John 12
12:1 ပသခါပွဲတော်မတိုင်မီ ခြောက်ရက်အလိုတွင် ယေရှုသည် ဗေသနိရွာသို့ကြွတော်မူ၏။ ထိုရွာသည် သေသောသူတို့ထဲမှ ယေရှုထမြောက်စေခဲ့သော လာဇရု နေထိုင်ရာအရပ်ဖြစ်၏။
12:2 လူတို့သည် ထိုအရပ်၌ ကိုယ်တော်အတွက် ညစာကိုပြင်ဆင်ကြပြီး မာသသည် ဧည့်ဝတ်ပြုနေ၏။ ကိုယ်တော်နှင့်အတူ စားပွဲ၌ထိုင် နေသူများထဲတွင် လာဇရုလည်းပါ၏။
12:3 ထိုအခါ မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ်နှစ်ဆယ်သား ကိုယူ၍ ယေရှု၏ခြေတော်ကိုလိမ်းပြီးလျှင် မိမိဆံပင်နှင့် ခြေတော်ကိုသုတ်လေ၏။ ထိုဆီမွှေး၏ရနံ့သည်လည်း တစ်အိမ်လုံးပျံ့နှံ့သွား၏။
12:4 သို့သော် တပည့်တော်တို့ထဲမှ တစ်ပါးဖြစ်ပြီး ကိုယ်တော်ကိုအပ်နှံတော့မည့်သူ ယုဒဣရှကာရုတ်က
12:5 “အဘယ်ကြောင့် ဤဆီမွှေးကို ဒေနာရိ သုံးရာနှင့်ရောင်း၍ ဆင်းရဲသားတို့အား မပေးကမ်းခဲ့သနည်း”ဟု ဆို၏။
12:6 ထိုသို့ဆိုခြင်းမှာ သူသည် ဆင်းရဲသားတို့၏အကျိုးကို ထောက်ထားငဲ့ညှာ၍မဟုတ်ဘဲ မိမိသည် သူခိုးဖြစ်ပြီး ငွေအိတ်ကိုထိန်းသိမ်းရင်း ထည့်ဝင်ငွေကို နှိုက်ယူလေ့ရှိသောကြောင့်ဖြစ်၏။
12:7 ထို့ကြောင့် ယေရှုက “ငါ့ကိုသင်္ဂြိုဟ်မည့်နေ့အတွက် သူသည် ဤဆီမွှေးကိုသိမ်းထားခဲ့သည်ဖြစ်၍ သူပြုလိုရာပြုပါစေ။
12:8 အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့တွင်အစဉ်ရှိကြ၏။ ငါမူကား သင်တို့တွင်အစဉ်ရှိသည်မဟုတ်” ဟု မိန့်တော်မူ၏။
12:9 များစွာသောဂျူးလူမျိုးအစုအဝေးသည် ထိုအရပ်၌ ယေရှုရှိတော်မူကြောင်းကို ကြားသိသဖြင့် ယေရှုကြောင့်သာမဟုတ်ဘဲ သေသောသူတို့ထဲမှ ကိုယ်တော်ထမြောက်စေတော်မူသော လာဇရုကိုလည်းတွေ့မြင်ရရန် ရောက်လာကြ၏။
12:10 ထို့ကြောင့် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် လာဇရုကိုလည်းသတ်ရန် တိုင်ပင်ကြံစည်ကြ၏။
12:11 အဘယ်ကြောင့်ဆိုသော် များစွာသောဂျူးလူမျိုးတို့သည် လာဇရုကြောင့် သူတို့ကိုစွန့်ခွာ၍ ယေရှုကိုယုံကြည်ကြသောကြောင့်ဖြစ်၏။
12:12 နောက်တစ်နေ့တွင် ပွဲတော်သို့ရောက်လာသည့် များစွာသောလူထုပရိသတ်တို့သည် ဂျေရုဆလင်မြို့သို့ ယေရှုကြွလာတော်မူမည်ဟုကြားသိသဖြင့်
12:13 စွန်ပလွံခက်များကိုကိုင်ဆောင်လျက် ကိုယ်တော်ကိုကြိုဆိုရန် ထွက်သွားကြ၍ “ဟောရှဏ္ဏ ၊ ထာဝရဘုရား၏နာမတော်အားဖြင့် ကြွလာတော်မူသောအရှင်၊ အစ္စရေးဘုရင်သည် မင်္ဂလာရှိစေသတည်း”ဟု ကြွေးကြော်ကြ၏။
