Luke 7
7:1 ကိုယ်တော်သည် ဤတရားစကားအားလုံးကို လူတို့အားဟောကြားပြီးနောက် ကပေရနောင်မြို့သို့ဝင်တော်မူ၏။
7:2 ထိုစဉ် တပ်မှူးတစ်ယောက်၏အလွန်အားထားရသော အစေအပါးတစ်ဦးသည် နာမကျန်းဖြစ်ပြီး သေအံ့ဆဲဆဲဖြစ်နေ၏။
7:3 ထိုတပ်မှူးသည် ယေရှု၏သတင်းကိုကြားသောအခါ ဂျူးလူမျိုးတို့၏သက်ကြီးဝါကြီးများကို ကိုယ်တော်ထံသို့စေလွှတ်ကာ ကြွလာ၍ သူ့အစေအပါးကို ကျန်းမာစေတော်မူမည့်အကြောင်း လျှောက်စေ၏။
7:4 သူတို့သည် ယေရှုထံသို့ရောက်လာ၍ “သူ့အတွက် ထိုသို့ကိုယ်တော်ပြုပေးခြင်းကို သူခံထိုက်ပါသည်။
7:5 အကြောင်းမူကား သူသည် အကျွန်ုပ်တို့လူမျိုးကိုချစ်၍ အကျွန်ုပ်တို့အတွက် ဝတ်ပြုစည်းဝေးကျောင်း ကိုဆောက်ပေးခဲ့ပါသည်”ဟု ဆိုလျက် ကိုယ်တော်ကို အလေးအနက်တောင်းပန်ကြ၏။
7:6 ထိုအခါ ယေရှုသည် ထိုသူတို့နှင့်အတူကြွတော်မူ၏။ တပ်မှူး၏အိမ်နှင့် မဝေးလှသောနေရာသို့ရောက်တော်မူသောအခါ တပ်မှူးသည် မိတ်ဆွေများကိုစေလွှတ်၍ “သခင်ဘုရား၊ အပင်ပန်းခံတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်၏အိမ်ခေါင်မိုးအောက်သို့ ကိုယ်တော်ကြွဝင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မခံထိုက်ပါ။
7:7 ထို့ကြောင့် အကျွန်ုပ်ကိုယ်တိုင်သည်လည်း ကိုယ်တော်ထံသို့မလာထိုက်ပါဟုမှတ်ယူပါသည်။ အမိန့်တော်ကိုသာ ပေးတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်၏ငယ်သားသည် ကျန်းမာပါလိမ့်မည်။
7:8 ဤသို့ဆိုခြင်းမှာ အကျွန်ုပ်သည်လည်း အမိန့်အာဏာအောက်၌ရှိသောသူတစ်ဦးဖြစ်ပြီး အကျွန်ုပ်၏လက်အောက်တွင် စစ်သားများရှိပါသည်။ ဤတစ်ဦးကို ‘သွားပါ’ဟု အကျွန်ုပ်ဆိုလျှင် သူသည်သွား၍ အခြားတစ်ဦးကို ‘လာပါ’ဟု ဆိုလျှင် သူသည်လာပါသည်။ အကျွန်ုပ်၏အစေအပါးကိုလည်း ‘ဤအရာကိုလုပ်ပါ’ဟု ဆိုလျှင် သူသည်လုပ်ပါသည်”ဟူ၍ လျှောက်စေ၏။
7:9 ယေရှုသည် ထိုစကားတို့ကိုကြားလျှင် တပ်မှူးကိုအံ့သြ၍ နောက်တော်သို့လိုက်သောသူတို့ကို လှည့်ကြည့်ကာ “သင်တို့အား ငါဆိုမည်။ ဤမျှလောက်ကြီးမားသောယုံကြည်ခြင်းကို အစ္စရေးလူမျိုး၌ပင် ငါမတွေ့ဖူးချေ” ဟု မိန့်တော်မူ၏။
7:10 စေလွှတ်ခြင်းခံရသောသူတို့သည် အိမ်သို့ပြန်ရောက်သောအခါ ထိုအစေအပါး ကျန်းမာလျက်ရှိနေသည်ကိုတွေ့ကြ၏။
7:11 နောက်တစ်နေ့တွင် ကိုယ်တော်သည် နာဣနဟုခေါ်သောမြို့သို့ ကြွတော်မူရာ တပည့်တော်တို့မှစ၍ များစွာသောလူထုပရိသတ်သည် ကိုယ်တော်နှင့်အတူလိုက်ပါလာကြ၏။
7:12 မြို့တံခါးအနီးသို့ရောက်တော်မူသောအချိန်တွင် လူတို့သည် သေဆုံးသောသူတစ်ယောက်ကို မြို့ပြင်သို့ထုတ်ဆောင်လာကြ၏။ သူသည် မိခင်ဖြစ်သူမုဆိုးမ၏တစ်ဦးတည်းသောသားဖြစ်၏။ များစွာသောမြို့သူမြို့သားတို့သည်လည်း ထိုအမျိုးသမီးနှင့်အတူရှိကြ၏။
