John 6
6:1 ထို့နောက် ယေရှုသည် ဂါလိလဲပင်လယ် (တိဗေရိပင်လယ်) တစ်ဖက်ကမ်းသို့ ကူးတော်မူ၏။
6:2 များစွာသောလူထုပရိသတ်တို့သည်လည်း နာမကျန်းဖြစ်သူတို့အပေါ်၌ ပြုတော်မူသောနိမိတ်လက္ခဏာများကိုမြင်၍ နောက်တော်သို့လိုက်ကြ၏။
6:3 ယေရှုသည် တောင်ပေါ်သို့တက်သွား၍ ထိုအရပ်၌ တပည့်တော်တို့နှင့်အတူထိုင်တော်မူ၏။
6:4 ထိုအချိန်သည် ဂျူးလူမျိုးတို့၏ပွဲတော်တည်းဟူသော ပသခါပွဲတော်နီးကပ်သည့်အချိန်ဖြစ်၏။
6:5 ယေရှုသည် မျှော်ကြည့်၍ မိမိထံသို့ အလွန်များစွာသောလူထုပရိသတ်တို့လာနေကြသည်ကို မြင်တော်မူလျှင် ဖိလိပ္ပုအား “ဤသူတို့စားရန် မုန့်ကို အဘယ်ကဝယ်ကြမည်နည်း” ဟု မေးတော်မူ၏။
6:6 ဤသည်ကား ဖိလိပ္ပုကိုစမ်းသပ်လို၍ မေးတော်မူခြင်းသာဖြစ်ပြီး မိမိမည်သို့ပြုမည်ကို သိနှင့်ပြီဖြစ်၏။
6:7 ဖိလိပ္ပုကလည်း “သူတို့ကို တစ်ယောက်တစ်ဖဲ့စီပေးသည့်တိုင် ဒေနာရိ နှစ်ရာဖိုးထိုက်သောမုန့်ရှိလျှင်လည်း လုံလောက်မည်မဟုတ်ပါ”ဟု ပြန်လျှောက်လေ၏။
6:8 တပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သူ ရှိမုန်ပေတရု၏ညီအနြေ္ဒက
6:9 “ဤနေရာတွင် မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော် ဤမျှလောက်များပြားသောသူတို့အတွက် ထိုမုန့်နှင့်ငါးတို့သည် မည်သို့အကျိုးထူးမည်နည်း”ဟု လျှောက်လေ၏။
6:10 ယေရှုက “လူတို့ကိုထိုင် စေကြလော့” ဟု မိန့်တော်မူ၏။ (ထိုနေရာ၌ မြက်ပင်ထူထပ်လျက်ရှိ၏။) သို့ဖြစ်၍ အရေအတွက်အားဖြင့် ငါးထောင်ခန့်ရှိသောယောက်ျားတို့သည် ထိုင် ကြ၏။
6:11 ထိုအခါ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ ထိုင် နေသောသူတို့အား ခွဲဝေပေးတော်မူ၏။ ထိုနည်းတူ ငါးကိုလည်း သူတို့အလိုရှိသလောက် ခွဲဝေပေးတော်မူ၏။
6:12 ထိုသူတို့သည် ဝလင်စွာစားကြပြီးသောအခါ ယေရှုက တပည့်တော်တို့အား “တစ်စုံတစ်ခုမျှ အလဟဿမဖြစ်စေရန် ကြွင်းကျန်သောအကျိုးအပဲ့များကို ကောက်သိမ်းကြလော့” ဟု မိန့်တော်မူ၏။
6:13 တပည့်တော်တို့သည်လည်း ကောက်သိမ်းကြရာ လူတို့စားခဲ့သောမုယောမုန့်ငါးလုံးမှ ကြွင်းကျန်သည့်အကျိုးအပဲ့များကို တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
6:14 လူတို့သည် ယေရှုပြုတော်မူသော ထိုနိမိတ်လက္ခဏာကိုမြင်၍ “ဤသူသည် အမှန်ပင် ဤလောကသို့ကြွလာရမည့် ထိုပရောဖက်ဖြစ်သည်”ဟု ဆိုကြ၏။
6:15 လူတို့သည်လာ၍ မိမိကိုအတင်းခေါ်ဆောင်သွားပြီး မင်းမြှောက်ရန် ကြံရွယ်နေကြသည်ကို ယေရှုသိတော်မူသဖြင့် တစ်ဖန် တောင်ပေါ်သို့ တစ်ကိုယ်တည်းထွက်သွားတော်မူ၏။
6:16 ညနေချမ်းအချိန်ရောက်သောအခါ တပည့်တော်တို့သည် ပင်လယ်သို့ဆင်းသွား၍
6:17 လှေပေါ်တက်ပြီးလျှင် ပင်လယ်တစ်ဖက်ကမ်းရှိ ကပေရနောင်မြို့သို့ ကူးသွားကြ၏။ မိုးချုပ်ပြီဖြစ်သော်လည်း ယေရှုသည် သူတို့ထံသို့မရောက်လာသေး။