12:14 ယေရှုသည် မြည်းငယ်ကိုတွေ့၍ စီးတော်မူ၏။
12:15 ဤသည်ကား “ဇိအုန်သမီး၊ မကြောက်နှင့်။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏” ဟု ရေးထားသည့်အတိုင်းဖြစ်၏။
12:16 ဤအရာများကို တပည့်တော်တို့သည် အစက နားမလည်ခဲ့ကြ။ သို့သော် ယေရှုဘုန်းတော်ထင်ရှားခြင်းရှိတော်မူသောအခါမှသာ ဤအရာများသည် ကိုယ်တော်ကိုရည်ညွှန်း၍ ရေးထားခဲ့ခြင်းဖြစ်ပြီး လူတို့သည် ကိုယ်တော်အပေါ် ထိုအတိုင်းပြုခဲ့ကြောင်းကို ပြန်လည်သတိရကြ၏။
12:17 ယေရှုသည် လာဇရုကို သင်္ချိုင်းဂူမှခေါ်ထုတ်၍ သေသောသူတို့ထဲမှ ထမြောက်စေတော်မူစဉ်က ကိုယ်တော်နှင့်အတူရှိခဲ့သော လူထုပရိသတ်တို့သည် ထိုအကြောင်းကို သက်သေခံကြ၏။
12:18 လူထုပရိသတ်တို့သည် ကိုယ်တော်ကိုဆီးကြိုကြခြင်းမှာ ဤသို့သောနိမိတ်လက္ခဏာကို ကိုယ်တော်ပြုတော်မူကြောင်း ကြားသိခဲ့ကြသောကြောင့်လည်းဖြစ်၏။
12:19 ထို့ကြောင့် ဖာရိရှဲတို့က “တွေ့သလော။ သင်တို့လုပ်ရပ်တစ်ခုမျှအကျိုးမရှိ။ ကြည့်ပါ။ တစ်ကမ္ဘာလုံး သူ့နောက်သို့လိုက်သွားကြပြီ”ဟု အချင်းချင်းပြောဆိုကြ၏။
12:20 ပွဲတော်တွင် ဝတ်ပြုကိုးကွယ်ရန် တက်လာကြသောသူတို့ထဲ၌ ဂရိလူမျိုးအချို့ပါ၏။
12:21 သူတို့သည် ဂါလိလဲနယ်၊ ဗက်ဇဲဒမြို့သား ဖိလိပ္ပုထံချဉ်းကပ်၍ “ဆရာ၊ အကျွန်ုပ်တို့သည် ယေရှုကိုတွေ့မြင်လိုပါသည်”ဟု တောင်းဆိုကြ၏။
12:22 ဖိလိပ္ပုသည်သွား၍ အနြေ္ဒကိုပြောပြပြီးလျှင် အနြေ္ဒနှင့်ဖိလိပ္ပုတို့သည်လာ၍ ယေရှုထံလျှောက်ထားကြ၏။
12:23 ထိုအခါ ယေရှုက “လူ့သားကို ဘုန်းတော်ထင်ရှားစေမည့်အချိန် ရောက်လာပြီ။
12:24 သင်တို့အား ငါအမှန်အကန်ဆိုမည်။ ဂျုံစေ့တစ်စေ့သည် မြေ၌ကျ၍ မပျက်စီးလျှင် တစ်စေ့တည်းရှိနေ၏။ ပျက်စီးလျှင်မူကား များစွာသောအသီးကို ဖြစ်ထွန်းစေတတ်၏။
12:25 မိမိအသက်ကိုတွယ်တာသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကိုမုန်းသောသူမူကား ထိုအသက်ကို ထာဝရအသက်အတွက် စောင့်ရှောက်လိမ့်မည်။
12:26 မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူသည် ငါ့နောက်သို့လိုက်ရမည်။ ထိုအခါ ငါရှိရာအရပ်၌ ငါ၏အမှုဆောင်လည်းရှိလိမ့်မည်။ မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလိမ့်မည်။
