများကိုငါခံရစဉ် သင်တို့သည် ငါနှင့်အတူရပ်တည်ခဲ့သောသူများဖြစ်ကြ၏။
22:29 ငါ၏ခမည်းတော်သည် နိုင်ငံတော်ကို ငါ့အားအပ်နှင်းတော်မူသကဲ့သို့ ငါသည်လည်း နိုင်ငံတော်ကို သင်တို့အားအပ်နှင်းသဖြင့်
22:30 သင်တို့သည် ငါ၏နိုင်ငံတော်၌ ငါ၏စားပွဲတွင်ထိုင်လျက် စားသောက်ရကြလိမ့်မည်။ ထို့ပြင် ပလ္လင်များပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့ကို တရားစီရင်ရကြလိမ့်မည်။
22:31 ရှိမုန်၊ ရှိမုန်၊ နားထောင်လော့။ ဂျုံကိုဆန်ခါချသကဲ့သို့ စာတန်သည် သင်တို့ကို ဆန်ခါချရန် အခွင့်တောင်းလေပြီ။
22:32 သို့သော် သင်၏ယုံကြည်ခြင်းမဆုံးရှုံးမည့်အကြောင်း သင့်အတွက် ငါဆုတောင်းပြီ။ သို့ဖြစ်၍ သင်သည် သတိတရားပြန်ရသောအခါ သင်၏ညီအစ်ကိုများကို ခိုင်ခံ့မြဲမြံစေလော့” ဟု မိန့်တော်မူ၏။
22:33 ထိုအခါ ပေတရုက “သခင်၊ အကျွန်ုပ်သည် ထောင်ထဲသို့ဖြစ်စေ၊ သေခြင်းအထိဖြစ်စေ ကိုယ်တော်နှင့်အတူလိုက်ရန် အသင့်ရှိပါသည်”ဟု လျှောက်လေ၏။
22:34 ကိုယ်တော်ကလည်း “ပေတရု၊ သင့်အား ငါဆိုမည်။ ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟု သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်” ဟု မိန့်တော်မူ၏။
22:35 ထို့နောက် ကိုယ်တော်က “ငါသည် သင်တို့ကို ငွေအိတ်၊ လွယ်အိတ်နှင့် ဖိနပ်မပါဘဲ စေလွှတ်သောအခါ သင်တို့တွင် လိုအပ်မှုတစ်စုံတစ်ရာရှိခဲ့သလော” ဟု တပည့်တော်တို့အားမေးတော်မူလျှင် သူတို့က “မရှိခဲ့ပါ”ဟု လျှောက်ကြ၏။
22:36 ကိုယ်တော်ကလည်း “ယခုမူကား ငွေအိတ်ရှိသောသူသည် ယူသွားစေ။ ထိုနည်းတူ လွယ်အိတ်ကိုလည်း ယူသွားစေ။ ဓားမရှိသောသူသည် မိမိအဝတ်ကိုရောင်း၍ ဓားကိုဝယ်စေ။
22:37 သင်တို့အား ငါဆိုသည်ကား ‘သူသည် တရားမဲ့သောသူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏’ ဟု ရေးထားသောအရာသည် ငါ၌ပြည့်စုံရမည်။ အမှန်စင်စစ် ငါနှင့်ပတ်သက်သောအရာသည် ဆုံးခန်းသို့ရောက်နေပြီ” ဟု မိန့်တော်မူ၏။
22:38 ထိုအခါ သူတို့က “သခင်၊ ဤမှာဓားနှစ်လက်ရှိပါ၏”ဟု လျှောက်ကြလျှင် ကိုယ်တော်က “လုံလောက်ပြီ” ဟု မိန့်တော်မူ၏။
22:39 ထို့နောက် ကိုယ်တော်သည်ထွက်ခွာ၍ ပြုလေ့ရှိသည့်အတိုင်း သံလွင်တောင်ပေါ်သို့ကြွတော်မူ၏။ တပည့်တော်တို့သည်လည်း နောက်တော်သို့လိုက်ကြ၏။
22:40 ထိုအရပ်သို့ရောက်တော်မူသောအခါ ကိုယ်တော်က “ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် ဆုတောင်းကြလော့” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
