John 3
3:1 ဖာရိရှဲတို့ထဲတွင် နိကောဒင်အမည်ရှိသော ဂျူးလူမျိုးတို့၏အကြီးအကဲတစ်ဦးရှိ၏။
3:2 သူသည် ညအခါ ယေရှုထံသို့လာ၍ “ရဗ္ဗိ ၊ ကိုယ်တော်သည် ဘုရားသခင်ထံမှကြွလာသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အတူပါရှိတော်မမူလျှင် ကိုယ်တော်ပြုနေသော ဤနိမိတ်လက္ခဏာများကို မည်သူမျှ ပြုနိုင်မည်မဟုတ်ပါ”ဟု လျှောက်လေ၏။
3:3 ယေရှုက “သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် အသစ်တစ်ဖန်မွေးဖွားခြင်းမခံလျှင် ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်နိုင်” ဟု ပြန်၍မိန့်တော်မူ၏။
3:4 နိကောဒင်ကလည်း “အသက်ကြီးသောသူသည် မည်ကဲ့သို့ မွေးဖွားခြင်းခံနိုင်မည်နည်း။ သူ့မိခင်၏ဝမ်းထဲသို့ နောက်တစ်ဖန်ဝင်၍ မွေးဖွားခြင်းကိုခံနိုင်ပါမည်လော”ဟု လျှောက်လေ၏။
3:5 ယေရှုက “သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းကိုမခံလျှင် ဘုရားသခင်၏နိုင်ငံတော်သို့မဝင်နိုင်။
3:6 အသွေးအသားအားဖြင့် မွေးဖွားသောအရာသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောအရာသည် ဝိညာဉ်ဖြစ်၏။
3:7 ‘သင်တို့သည် အသစ်တစ်ဖန်မွေးဖွားခြင်းခံရမည်’ဟု ငါဆိုသောကြောင့် မအံ့သြနှင့်။
3:8 လေသည် အလိုရှိရာသို့တိုက်တတ်၏။ သင်သည် သူ့အသံကိုကြားရသော်လည်း မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားသည်ကိုမသိ။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောသူတိုင်းလည်း ထိုနည်းတူဖြစ်၏” ဟု ပြန်၍မိန့်တော်မူ၏။
3:9 နိကောဒင်ကလည်း “ဤအရာတို့သည် မည်သို့ဖြစ်နိုင်ပါမည်နည်း”ဟု လျှောက်ပြန်သော်
3:10 ယေရှုက “သင်သည် အစ္စရေးလူမျိုးတို့၏ဆရာဖြစ်လျက်နှင့် ဤအရာများကို နားမလည်သလော။
3:11 သင့်အား ငါအမှန်အကန်ဆိုမည်။ ငါတို့သည် ကိုယ်သိသောအရာကိုပြောဆိုလျက် ကိုယ်မြင်သောအရာကိုသက်သေခံ၏။ သို့သော် သင်တို့သည် ငါတို့၏သက်သေခံချက်ကိုလက်မခံကြ။
3:12 လောကနှင့်ဆိုင်သောအရာများကို သင်တို့အား ငါပြော၍ သင်တို့မယုံကြည်ကြလျှင် ကောင်းကင်နှင့်ဆိုင်သောအရာများကို ငါပြောသောအခါ သင်တို့သည် မည်သို့ယုံကြည်ကြမည်နည်း။
3:13 ကောင်းကင်မှဆင်းသက်သော လူ့သားမှတစ်ပါး ကောင်းကင်သို့တက်သွားခဲ့သူတစ်စုံတစ်ဦးမျှမရှိ။
3:14 မောရှေသည် တောကန္တာရ၌ မြွေကိုမြှောက်ထားသကဲ့သို့ လူ့သားသည်လည်း သူ့ကိုယုံကြည်သောသူတိုင်း ထာဝရအသက်ကိုရရှိရန် မြှောက်ထားခြင်းခံရမည်။
3:16 ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။
3:17 ဘုရားသခင်သည် သားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်မှာ လောကီသားတို့ကို ပြစ်ဒဏ်စီရင်ရန်မဟုတ်။ လောကီသားတို့သည် သားတော်အားဖြင့် ကယ်တင်ခြင်းခံရရန်အတွက်ဖြစ်၏။
3:18 သားတော်ကိုယုံကြည်သောသူသည် ပြစ်ဒဏ်စီရင်ခြင်းကိုမခံရ။ မယုံကြည်သောသူမူကား ဘုရားသခင်၏တစ်ပါးတည်းသောသားတော်၏နာမတော်ကို မယုံကြည်သောကြောင့် ပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီဖြစ်၏။