7:13 သခင်ဘုရားသည် ထိုအမျိုးသမီးကိုမြင်သောအခါ သူ့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ “မငိုနှင့်” ဟု မိန့်တော်မူ၏။
7:14 ထို့နောက် ချဉ်းကပ်လျက် အလောင်းစင်ကို တို့ထိတော်မူရာ အလောင်းစင်ထမ်းသောသူတို့သည် ရပ်တန့်ကြ၏။ ထိုအခါ ကိုယ်တော်က “အချင်းလူငယ်၊ သင့်အား ငါဆိုမည်။ ထလော့” ဟု မိန့်တော်မူရာ
7:15 သေသောသူသည် ထထိုင်ပြီး စကားပြောလေ၏။ ကိုယ်တော်သည်လည်း သူ့ကို သူ့မိခင်ထံပြန်အပ်တော်မူ၏။
7:16 လူတို့သည်ထိတ်လန့်အံ့ဩလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ “ပရောဖက်ကြီးတစ်ပါးသည် ငါတို့တွင် ပေါ်ထွန်းလေပြီ”ဟူ၍လည်းကောင်း၊ “ဘုရားသခင်သည် မိမိလူမျိုးတော်ကိုအကြည့်အရှု ကြွလာတော်မူပြီ”ဟူ၍လည်းကောင်း ပြောဆိုကြ၏။
7:17 ကိုယ်တော်၏သတင်းသည်လည်း ယုဒနယ်တစ်လျှောက်လုံးနှင့် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
7:18 ယောဟန်၏တပည့်များသည် ဤအကြောင်းအရာအလုံးစုံတို့ကို ယောဟန်အား ပြောပြကြ၏။ ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ဦးကိုခေါ်၍
7:19 သခင်ဘုရား ထံသို့စေလွှတ်ကာ “ကိုယ်တော်သည် ကြွလာတော်မူသောအရှင်ဖြစ်ပါသလော၊ သို့မဟုတ် အခြားသောသူကို စောင့်မျှော်ရပါမည်လော”ဟု မေးလျှောက်စေ၏။
7:20 သူတို့သည် ကိုယ်တော်ထံသို့ရောက်လာကြသောအခါ “ဗတ္တိဇံဆရာယောဟန်သည် အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ်၍ ‘ကိုယ်တော်သည် ကြွလာတော်မူသောအရှင်ဖြစ်ပါသလော၊ သို့မဟုတ် အခြားသောသူကို စောင့်မျှော်ရပါမည်လော’ဟု မေးလျှောက်စေပါသည်”ဟူ၍ လျှောက်ထားကြ၏။
7:21 ထိုအချိန်တွင် ကိုယ်တော်သည် လူများစွာတို့ကို ရောဂါဝေဒနာများနှင့် နတ်ဆိုးတို့ဘေးမှ လွတ်ငြိမ်းချမ်းသာစေ၍ မျက်မမြင်တို့ကို မျက်စိမြင်ရသောအခွင့်ပေးတော်မူ၏။
7:22 ကိုယ်တော် ကလည်း ယောဟန်၏တပည့်တို့အား “သင်တို့မြင်ရ၊ ကြားရသမျှတို့ကို သွား၍ ယောဟန်အား ပြောပြကြလော့။ မျက်မမြင်တို့သည် မျက်စိမြင်ရကြ၏။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြ၏။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ နားမကြားသောသူတို့သည် ကြားရကြ၏။ သေသောသူတို့သည် ထမြောက်စေခြင်းကိုခံရကြ၏။ ဆင်းရဲသားတို့သည် ကောင်းမြတ်သောသတင်းကိုကြားရကြ၏။
7:23 ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
7:24 ယောဟန်၏စေတမန်များပြန်သွားကြသောအခါ ကိုယ်တော်သည် လူထုပရိသတ်တို့အား ယောဟန်နှင့်ပတ်သက်၍ မြွက်ဆိုတော်မူသည်မှာ “သင်တို့သည် မည်သည့်အရာကိုကြည့်ရှုရန် တောကန္တာရသို့ ထွက်သွားကြသနည်း။ လေတိုက်၍လှုပ်နေသော ကျူပင်ကိုလော။