12:27 ယခု ငါ့စိတ်ပူပန်လျက်ရှိ၏။ ငါမည်သို့လျှောက်ရပါမည်နည်း။ ‘အို အဖ၊ ဤအချိန်နာရီမှ အကျွန်ုပ်ကို ကယ်တင်တော်မူပါ’ဟူ၍ လျှောက်ရပါမည်လော။ သို့ရာတွင် ငါသည် ဤအတွက်ကြောင့် ယခုအချိန်နာရီသို့ ရောက်လာခဲ့၏။
12:28 ‘အို အဖ၊ ကိုယ်တော်၏နာမတော်အား ဘုန်းတော်ထင်ရှားစေတော်မူပါ’” ဟု မြွက်ဆိုတော်မူ၏။ ထိုအခါ “ငါသည် ဘုန်းတော်ထင်ရှားစေခဲ့ပြီ။ နောက်တစ်ဖန်လည်း ထင်ရှားစေဦးမည်”ဟု ကောင်းကင်မှအသံတော်လာ၏။
12:29 အနီးနား၌ရပ်နေ၍ ထိုအသံကိုကြားကြသော လူထုပရိသတ်တို့က “မိုးချုန်းသည်”ဟု ဆိုကြ၏။ အခြားသောသူတို့ကမူ “ကောင်းကင်တမန်က သူ့ကိုမြွက်ဆိုသည်”ဟု ဆိုကြ၏။
12:30 ယေရှုကလည်း “ဤအသံတော်သည် ငါ့အတွက်မဟုတ်ဘဲ သင်တို့အတွက်လာ၏။
12:31 ယခုသည် ဤလောက၏တရားစီရင်ခြင်းကာလဖြစ်၏။ ဤလောကကိုအုပ်ချုပ်သူသည် ယခု နှင်ထုတ်ခြင်းခံရမည်။
12:32 ငါသည်လည်း မြေမှ မြှောက်ထားခြင်းခံရသောအခါ လူခပ်သိမ်းတို့ကို ငါ့ထံသို့ဆွဲငင်မည်” ဟု မိန့်တော်မူ၏။
12:33 ဤသို့မိန့်တော်မူခြင်းမှာ မိမိသည်မည်သို့သောသေခြင်းမျိုးဖြင့် အသေခံရမည်ကို အရိပ်အမြွက်မိန့်တော်မူခြင်းဖြစ်၏။
12:34 ထိုအခါ လူထုပရိသတ်က “ခရစ်တော်သည် ကာလအစဉ်အဆက်တည်တော်မူ၏ဟု ပညတ်တရားကျမ်းအားဖြင့် အကျွန်ုပ်တို့ကြားသိထားသည်။ သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် ‘လူ့သားသည် မြှောက်ထားခြင်းခံရမည်’ဟု ဆိုသနည်း။ ဤလူ့သားဆိုသူမှာ မည်သူနည်း”ဟု မေးမြန်းကြ၏။
12:35 ယေရှုကလည်း “အလင်းသည် သင်တို့တွင် နောက်ထပ် ခဏရှိဦးမည်။ သင်တို့အား မှောင်မိုက်မလွှမ်းမိုးစေရန် အလင်းရှိခိုက် သွားလာကြလော့။ မှောင်မိုက်၌သွားလာသောသူသည် မိမိမည်သည့်အရပ်သို့သွားသည်ကိုမသိ။
12:36 သင်တို့သည် အလင်း၏သားများဖြစ်ကြရန် သင်တို့တွင် အလင်းရှိခိုက် အလင်းကိုယုံကြည်ကြလော့” ဟု မိန့်တော်မူ၏။ ယေရှုသည် ဤအရာများကို ဟောပြောတော်မူပြီးနောက် ထွက်သွား၍ သူတို့ကို တိမ်းရှောင်လျက်နေတော်မူ၏။
12:37 ယေရှုသည် ဤမျှလောက်များပြားသော နိမိတ်လက္ခဏာတို့ကို သူတို့ရှေ့မှောက်၌ ပြုတော်မူသော်လည်း သူတို့သည် ကိုယ်တော်ကိုမယုံကြည်ကြပေ။
12:38 ဤသည်ကား “အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏သတင်းစကားကို မည်သူယုံကြည်ပါသနည်း။ ထာဝရဘုရား၏လက်ရုံးတော်သည် မည်သူ့ထံ ဖော်ပြခြင်းခံရပါသနည်း” ဟု ပရောဖက်ဟေရှာယဟောပြောထားသောစကား ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
