John 1
1:1 အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။
1:2 နှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။
1:3 ခပ်သိမ်းသောအရာတို့သည် နှုတ်ကပတ်တော်အားဖြင့် ဖြစ်လာ၏။ ဖြစ်လာသောအရာတို့တွင် တစ်စုံတစ်ခုမျှ နှုတ်ကပတ်တော်နှင့်ကင်းလွတ်၍ ဖြစ်လာခြင်းမရှိ။
1:4 နှုတ်ကပတ်တော်၌ အသက်ရှိ၍ ထိုအသက်သည် လူတို့၏အလင်းဖြစ်၏။
1:5 ထိုအလင်းသည် မှောင်မိုက်၌ထွန်းလင်း၍ မှောင်မိုက်သည် သူ့ကိုမလွှမ်းမိုး နိုင်။
1:6 ဘုရားသခင်ထံမှစေလွှတ်ခြင်းခံရသော ယောဟန်အမည်ရှိသူတစ်ဦးပေါ်ထွန်းလာ၏။
1:7 လူအပေါင်းတို့သည် သူ့အားဖြင့် ယုံကြည်လာမည့်အကြောင်း သူသည် အလင်း၏အကြောင်းကိုသက်သေခံရန် သက်သေအဖြစ်လာ၏။
1:8 သူသည်အလင်းမဟုတ်။ အလင်း၏အကြောင်းကိုသက်သေခံရန်သာလာ၏။
1:9 စစ်မှန်သောအလင်းသည် ဤလောကသို့ကြွလာ၍ လူအပေါင်းတို့အား အလင်းကိုပေးသောအရှင်ဖြစ်၏။
1:10 ကိုယ်တော်သည် ဤလောက၌ရှိနှင့်တော်မူ၍ ဤလောကသည် ကိုယ်တော်အားဖြင့်ဖြစ်လာသော်လည်း ဤလောကသည် ကိုယ်တော်ကိုမသိ။
1:11 ကိုယ်တော်သည် မိမိအရပ်သို့ကြွလာသော်လည်း မိမိလူမျိုးတို့သည် ကိုယ်တော်ကိုလက်မခံကြ။
1:12 သို့ရာတွင် ကိုယ်တော်ကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်၏နာမတော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားသမီးများဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
1:13 ထိုသားသမီးတို့သည် မျိုးရိုးဇာတိ အားဖြင့်သော်လည်းကောင်း၊ ကိုယ်ကာယ၏အလိုဆန္ဒအားဖြင့်သော်လည်းကောင်း၊ လူ၏အလိုဆန္ဒအားဖြင့်သော်လည်းကောင်း မွေးဖွားကြသည်မဟုတ်။ ဘုရားသခင်အားဖြင့်သာ မွေးဖွားကြ၏။
1:14 နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
1:15 ယောဟန်သည် ထိုအရှင်၏အကြောင်းကိုသက်သေခံလျက် “ငါ့နောက်တွင် ကြွလာသောအရှင်သည် ငါ့ထက်အလျင်ဦးစွာရှိနှင့်သည် ဖြစ်၍ ငါ့ထက်ကြီးမြတ်သည်ဟု ငါဆိုခဲ့သည်မှာ ထိုအရှင်ပင်ဖြစ်သည်”ဟု ကြွေးကြော်လေ၏။
1:16 အကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ပြည့်စုံတော်မူခြင်းထဲမှ ကျေးဇူးတော်အပေါ်၌ ထပ်ဆင့်၍ ကျေးဇူးတော်ကိုခံစားရကြပြီ။
1:17 အကြောင်းမူကား ပညတ်တရားကို မောရှေအားဖြင့်ပေးတော်မူ၏။ ကျေးဇူးတော်နှင့်သမ္မာတရားမူကား ယေရှုခရစ်တော်အားဖြင့်ဖြစ်လာ၏။
1:18 ဘုရားသခင်ကို မည်သူမျှမမြင်ဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိသည့် တစ်ပါးတည်းသောသားတော်ဘုရား သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
1:19 ဂျူးလူမျိုး တို့သည် ယောဟန်ထံသို့ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များကို ဂျေရုဆလင်မြို့မှစေလွှတ်၍ “သင်သည်မည်သူနည်း”ဟု မေးမြန်းစေကြသောအခါ ယောဟန်၏သက်သေခံချက်မှာ ဤသို့ဖြစ်၏။