7:25 သို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ နူးညံ့သောအဝတ်များဝတ်ဆင်ထားသောသူကိုလော။ တင့်တယ်သောအဝတ်များဝတ်ဆင်လျက် သောက်စားပျော်ပါးနေသောသူတို့သည် နန်းတော်များ၌ရှိကြ၏။
7:26 ထိုသို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ ပရောဖက်ထက်ပင် ကြီးမြတ်သောသူဖြစ်သည်ဟု သင်တို့အား ငါဆို၏။
7:27 ‘ကြည့်ရှုလော့။ သင့်ရှေ့၌သင်၏လမ်းကိုပြင်ဆင်မည့် ငါ၏စေတမန်ကို သင့်ထက်အလျင်ဦးစွာငါစေလွှတ်မည်’ ဟု ကျမ်းစာ၌ရေးထားသည်မှာ ဤသူ၏အကြောင်းပင်ဖြစ်၏။
7:28 သင်တို့အား ငါဆိုမည်။ မိန်းမတို့မှမွေးဖွားလာသောသူတို့တွင် ယောဟန် ထက် ကြီးမြတ်သောသူတစ်ယောက်မျှမရှိ။ သို့သော် ဘုရားသခင်၏နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက် ကြီးမြတ်၏။”
7:29 (အခွန်ကောက်ခံသူများမှစ၍ လူအပေါင်းတို့သည် ယောဟန်၏ဗတ္တိဇံကိုခံယူခဲ့သဖြင့် ဤစကားကိုကြားနာရသောအခါ ဘုရားသခင်ဖြောင့်မတ်ကြောင်းဝန်ခံကြ၏။
7:30 သို့သော် ဖာရိရှဲနှင့်ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် ယောဟန်ထံမှ ဗတ္တိဇံကိုမခံယူခဲ့သဖြင့် မိမိတို့အတွက် ဘုရားသခင်ကြံစည်ထားတော်မူသောအရာကို ပစ်ပယ်ကြ၏။)
7:31 “ထို့ကြောင့် ဤခေတ်ကာလလူတို့ကို မည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်နည်း။ သူတို့သည် မည်သည့်အရာနှင့်တူကြသနည်း။
7:32 သူတို့သည် ဈေးအရပ်၌ထိုင်လျက် ‘ငါတို့သည် သင်တို့အတွက် ပလွေမှုတ်ပေးသော်လည်း သင်တို့သည်မကကြ။ ငိုချင်းကိုဖွဲ့နွဲ့သီဆိုသော်လည်း သင်တို့သည်မငိုကြွေးကြ’ဟု တစ်ဦးကိုတစ်ဦးလှမ်း၍ပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူကြ၏။
7:33 အကြောင်းမူကား ဗတ္တိဇံဆရာယောဟန်သည် ရောက်လာ၍ အစာ ကိုမစား၊ စပျစ်ဝိုင်ကိုလည်း မသောက်ဘဲနေသော် ‘သူ၌ နတ်ဆိုးပူးနေသည်’ဟု ဆိုကြ၏။
7:34 လူ့သားသည် ရောက်လာ၍ စားသောက်လျက်နေသော် ‘ကြည့်ရှုလော့။ အစားကြူးသောသူ၊ သေသောက်ကြူးသောသူ၊ အခွန်ကောက်ခံသူများနှင့် အပြစ်သားများ၏အပေါင်းအသင်း’ဟု ဆိုကြပြန်၏။
7:35 သို့သော် ဉာဏ်ပညာတော်သည်ဖြောင့်မတ်ကြောင်း မိမိသားသမီးရှိသမျှတို့က ဖော်ပြကြ၏” ဟု မိန့်တော်မူ၏။
7:36 ဖာရိရှဲတစ်ဦးသည် မိမိနှင့်အတူစားသောက်ရန် ကိုယ်တော်ကိုဖိတ်ခေါ်သဖြင့် ကိုယ်တော်သည် ထိုဖာရိရှဲ၏အိမ်သို့ဝင်၍ စားပွဲ၌ထိုင် တော်မူ၏။
7:37 ထိုအခါ ထိုမြို့၌နေသည့် အပြစ်များသောအမျိုးသမီးတစ်ဦးသည် ဖာရိရှဲ၏အိမ်တွင် ကိုယ်တော်ထိုင် ၍စားသောက်နေကြောင်းသိသဖြင့် ဆီမွှေးထည့်ထားသည့် ကျောက်ဖြူဘူးတစ်လုံးကို ယူဆောင်လာပြီးလျှင်