3:19 စီရင်ဆုံးဖြတ်ချက်ကား ဤသို့ဖြစ်၏။ အလင်းသည် ဤလောကသို့ရောက်ရှိပြီဖြစ်သော်လည်း လူတို့သည် မိမိတို့ပြုသောအမှုများမကောင်းသောကြောင့် အလင်းထက် အမှောင်ကို ပို၍နှစ်သက်ကြ၏။
3:20 ဆိုးညစ်သောအမှုများကို ပြုကျင့်သောသူတိုင်း အလင်းကိုမုန်းလျက် မိမိပြုသောအမှုများ ဖော်ပြခြင်းခံရမည်ကိုစိုးရိမ်သဖြင့် အလင်းထံသို့မချဉ်းကပ်ကြ။
3:21 သမ္မာတရားကိုကျင့်သုံးသောသူမူကား မိမိပြုသောအမှုများသည် ဘုရားသခင်အားဖြင့်ပြုခြင်းဖြစ်ကြောင်း ထင်ရှားစေရန် အလင်းထံသို့ချဉ်းကပ်၏” ဟု ပြန်၍မိန့်တော်မူ၏။
3:22 ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်တကွ ယုဒနယ်သို့ကြွတော်မူပြီး ထိုအရပ်၌ သူတို့နှင့်အတူနေလျက် ဗတ္တိဇံပေးတော်မူ၏။
3:23 ယောဟန်သည်လည်း ရှာလိမ်မြို့အနီး အဲနုန်အရပ်တွင် ရေများစွာရှိသောကြောင့် ထိုအရပ်၌ ဗတ္တိဇံပေးလျက်နေသဖြင့် လူတို့သည်လာ၍ ဗတ္တိဇံခံကြ၏။
3:24 (ယောဟန်သည် ထောင်ထဲ၌ ထည့်ထားခြင်းမခံရသေးသောကြောင့်ဖြစ်၏။)
3:25 ထိုအခါ ယောဟန်၏တပည့်တို့သည် စင်ကြယ်ခြင်းဝတ်နှင့်ပတ်သက်၍ ဂျူးလူမျိုးတစ်ဦးနှင့်ငြင်းခုံဆွေးနွေးကြ၏။
3:26 သူတို့သည် ယောဟန်ထံသို့လာ၍ “ရဗ္ဗိ ၊ ကြည့်ပါ။ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၌ ရဗ္ဗိနှင့်အတူရှိ၍ ရဗ္ဗိက သက်သေခံပေးခဲ့သူသည် ဗတ္တိဇံပေးလျက်နေသဖြင့် လူအပေါင်းတို့သည် သူ့ထံသို့သွားကြပါသည်”ဟု လျှောက်လေ၏။
3:27 ယောဟန်က “ကောင်းကင်မှပေးတော်မမူလျှင် လူသည် မည်သည့်အရာကိုမျှမရနိုင်။
3:28 ‘ငါသည် ခရစ်တော်မဟုတ်။ သူ့ရှေ့၌စေလွှတ်ခြင်းခံရသူသာဖြစ်သည်’ဟု ငါပြောခဲ့ကြောင်း သင်တို့ကိုယ်တိုင် ငါ၏သက်သေများဖြစ်ကြ၏။
3:29 သတို့သမီးကိုရသောသူသည် သတို့သားဖြစ်၏။ သတို့သား၏အသံကို ရပ်လျက်နားထောင်နေသော သတို့သား၏မိတ်ဆွေမူကား သတို့သား၏အသံကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်၏။ သို့ဖြစ်၍ ငါသည်လည်း ထိုဝမ်းမြောက်ခြင်းနှင့် ပြည့်ဝလျက်ရှိ၏။
3:30 ထိုအရှင်သည် တိုးပွားရမည်။ ငါမူကား ဆုတ်ယုတ်ရမည်”ဟု ပြန်ပြောလေ၏။
3:31 အထက်မှကြွလာသောအရှင်သည် အလုံးစုံတို့၏အထွတ်ဖြစ်၏။ မြေကြီးမှဖြစ်သောသူသည် မြေကြီးနှင့်ဆိုင်၍ မြေကြီးနှင့်ဆိုင်သောအရာကိုပြောဆိုတတ်၏။ ကောင်းကင်မှကြွလာသောအရှင်သည် အလုံးစုံတို့၏အထွတ်ဖြစ်၏။
3:32 ကိုယ်တော်သည် မိမိမြင်ခဲ့၊ ကြားခဲ့ရသောအရာကို သက်သေခံသော်လည်း ကိုယ်တော်၏သက်သေခံချက်ကို မည်သူမျှလက်မခံကြ။
3:33 ကိုယ်တော်၏သက်သေခံချက်ကို လက်ခံသောသူကား ဘုရားသခင်သည်ဖြောင့်မှန်တော်မူကြောင်း တံဆိပ်ခတ်နှိပ်၏။
3:34 ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်များကိုမြွက်ဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆမရှိပေးတော်မူ၏။
3:35 ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ အရာခပ်သိမ်းတို့ကို သားတော်လက်သို့ပေးအပ်တော်မူပြီ။
3:36 သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုမနာခံသောသူမူကား အသက်ကိုမတွေ့မမြင်ရသည်သာမက ဘုရားသခင်၏အမျက်တော်သည် သူ့အပေါ်၌တည်၏။