1:20 ယောဟန်သည် ထိမ်ဝှက်ခြင်းမရှိဘဲ ဝန်ခံ၍ “ငါသည် ခရစ်တော်မဟုတ်”ဟု အတိအလင်းပြောလေ၏။
1:21 ထိုအခါ သူတို့က “သို့ဖြစ်လျှင် သင်သည်မည်သူနည်း။ ဧလိယလော”ဟု မေးကြသော် ယောဟန်က “ငါသည် ဧလိယမဟုတ်”ဟု ဆို၏။ “ထိုပရောဖက် လော”ဟု မေးကြပြန်သော် “မဟုတ်”ဟု ဆိုပြန်၏။
1:22 ထိုသူတို့ကလည်း “သင်သည်မည်သူနည်း။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်၍ဖြေကြားနိုင်ရန် သင့်အကြောင်းကို သင်မည်သို့ပြောမည်နည်း”ဟု ဆိုကြ၏။
1:23 ယောဟန်က “ငါသည် ပရောဖက်ဟေရှာယဟောပြောခဲ့သည့်အတိုင်း ‘ထာဝရဘုရား၏လမ်းတော်ကို ဖြောင့်တန်းစေကြလော့’ဟူ၍ တောကန္တာရ၌ဟစ်ကြော်သောသူ၏အသံဖြစ်၏” ဟု ဆို၏။
1:24 ထိုသူတို့သည် ဖာရိရှဲတို့ထဲမှစေလွှတ်ခြင်းခံရသောသူများဖြစ်ကြ၏။
1:25 တစ်ဖန် သူတို့က “သင်သည် ခရစ်တော်မဟုတ်၊ ဧလိယလည်းမဟုတ်၊ ထိုပရောဖက်လည်းမဟုတ်လျှင် အဘယ်ကြောင့်ဗတ္တိဇံ ပေးသနည်း”ဟု မေးမြန်းကြ၏။
1:26 ယောဟန်ကလည်း “ငါသည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့အလယ်၌ သင်တို့မသိသောအရှင်တစ်ပါးရပ်လျက်ရှိ၏။
1:27 ထိုအရှင်သည် ငါ့နောက်တွင်ကြွလာသောအရှင်ဖြစ်၏ ။ ထိုအရှင်၏ခြေနင်းတော်ကြိုးကိုဖြေပေးရန်ပင် ငါသည် မထိုက်တန်”ဟု ပြန်ပြော၏။
1:28 ဤအခြင်းအရာတို့သည် ယောဟန်ဗတ္တိဇံပေးနေသော ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဗေသနိ ရွာတွင်ဖြစ်ပျက်ခဲ့၏။
1:29 နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။
1:30 ‘ငါ့ထက်အလျင်ဦးစွာရှိနှင့်သည်ဖြစ်၍ ငါ့ထက်ကြီးမြတ်သောအရှင် သည် ငါ့နောက်တွင်ကြွလာမည်’ဟု ငါဆိုခဲ့သည်မှာ ထိုအရှင်၏အကြောင်းပင်ဖြစ်သည်။
1:31 ငါသည်လည်း အစက သူ့ကိုမသိ။ သို့ရာတွင် အစ္စရေးလူမျိုးရှေ့၌ သူ့ကိုထင်ရှားစေရန် ငါသည်လာ၍ ရေ၌ဗတ္တိဇံပေးလျက်နေသည်”ဟု ဆို၏။
1:32 တစ်ဖန် ယောဟန်သည် သက်သေခံသည်ကား “ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကောင်းကင်မှဆင်းသက်၍ သူ့အပေါ်၌တည်တော်မူသည်ကို ငါမြင်ရပြီ။
1:33 ငါသည်လည်း အစက သူ့ကိုမသိ။ သို့ရာတွင် ရေ၌ဗတ္တိဇံပေးရန် ငါ့ကိုစေလွှတ်တော်မူသောအရှင်က ‘တစ်စုံတစ်ဦးအပေါ်သို့ ဝိညာဉ်တော်ဆင်းသက်၍ သူ့အပေါ်၌တည်တော်မူသည်ကို သင်မြင်လျှင် ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံပေးသောသူဖြစ်၏’ဟု ငါ့အားမိန့်တော်မူခဲ့သည့်အတိုင်း
1:34 ငါမြင်ရသဖြင့် ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကို ငါသက်သေခံသည်”ဟု ဆိုလေ၏။
1:35 နောက်တစ်နေ့၌ ယောဟန်သည် တစ်ဖန် မိမိ၏တပည့်နှစ်ဦးတို့နှင့်အတူ ရပ်နေစဉ်
1:36 ယေရှုကြွတော်မူသည်ကိုမြင်၍ “ကြည့်လော့။ ဘုရားသခင်၏သိုးသငယ်တော်ပေတည်း”ဟု ဆို၏။
1:37 ထိုသို့ ယောဟန်ပြောဆိုသည်ကို တပည့်နှစ်ဦးတို့သည်ကြားလျှင် ယေရှုနောက်တော်သို့လိုက်သွားကြ၏။
