John 18
18:1 ယေရှုသည် ထိုသို့မြွက်ဆိုတော်မူပြီးနောက် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ ထွက်သွားတော်မူ၏။ ထိုအရပ်၌ ဥယျာဉ်တစ်ခုရှိ၍ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ ထိုဥယျာဉ်ထဲသို့ဝင်တော်မူ၏။
18:2 ယေရှုသည် ထိုအရပ်တွင် တပည့်တော်တို့နှင့် မကြာခဏစုဝေးလေ့ရှိသောကြောင့် ကိုယ်တော်ကိုအပ်နှံမည့်သူ ယုဒသည်လည်း ထိုအရပ်ကိုသိထား၏။
18:3 သို့ဖြစ်၍ ယုဒသည် တပ်ဖွဲ့တစ်ဖွဲ့ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ဖာရိရှဲများက စေလွှတ်လိုက်သောအစောင့်တပ်သားတို့ကိုလည်းကောင်း ခေါ်ဆောင်၍ ထိုအရပ်သို့ရောက်လာ၏။ ထိုသူတို့သည် မီးအိမ်၊ မီးရှူးနှင့် လက်နက်များကိုကိုင်ဆောင်ထားကြ၏။
18:4 ယေရှုသည် မိမိ၌ဖြစ်လာမည့်အရာအလုံးစုံတို့ကို သိနှင့်တော်မူသောကြောင့် ထွက်လာ၍ “မည်သူ့ကိုရှာကြသနည်း” ဟု မေးတော်မူလျှင်
18:5 သူတို့က “နာဇရက်မြို့သားယေရှုကိုရှာသည်”ဟု ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း “ငါဖြစ်သည်” ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသူ ယုဒသည်လည်း ထိုသူတို့နှင့်အတူရပ်လျက်နေ၏။
18:6 ထိုသို့ ကိုယ်တော်က “ငါဖြစ်သည်” ဟု မိန့်တော်မူသောအခါ သူတို့သည် နောက်သို့ဆုတ်၍ မြေပေါ်၌လဲကျကြ၏။
18:7 ထို့ကြောင့် ကိုယ်တော်သည် နောက်တစ်ဖန် သူတို့အား “မည်သူ့ကိုရှာကြသနည်း” ဟု မေးတော်မူလျှင် သူတို့က “နာဇရက်မြို့သားယေရှုကိုရှာသည်”ဟု ဆိုကြ၏။
18:8 ယေရှုကလည်း “ငါဖြစ်သည်ဟု သင်တို့အား ငါပြောခဲ့ပြီ။ သို့ဖြစ်၍ သင်တို့သည် ငါ့ကိုရှာကြလျှင် ဤသူတို့သွားပါလေစေ” ဟု ပြန်၍မိန့်တော်မူ၏။
18:9 ထိုသို့မိန့်တော်မူသည်မှာ “အကျွန်ုပ်ထံ ကိုယ်တော်ပေးအပ်တော်မူသောသူတို့တွင် မည်သူမျှ အကျွန်ုပ်မဆုံးရှုံးခဲ့ပါ” ဟု ကိုယ်တော်မြွက်ဆိုခဲ့သောစကား ပြည့်စုံစေရန်ဖြစ်၏။
18:10 ထိုစဉ်တွင် ရှိမုန်ပေတရုသည် ပါလာသောဓားကိုဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ယာဘက်နားရွက်ပြတ်သွားလေ၏။ ထိုအစေအပါး၏အမည်ကား မာလခုဖြစ်၏။
18:11 ယေရှုကလည်း “ဓားကို ဓားအိမ်ထဲသို့ပြန်သွင်းလော့။ ငါ့အား ခမည်းတော်ပေးတော်မူသောခွက်ကို ငါမသောက်ဘဲနေရမည်လော” ဟု ပေတရုအား မိန့်တော်မူ၏။
18:12 ထိုအခါ တပ်ဖွဲ့တစ်ဖွဲ့၊ တပ်မှူးကြီးနှင့် ဂျူးလူမျိုးအစောင့်တပ်သားတို့သည် ယေရှုကိုဖမ်းဆီး၍ ချည်နှောင်ကြကာ
18:13 အန္နတ်ထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။ အကြောင်းမူကား အန္နတ်သည် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမဖြစ်၏။
18:14 ထိုကယာဖသည် “လူတစ်ဦးက လူထုကိုယ်စားအသေခံခြင်းသည် ပို၍ကောင်း၏”ဟု ဂျူးလူမျိုး တို့အား အကြံပေးခဲ့သူဖြစ်၏။