22:41 ထို့နောက် ကိုယ်တော်သည် သူတို့ထံမှခဲတစ်ပစ်စာခန့်ခွာသွား၍ ဒူးထောက်လျက်
22:42 “အို အဖ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
22:43 ထိုအခါ ကောင်းကင်မှ ကောင်းကင်တမန်တစ်ပါးသည် ကိုယ်တော်ထံထင်ရှားလာ၍ကိုယ်တော်ကိုအားပေးလေ၏။
22:44 ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကိုခံစားလျက် ပို၍ပြင်းပြစွာဆုတောင်းတော်မူရာ ကိုယ်တော်၏ချွေးသည် မြေပေါ်သို့ကျသောသွေးစက်သဖွယ်ဖြစ်လေ၏။
22:45 ကိုယ်တော်သည် ဆုတောင်းရာမှထ၍ တပည့်တော်တို့ထံသို့ ပြန်လာသောအခါ သူတို့သည် ဝမ်းနည်းနွမ်းလျသဖြင့် အိပ်ပျော်နေကြသည်ကို တွေ့လျှင်
22:46 “အဘယ်ကြောင့်အိပ်ပျော်နေကြသနည်း။ ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် ထ၍ဆုတောင်းကြလော့” ဟု မိန့်တော်မူ၏။
22:47 ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် လူအစုအဝေးတို့သည်ရောက်လာကြ၏။ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သော ယုဒဆိုသူသည် သူတို့ကိုဦးဆောင်လာ၍ ယေရှုကိုနမ်းရန် ချဉ်းကပ်လေ၏။
22:48 သို့သော် ယေရှုက “ယုဒ၊ သင်သည် လူ့သားကို အနမ်းဖြင့်အပ်နှံမည်လော” ဟု မေးတော်မူ၏။
22:49 ကိုယ်တော်၏အနီး၌ရှိသောသူတို့သည် ဖြစ်လာမည့်အရာကိုသိမြင်၍ “သခင်ဘုရား၊ အကျွန်ုပ်တို့ ဓားနှင့်ခုတ်ရမည်လော”ဟု မေးလျှောက်ကြပြီးလျှင်
22:50 သူတို့ထဲမှတစ်ယောက်သည် ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ထိုသူ၏ယာဘက်နားရွက်ပြတ်သွားလေ၏။
22:51 ထိုအခါ ယေရှုက “ဤမျှနှင့်ရပ်လော့” ဟု မိန့်တော်မူပြီးလျှင် ထိုသူ၏နားရွက်ကို လက်တော်နှင့်တို့ထိလျက် အကောင်းပကတိဖြစ်စေတော်မူ၏။
22:52 ထို့နောက် ယေရှုသည် မိမိကိုဖမ်းဆီးရန်ရောက်လာကြသော ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ဗိမာန်တော်အစောင့်တပ်မှူးများနှင့် သက်ကြီးဝါကြီးများအား “သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် လာကြသလော။
22:53 ငါသည် နေ့တိုင်း သင်တို့နှင့်အတူဗိမာန်တော်၌ရှိစဉ် သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ဤသည်ကား သင်တို့၏အချိန်ဖြစ်ပြီး မှောင်မိုက်ခြင်း၏အခွင့်အာဏာဖြစ်၏” ဟု မိန့်တော်မူ၏။
22:54 ထို့နောက် သူတို့သည် ကိုယ်တော်ကိုဖမ်းဆီး၍ ဆွဲခေါ်သွားကာ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ခေါ်ဆောင်လာကြ၏။ ပေတရုမူကား မလှမ်းမကမ်းမှလိုက်သွားလေ၏။