1:38 ယေရှုသည်လှည့်၍ ထိုသူတို့လိုက်လာကြသည်ကိုမြင်လျှင် “မည်သည့်အရာကိုအလိုရှိကြသနည်း” ဟု မေးတော်မူ၏။ ထိုသူတို့ကလည်း “ရဗ္ဗိ ၊ ကိုယ်တော်အဘယ်မှာနေတော်မူသနည်း”ဟု မေးလျှောက်ကြ၏။ (ရဗ္ဗိ၏အဓိပ္ပာယ်မှာ ဆရာဟူ၍ဖြစ်၏။)
1:39 ယေရှုက “လာကြလော့။ သင်တို့သိမြင်ရလိမ့်မည်” ဟု မိန့်တော်မူသည့်အတိုင်း သူတို့သည်လိုက်သွား၍ နေတော်မူရာအရပ်ကိုတွေ့မြင်ကြပြီး ထိုနေ့၌ ကိုယ်တော်နှင့်အတူနေခဲ့ကြ၏။ ထိုအချိန်ကား ညနေလေးနာရီ ခန့်ဖြစ်၏။
1:40 ယောဟန်၏စကားကိုကြား၍ နောက်တော်သို့လိုက်သွားသောသူနှစ်ဦးထဲမှတစ်ဦးသည် ရှိမုန်ပေတရု၏ညီအနြေ္ဒဖြစ်၏။
1:41 အနြေ္ဒသည် မိမိအစ်ကိုရှိမုန်ကို ဦးစွာတွေ့၍ “ငါတို့သည် မေရှိယကိုတွေ့ကြပြီ”ဟု ဆိုလျက်
1:42 သူ့ကို ယေရှုထံသို့ခေါ်ဆောင်လာ၏။ (မေရှိယ၏အဓိပ္ပာယ်မှာ ဘိသိက်ခံရသူ ဟူ၍ဖြစ်၏။) ယေရှုသည် ရှိမုန်ကိုစူးစိုက်ကြည့်၍ “သင်သည် ယောဟန်၏သား ရှိမုန်ဖြစ်၏။ သင်သည် ကေဖဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်” ဟု မိန့်တော်မူ၏။ (ကေဖ၏အဓိပ္ပာယ်မှာ ကျောက် ဟူ၍ဖြစ်၏။)
1:43 နောက်တစ်နေ့တွင် ယေရှုသည် ဂါလိလဲနယ်သို့ထွက်ခွာရန် အလိုတော်ရှိ၏။ ထိုအခါ ဖိလိပ္ပုကိုတွေ့လျှင် “ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူ၏။
1:44 ဖိလိပ္ပုသည် အနြေ္ဒနှင့်ပေတရုတို့၏ဇာတိမြို့ဖြစ်သော ဗက်ဇဲဒမြို့မှလာသောသူဖြစ်၏။
1:45 ဖိလိပ္ပုသည် နာသနေလကိုတွေ့လျှင် “မောရှေသည် ပညတ်တရားကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည်လည်း သူတို့ကျမ်း၌လည်းကောင်း ရေးသားဖော်ပြထားသောသူ၊ ယောသပ်၏သား၊ နာဇရက်မြို့မှယေရှုကို ငါတို့တွေ့ကြပြီ”ဟု ဆို၏။
1:46 နာသနေလကလည်း “နာဇရက်မြို့ထဲမှ ကောင်းသောအရာတစ်စုံတစ်ခုထွက်နိုင်သလော”ဟု ဆိုသော် ဖိလိပ္ပုက “လာ၍ကြည့်ပါ”ဟု ဆိုလေ၏။
1:47 ယေရှုသည် မိမိထံသို့ နာသနေလလာနေသည်ကိုမြင်လျှင် “ကြည့်လော့။ စစ်မှန်သောအစ္စရေးအမျိုးသားပေတည်း။ သူ၌စဉ်းလဲခြင်းမရှိ” ဟု သူ့ကိုရည်ညွှန်း၍ မိန့်တော်မူ၏။
1:48 နာသနေလကလည်း “ကိုယ်တော်သည် အကျွန်ုပ်ကို မည်သို့သိပါသနည်း”ဟု မေးလျှောက်သော် ယေရှုက “ဖိလိပ္ပုသည် သင့်ကိုမခေါ်မီ သင်သည် သဖန်းပင်အောက်၌ရှိနေသည်ကို ငါမြင်၏” ဟု ပြန်၍မိန့်တော်မူ၏။
1:49 နာသနေလက “ရဗ္ဗိ ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါသည်။ အစ္စရေးဘုရင်လည်းဖြစ်ပါသည်”ဟု လျှောက်လေ၏။
1:50 ယေရှုကလည်း “သဖန်းပင်အောက်၌ သင့်ကို ငါမြင်သည်ဟုဆိုသောကြောင့် သင်ယုံကြည်သလော။ ဤထက်ကြီးမြတ်သောအရာများကို သင်မြင်ရလိမ့်မည်” ဟု ပြန်၍မိန့်တော်မူပြီးလျှင်
1:51 “သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကောင်းကင်သည်ပွင့်လျက် ဘုရားသခင်၏ကောင်းကင်တမန်တို့သည် လူ့သား၏အပေါ်တွင် တက်လျက်ဆင်းလျက်နေကြသည်ကို သင်တို့မြင်ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။