6:18 ပင်လယ်၌လည်း လေပြင်းတိုက်လျက်နေသဖြင့် လှိုင်းတံပိုးများထလာ၏။
6:19 သုံးလေးမိုင် ခန့်လှော်ခတ်ပြီးသောအခါ ပင်လယ်ပေါ်တွင် ယေရှုလမ်းလျှောက်လျက် လှေအနီးသို့ချဉ်းကပ်လာသည်ကို တပည့်တော်တို့မြင်၍ ကြောက်ရွံ့ကြ၏။
6:20 သို့သော် ကိုယ်တော်က “မကြောက်ကြနှင့်၊ ငါပင်ဖြစ်သည်” ဟု မိန့်တော်မူ၏။
6:21 ထိုအခါ တပည့်တော်တို့သည် အားရဝမ်းမြောက်လျက် ကိုယ်တော်ကို လှေပေါ်သို့ခေါ်ဖိတ်လက်ခံကြရာ လှေသည် သူတို့သွားရန်ရည်ရွယ်ထားသည့်အရပ်သို့ ချက်ချင်းရောက်လေ၏။
6:22 နောက်တစ်နေ့၌ ပင်လယ်တစ်ဖက်ကမ်းတွင် နေရစ်သောလူထုပရိသတ်သည် ထိုအရပ်၌ လှေငယ် တစ်စင်းမှလွဲ၍ အခြားလှေမရှိခဲ့ကြောင်းကိုလည်းကောင်း၊ ထိုလှေ၌ ယေရှုသည် တပည့်တော်တို့နှင့်အတူမလိုက်မပါဘဲ တပည့်တော်တို့သာ ထွက်သွားခဲ့ကြောင်းကိုလည်းကောင်း သတိပြုမိကြ၏။
6:23 သို့သော် တိဗေရိမြို့မှ အခြားလှေငယ်များသည် သခင်ဘုရားကျေးဇူးတော်ချီးမွမ်း၍ လူများမုန့်ကိုစားခဲ့ရာအရပ်အနီးသို့ ရောက်လာကြသောအခါ
6:24 လူထုပရိသတ်သည် ထိုအရပ်၌ ယေရှုမှစ၍တပည့်တော်တို့ပါ မရှိကြောင်းကိုသိမြင်သဖြင့် ထိုလှေငယ်များပေါ်တက်ပြီးလျှင် ယေရှုကိုရှာရန် ကပေရနောင်မြို့သို့သွားကြ၏။
6:25 ပင်လယ်တစ်ဖက်ကမ်းတွင် ကိုယ်တော်ကိုတွေ့ကြသောအခါ သူတို့က “ရဗ္ဗိ ၊ ဤအရပ်သို့ မည်သည့်အချိန်က ကြွရောက်တော်မူသနည်း”ဟု မေးလျှောက်ကြ၏။
6:26 ယေရှုကလည်း “သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့ငါ့ကိုရှာကြသည်မှာ နိမိတ်လက္ခဏာများကိုမြင်ရသောကြောင့်မဟုတ်။ မုန့်ကိုစား၍ဝသောကြောင့်သာဖြစ်၏။
6:27 ပျက်စီးတတ်သောအစားအစာအတွက်မဟုတ်ဘဲ လူ့သားသည် သင်တို့ကိုပေးမည့် ထာဝရအသက်တိုင်အောင်တည်မြဲသောအစားအစာအတွက် လုပ်ဆောင်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် ထိုလူ့သားကို တံဆိပ်ခတ်နှိပ်တော်မူ၏ ”ဟု ပြန်၍မိန့်တော်မူ၏။
6:28 သူတို့ကလည်း “ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်တို့သည် မည်သည့်အရာကို ပြုရပါမည်နည်း”ဟု မေးလျှောက်ကြ၏။
6:29 ယေရှုက “ဘုရားသခင်၏အမှုတော်မှာ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းပင်ဖြစ်၏” ဟု ပြန်၍မိန့်တော်မူ၏။
6:30 သူတို့ကလည်း “သို့ဖြစ်လျှင် အကျွန်ုပ်တို့မြင်၍ ကိုယ်တော်ကိုယုံကြည်နိုင်ရန် မည်သို့သောနိမိတ်လက္ခဏာကို ကိုယ်တော်ပြုတော်မူမည်နည်း။ မည်သည့်အမှုကို ဆောင်ရွက်ပေးတော်မူမည်နည်း။
6:31 ကျမ်းစာ၌ ‘ကောင်းကင်မှမုန့်ကို သူတို့စားရန်ပေးတော်မူ၏’ ဟူ၍ ရေးထားသည့်အတိုင်း အကျွန်ုပ်တို့၏ဘိုးဘေးများသည် တောကန္တာရတွင် မန္နကိုစားရကြသည်”ဟု လျှောက်ကြ၏။