18:15 ရှိမုန်ပေတရုနှင့် အခြားတပည့်တော်တစ်ပါးသည် ယေရှုနောက်တော်သို့ လိုက်သွားကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏အသိဖြစ်၍ ယေရှုနှင့်အတူ ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲသို့ ဝင်လေ၏။
18:16 ပေတရုမူကား ခြံတံခါးအပြင်ဘက်၌ ရပ်နေ၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်မင်း၏အသိဖြစ်သော ထိုတပည့်တော်သည်ထွက်လာ၍ တံခါးစောင့်မိန်းမအားပြောပြီးလျှင် ပေတရုကို အထဲသို့ခေါ်သွားလေ၏။
18:17 ထိုအခါ တံခါးစောင့်ဖြစ်သော ထိုအစေခံမိန်းမက ပေတရုအား “သင်သည်လည်း ထိုသူ၏တပည့်တစ်ဦးဖြစ်သည်မဟုတ်လော”ဟု ဆိုလျှင် ပေတရုက “မဟုတ်ပါ”ဟု ဆိုလေ၏။
18:18 ထိုကာလသည်ချမ်းအေးသောကြောင့် အစေအပါးတို့နှင့် အစောင့်တပ်သားတို့သည် မီးခဲဖိုပြီး ရပ်လျက်မီးလှုံနေကြ၏။ ပေတရုသည်လည်း သူတို့နှင့်အတူရပ်၍ မီးလှုံနေ၏။
18:19 ထိုစဉ်တွင် ယဇ်ပုရောဟိတ်မင်းသည် ယေရှုအား တပည့်တော်တို့နှင့်ပတ်သက်၍လည်းကောင်း၊ သူ၏သွန်သင်ချက်နှင့်ပတ်သက်၍လည်းကောင်း မေးမြန်း၏။
18:20 ယေရှုကလည်း “ငါသည် လောက၌ ထင်ရှားစွာဟောပြောခဲ့၏။ ဂျူးလူမျိုးအပေါင်းတို့စုဝေးရာ ဝတ်ပြုစည်းဝေးကျောင်း နှင့် ဗိမာန်တော်၌ အစဉ်အမြဲသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပေ။
18:21 သင်သည် အဘယ်ကြောင့် ငါ့ကိုမေးမြန်းသနည်း။ လူတို့အား မည်သို့ ငါဟောပြောခဲ့သည်ကို ကြားနာသောသူတို့ထံ မေးမြန်းလော့။ ငါပြောဆိုခဲ့သောအရာများကို ထိုသူတို့သိကြ၏” ဟု ပြန်၍မိန့်တော်မူ၏။
18:22 ထိုသို့မိန့်တော်မူသောအခါ အနီး၌ရပ်နေသော အစောင့်တပ်သားတစ်ဦးက “ယဇ်ပုရောဟိတ်မင်းကို ဤသို့ပြန်ပြောရသလော”ဟု ဆိုလျက် ယေရှုကိုရိုက်ပုတ်လေ၏။
18:23 ယေရှုကလည်း “ငါပြောသောအရာမမှန်လျှင် မမှန်သည့်အကြောင်းကို ထောက်ပြလော့။ မှန်သည်ဆိုလျှင် အဘယ်ကြောင့် ငါ့ကိုရိုက်သနည်း” ဟု ထိုသူအား မိန့်တော်မူ၏။
18:24 ထို့နောက် အန္နတ်သည် ကိုယ်တော်ကိုချည်နှောင်ထားသည့်အတိုင်း ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ပို့လိုက်၏။
18:25 ရှိမုန်ပေတရုမူကား ရပ်လျက်မီးလှုံနေဆဲဖြစ်၏။ ထိုအခါ လူတို့က “သင်သည်လည်း ထိုသူ၏တပည့်များထဲမှတစ်ဦးဖြစ်သည်မဟုတ်လော”ဟု မေးကြလျှင် ပေတရုက “မဟုတ်ပါ”ဟု ငြင်းဆိုလေ၏။
18:26 ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးဖြစ်ပြီး ပေတရုခုတ်၍ နားရွက်ပြတ်သောသူ၏ဆွေမျိုးလည်းဖြစ်သူက “သင့်ကို ထိုသူနှင့်အတူ ဥယျာဉ်ထဲ၌ ငါမြင်ခဲ့သည်မဟုတ်လော”ဟု ဆိုလေ၏။
18:27 ထိုအခါ ပေတရုသည် ပြန်၍ငြင်းဆိုသည်နှင့် ချက်ချင်းပင် ကြက်တွန်လေ၏။