22:55 သူတို့သည် ခြံဝင်းအလယ်တွင် မီးဖို၍ စုဝေးလျက်ထိုင်နေကြသဖြင့် ပေတရုသည်လည်း သူတို့အကြား၌ထိုင်လေ၏။
22:56 ထိုအခါ အစေခံမိန်းမတစ်ဦးသည် မီးဖို၏အလင်း၌ထိုင်နေသော ပေတရုကိုမြင်၍ သူ့ကိုစေ့စေ့ကြည့်လျက် “ဤသူသည်လည်း ထိုသူ၏အပေါင်းအဖော်ဖြစ်သည်”ဟု ဆိုလေ၏။
22:57 သို့သော် ပေတရုက “အချင်းမိန်းမ၊ ထိုသူကိုငါမသိ”ဟု ငြင်းဆိုလေ၏။
22:58 ထို့နောက် ခဏကြာသော် အခြားသောသူတစ်ဦးသည် ပေတရုကိုမြင်၍ “သင်သည်လည်း သူတို့ထဲကတစ်ယောက်ဖြစ်သည်”ဟု ဆို၏။ သို့သော် ပေတရုက “အချင်းလူ၊ ငါသည် သူတို့ထဲကမဟုတ်”ဟု ဆိုလေ၏။
22:59 တစ်ဖန် တစ်နာရီခန့်ကြာသော် အခြားသောသူတစ်ဦးက “အမှန်စင်စစ် ဤသူသည်လည်း ထိုသူနှင့်အတူရှိခဲ့သည်။ အကြောင်းမူကား သူသည်လည်း ဂါလိလဲနယ်သားဖြစ်သည်”ဟု အခိုင်အမာပြောဆို၏။
22:60 သို့သော် ပေတရုက “အချင်းလူ၊ သင်ပြောနေသည့်အရာကို ငါမသိ”ဟု ဆို၏။ ထိုသို့ သူပြောနေသည့်အချိန်၌ပင် ကြက်တွန်လေ၏။
22:61 ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကိုစူးစိုက်ကြည့်တော်မူ၏။ ပေတရုသည်လည်း “ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်” ဟု မိန့်တော်မူခဲ့သော သခင်ဘုရား၏စကားတော်ကို ပြန်လည်သတိရသဖြင့်
22:62 အပြင်သို့ထွက်သွား၍ သည်းထန်စွာငိုကြွေးလေ၏။
22:63 ယေရှုကိုစောင့်ကြပ်နေသောသူတို့သည် ကိုယ်တော်ကိုပြောင်လှောင်၍ရိုက်နှက်ကြကာ
22:64 မျက်နှာတော်ကိုဖုံးအုပ်ပြီးလျှင် “သင့်အားမည်သူရိုက်သည်ကို ဟောကြည့်ပါ”ဟု ဆိုကြ၏။
22:65 ထို့ပြင် အခြားစကားအမျိုးမျိုးတို့ဖြင့် ကိုယ်တော်ကိုစော်ကားပြောဆိုကြ၏။
22:66 မိုးလင်းသောအခါ လူထုထဲမှ လူကြီးအဖွဲ့ဝင်များ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် စုဝေးကြ၍ ကိုယ်တော်ကို မိမိတို့၏တရားလွှတ်တော်ထံသို့ ခေါ်ဆောင်သွားပြီးလျှင်
22:67 “သင်သည် ခရစ်တော်ဟုတ်၊ မဟုတ် ငါတို့ကိုပြောလော့”ဟု ဆိုကြ၏။ ကိုယ်တော်ကလည်း “သင်တို့ကိုငါပြောလျှင် သင်တို့ယုံကြမည်မဟုတ်။
22:68 သင်တို့ကိုငါမေးလျှင်လည်း သင်တို့ဖြေကြမည်မဟုတ် ။
22:69 သို့သော် ယခုမှစ၍ လူ့သားသည် ဘုရားသခင်၏တန်ခိုးတော်လက်ယာဘက်၌ ထိုင်လိမ့်မည်” ဟု မိန့်တော်မူ၏။
22:70 ထိုအခါ ထိုသူအပေါင်းတို့က “သို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏သားတော်ဖြစ်သလော”ဟု ဆိုကြ၏။ ကိုယ်တော်ကလည်း “သင်တို့ဆိုသည့်အတိုင်း ငါဖြစ်၏” ဟု မိန့်တော်မူ၏။
22:71 သူတို့ကလည်း “ငါတို့ကိုယ်တိုင် သူ၏နှုတ်မှ ထိုစကားကိုကြားရပြီဖြစ်၍ မည်သည့်သက်သေလိုသေးသနည်း”ဟု ဆိုကြ၏။