12:39 သူတို့မယုံကြည်နိုင်သည့်အကြောင်းမှာ ဟေရှာယက
12:40 “သူတို့သည် မျက်စိဖြင့်မြင်၍ စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရမည့်အဖြစ်မျိုးမရှိစေရန် ဘုရားသခင်သည် သူတို့၏မျက်စိကို ကွယ်စေတော်မူ၍ သူတို့၏စိတ်နှလုံးကို မာကျောစေတော်မူ၏” ဟု ထပ်မံ၍ ဟောပြောခဲ့သောကြောင့်ဖြစ်၏။
12:41 ဟေရှာယသည် ယေရှု၏ဘုန်းအသရေတော်ကိုမြင်ရသောကြောင့် ဤသို့ပြောဆိုပြီး ကိုယ်တော်၏အကြောင်းကို ဟောပြောခဲ့ခြင်းဖြစ်၏။
12:42 မည်သို့ပင်ဖြစ်စေ အကြီးအကဲတို့တွင်လည်း ကိုယ်တော်ကိုယုံကြည်သောသူများစွာရှိကြ၏။ သို့သော် သူတို့သည် ဝတ်ပြုစည်းဝေးကျောင်း မှ ထုတ်ပယ်ခြင်းခံရမည်ကို စိုးရိမ်သဖြင့် ဖာရိရှဲတို့ကြောင့် ဖွင့်မပြောဘဲနေကြ၏။
12:43 အကြောင်းမူကား သူတို့သည် ဘုရားသခင်ပေးသောဘုန်းအသရေထက် လူတို့ပေးသောဘုန်းအသရေကို ပို၍နှစ်သက်ကြ၏။
12:44 တစ်ဖန် ယေရှုက “ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုယုံကြည်သည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုယုံကြည်၏။
12:45 ငါ့ကိုမြင်သောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုမြင်၏။
12:46 ငါ့ကိုယုံကြည်သောသူတိုင်း မှောင်မိုက်ထဲ၌မနေရစေရန် ငါသည် အလင်းအဖြစ် ဤလောကသို့ကြွလာပြီ။
12:47 တစ်စုံတစ်ယောက်သည် ငါ့စကားတို့ကိုကြားလျက် မစောင့်ထိန်း လျှင်လည်း ငါသည် ထိုသူကိုပြစ်ဒဏ်မစီရင်။ အကြောင်းမူကား ဤလောကကို ပြစ်ဒဏ်စီရင်ရန် ငါလာသည်မဟုတ်။ ဤလောကကို ကယ်တင်ရန် ငါလာ၏။
12:48 ငါ့ကိုငြင်းပယ်၍ ငါ့စကားတို့ကိုလက်မခံသောသူအား ပြစ်ဒဏ်စီရင်သောသူရှိ၏။ ငါဟောပြောခဲ့သည့်တရားစကားကပင် နောက်ဆုံးသောနေ့၌ ထိုသူကိုပြစ်ဒဏ်စီရင်လိမ့်မည်။
12:49 အကြောင်းမူကား ငါသည် ကိုယ့်ဆန္ဒအလျောက်ဟောပြောသည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ကိုယ်တိုင် ငါမည်သို့မြွက်ဆို၍ မည်သို့ဟောပြောရမည်ကို ငါ့အားအမိန့်ပေးတော်မူ၏။
12:50 ခမည်းတော်၏အမိန့်တော်သည် ထာဝရအသက်ဖြစ်ကြောင်းကိုငါသိ၏။ ထို့ကြောင့် ငါဟောပြောသောအရာတို့ကို ခမည်းတော်က ငါ့အားမိန့်တော်မူသည့်အတိုင်း ငါဟောပြော၏” ဟု ကြွေးကြော်တော်မူ၏။