18:28 ထို့နောက် သူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ အချိန်ကား နံနက်စောစောအချိန်ဖြစ်၏။ သူတို့သည် ညစ်ညူးခြင်းနှင့်ကင်းလွတ်၍ ပသခါပွဲတော်ကိုစားနိုင်ရန် ရုံးတော်ထဲသို့မဝင်ဘဲနေကြ၏။
18:29 ထို့ကြောင့် ပိလတ်မင်းသည် သူတို့ရှိရာအပြင်သို့ ထွက်လာ၍ “သင်တို့သည် ဤသူအပေါ်၌ မည်သည့်စွပ်စွဲချက်ကို တင်ကြသနည်း”ဟု မေးလေ၏။
18:30 သူတို့ကလည်း “ဤသူသည် အပြစ်ကျူးလွန်သူမဟုတ်လျှင် သူ့ကို အရှင့်ထံသို့ အပ်နှံကြမည်မဟုတ်ပါ”ဟု ပြန်၍လျှောက်ကြ၏။
18:31 ထိုအခါ ပိလတ်မင်းက “သင်တို့ကိုယ်တိုင် သူ့ကိုခေါ်သွား၍ သင်တို့၏ပညတ်တရားအတိုင်း စီရင်ကြပါ”ဟု ဆို၏။ ဂျူးလူမျိုး တို့ကလည်း “အကျွန်ုပ်တို့၌ မည်သူ့ကိုမျှ ကွပ်မျက်ပိုင်ခွင့်မရှိပါ”ဟု လျှောက်ကြ၏။
18:32 ဤသည်ကား မိမိသည် မည်သို့သောသေခြင်းမျိုးဖြင့် အသေခံရမည်ကို အရိပ်အမြွက်မိန့်တော်မူခဲ့သော ယေရှု၏စကားပြည့်စုံစေမည့်အကြောင်းတည်း။
18:33 ထို့ကြောင့် ပိလတ်မင်းသည် ရုံးတော်ထဲသို့ ပြန်ဝင်၍ ယေရှုကိုခေါ်ပြီးလျှင် “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု မေးလေ၏။
18:34 ယေရှုက “သင်သည် ကိုယ့်ဆန္ဒအလျောက် ဤသို့မေးသလော၊ သို့မဟုတ် အခြားသောသူတို့သည် သင့်အား ငါ့အကြောင်းကို ပြောကြသလော” ဟု ပြန်၍မေးတော်မူ၏။
18:35 ပိလတ်မင်းက “ငါသည် ဂျူးလူမျိုးဖြစ်သလော။ သင်၏အမျိုးသားချင်းနှင့် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် သင့်ကို ငါ့ထံအပ်နှံကြပြီ။ သင်မည်သည့်အရာကိုပြုမိသနည်း”ဟု မေးလေ၏။
18:36 ယေရှုက “ငါ့နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ့နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်ခဲ့လျှင် ငါသည် ဂျူးလူမျိုး တို့လက်သို့ အပ်နှံခြင်းမခံရရန် ငါ့လူတို့သည် တိုက်ခိုက်ခဲ့ကြပေလိမ့်မည်။ သို့သော် ယခုတွင် ငါ့နိုင်ငံသည် ဤနေရာမှဖြစ်တည်သည်မဟုတ်” ဟု မိန့်တော်မူ၏။
18:37 ထို့ကြောင့် ပိလတ်မင်းက “သို့ဖြစ်လျှင် သင်သည် ဘုရင်ပေလော”ဟု ဆိုလျှင် ယေရှုက “သင်ဆိုသည့်အတိုင်း ငါသည်ဘုရင်ပေတည်း။ ငါသည် သမ္မာတရားဘက်၌သက်သေခံရန် မွေးဖွားခြင်းကိုခံ၍ ထိုအတွက်ပင် ဤလောကသို့ကြွလာ၏။ သမ္မာတရားနှင့်စပ်ဆိုင်သောသူတိုင်း ငါ့အသံကိုနားထောင်၏” ဟု ပြန်၍မိန့်တော်မူ၏။
18:38 ပိလတ်မင်းက “သမ္မာတရားဆိုသည်မှာ အဘယ်နည်း”ဟု ဆိုပြီးလျှင် ဂျူးလူမျိုးတို့ရှိရာသို့ တစ်ဖန်ထွက်သွား၍ “ထိုသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့။
18:39 သို့ရာတွင် ပသခါပွဲတော်၌ လူတစ်ဦးကို သင်တို့အတွက် ငါလွှတ်ပေးရမည့်ထုံးစံရှိသည်ဖြစ်၍ ဂျူးလူမျိုးတို့၏ဘုရင်ကို သင်တို့အတွက် လွှတ်ပေးစေလိုသလော”ဟု သူတို့အားမေးလေ၏။
18:40 ထိုအခါ သူတို့က “သူ့ကိုမလွှတ်ဘဲ ဗာရဗ္ဗကိုလွှတ်ပေးပါ”ဟု ပြန်၍အော်ဟစ်လျှောက်ထားကြ၏။ ဗာရဗ္ဗကား ဓားပြဖြစ်၏။