7:38 ကိုယ်တော်၏နောက်တွင် ခြေတော်ရင်း၌ရပ်လျက် ငိုကြွေးရင်း မိမိ၏မျက်ရည်ဖြင့် ခြေတော်ကိုစိုစေကာ မိမိဦးခေါင်းမှဆံပင်ဖြင့် သုတ်လေ၏။ ထို့နောက် ကိုယ်တော်၏ခြေတို့ကိုနမ်း၍ ဆီမွှေးဖြင့်လိမ်းလေ၏။
7:39 ကိုယ်တော်ကိုဖိတ်ခေါ်သောဖာရိရှဲသည် ထိုအခြင်းအရာကိုမြင်သောအခါ “ဤသူသည် ပရောဖက်ဖြစ်သည်ဆိုလျှင် သူ့ကိုတို့ထိနေသောအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောအမျိုးသမီးဖြစ်ကြောင်းသိရမည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
7:40 ထိုအခါ ယေရှုက “ရှိမုန်၊ သင့်ကို ငါပြောစရာတစ်ခုရှိ၏” ဟု မိန့်တော်မူရာ သူက “ပြောပါ ဆရာ”ဟု ပြန်လျှောက်လေ၏။
7:41 ယေရှုကလည်း “ကြွေးရှင်တစ်ဦးတွင် အကြွေးတင်သူနှစ်ဦးရှိ၏။ တစ်ဦးသည် ဒေနာရိ ငါးရာ၊ အခြားတစ်ဦးသည် ဒေနာရိငါးဆယ်အကြွေးတင်၏။
7:42 သူတို့၌ အကြွေးဆပ်စရာမရှိသောကြောင့် ကြွေးရှင်သည် နှစ်ဦးစလုံးတို့၏အကြွေးကို လျှော်ပစ်လိုက်လေ၏။ သို့ဖြစ်လျှင် ထိုသူနှစ်ဦးတွင် မည်သူသည် ကြွေးရှင်ကို ပို၍ချစ်မည်နည်း” ဟု မေးတော်မူ၏။
7:43 ရှိမုန်ကလည်း “ပို၍များသောအကြွေးကို လျှော်ပစ်ခြင်းခံရသူဖြစ်မည်ထင်ပါ၏”ဟု လျှောက်လျှင် ကိုယ်တော်က “သင်ယူဆသည့်အတိုင်းမှန်၏” ဟု မိန့်တော်မူ၏။
7:44 ထို့နောက် အမျိုးသမီးဘက်သို့လှည့်တော်မူ၍ ရှိမုန်အား “ဤအမျိုးသမီးကိုမြင်သလော။ ငါသည် သင်၏အိမ်သို့ဝင်စဉ် သင်သည် ငါ့အတွက်ခြေဆေးရေကိုမပေး။ သို့သော် သူသည် မျက်ရည်ဖြင့် ငါ့ခြေကိုစိုစေ၍ မိမိဆံပင်ဖြင့်သုတ်ပေး၏။
7:45 သင်သည် ငါ့ကိုမနမ်း။ သို့သော် သူသည် ဝင်လာသည့်အချိန်မှစ၍ ငါ့ခြေကိုအဆက်မပြတ်နမ်းလျက်နေ၏။
7:46 သင်သည် ငါ၏ခေါင်းကို ဆီဖြင့်မလိမ်း။ သို့သော် သူသည် ငါ၏ခြေကို ဆီမွှေးဖြင့်လိမ်းပေး၏။
7:47 ထို့ကြောင့် သင့်အား ငါဆိုမည်။ သူ၏များပြားလှသောအပြစ်တို့သည် ခွင့်လွှတ်ခြင်းခံရပြီ။ အကြောင်းမူကား သူသည် များစွာချစ်၏။ အနည်းငယ်သာခွင့်လွှတ်ခြင်းခံရသောသူသည် အနည်းငယ်သာချစ်၏” ဟု မိန့်တော်မူ၏။
7:48 ထို့နောက် ထိုအမျိုးသမီးအား “သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ” ဟု မိန့်တော်မူ၏။
7:49 ထိုအခါ ကိုယ်တော်နှင့်အတူ စားသောက်ပွဲ၌ထိုင် နေသောသူတို့က “အပြစ်ကိုပင် ခွင့်လွှတ်သောဤသူကား မည်သူနည်း”ဟု အချင်းချင်းပြောဆိုကြ၏။
7:50 သို့သော် ကိုယ်တော်သည် ထိုအမျိုးသမီးအား “သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ။ ငြိမ်းချမ်းစွာသွားလော့” ဟု မိန့်တော်မူ၏။