6:32 ယေရှုကလည်း “သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကောင်းကင်မှမုန့်ကို သင်တို့အား ပေးခဲ့သူမှာ မောရှေမဟုတ်။ ငါ့ခမည်းတော်ကသာ ကောင်းကင်မှစစ်မှန်သောမုန့်ကို သင်တို့အား ပေးတော်မူ၏။
6:33 အကြောင်းမူကား ဘုရားသခင်၏မုန့်သည် ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောသူဖြစ်၏” ဟု မိန့်တော်မူ၏။
6:34 ထိုအခါ သူတို့က “သခင်ဘုရား၊ ထိုမုန့်ကို အကျွန်ုပ်တို့အား အစဉ်ပေးတော်မူပါ”ဟု လျှောက်ကြ၏။
6:35 ယေရှုကလည်း “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှ ဆာလောင်မည်မဟုတ်။ ငါ့ကိုယုံကြည်သောသူသည်လည်း မည်သည့်အခါမျှရေငတ်တော့မည်မဟုတ်။
6:36 သို့ရာတွင် သင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။
6:37 ငါ့အားခမည်းတော်ပေးတော်မူသောသူမှန်သမျှသည် ငါ့ထံသို့လာမည်။ ငါ့ထံသို့လာသောသူကိုလည်း ငါသည် မည်သည့်အခါမျှနှင်ထုတ်မည်မဟုတ်။
6:38 အကြောင်းမူကား ငါသည် မိမိအလိုကို ဆောင်ရွက်ရန်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကို ဆောင်ရွက်ရန် ကောင်းကင်မှဆင်းသက်၏။
6:39 ငါ့ကိုစေလွှတ်တော်မူသောအရှင် ၏အလိုတော်ကား ငါ့ထံကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့တွင် တစ်စုံတစ်ဦးကိုမျှ ငါမဆုံးရှုံးဘဲ နောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက်စေရန်ဖြစ်၏။
6:40 အမှန်စင်စစ် ငါ့ခမည်းတော်၏အလိုတော်မှာ သားတော်ကိုမြင်၍ယုံကြည်သောသူတိုင်း ထာဝရအသက်ကိုရရှိရန်ဖြစ်၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက်စေမည်” ဟု မိန့်တော်မူ၏။
6:41 ယေရှုက “ငါသည် ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏” ဟု မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့က
6:42 “ဤသူသည် ယောသပ်၏သားယေရှုဖြစ်သည်မဟုတ်လော။ သူ၏မိခင်နှင့်ဖခင်ကိုလည်း ငါတို့သိကြသည်မဟုတ်လော။ ယခု သူသည် အဘယ်ကြောင့် ‘ငါသည် ကောင်းကင်မှဆင်းသက်၏’ ဟု ဆိုရသနည်း”ဟူ၍ ကိုယ်တော်အကြောင်းကို မကျေမနပ်ပြောဆိုကြ၏။
6:43 ယေရှုကလည်း “အချင်းချင်းကြားတွင်မကျေမနပ်ပြောဆိုမနေကြနှင့်။
6:44 ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ဆွဲငင်တော်မမူလျှင် မည်သူမျှ ငါ့ထံသို့မလာနိုင်။ ငါ့ထံသို့လာသောသူကို နောက်ဆုံးသောနေ့၌ ငါသည်ထမြောက်စေမည်။
6:45 ပရောဖက်ကျမ်းများတွင် ‘ထိုသူအပေါင်းတို့သည် ဘုရားသခင်၏သွန်သင်တော်မူခြင်းကို ခံရသောသူများဖြစ်ကြလိမ့်မည်’ ဟု ရေးထားသည်ဖြစ်၍ ခမည်းတော်ထံ၌ ကြားနာပြီး နည်းခံသောသူတိုင်းသည် ငါ့ထံသို့လာကြ၏။
6:46 ထိုသို့ဆိုသော် တစ်စုံတစ်ယောက်က ခမည်းတော်ကိုမြင်ခဲ့ပြီဟုမဆိုလို။ ဘုရားသခင်ထံမှ ကြွလာသောသူတစ်ဦးတည်းသာလျှင် ခမည်းတော်ကိုမြင်ခဲ့၏။
6:47 သင်တို့အား ငါအမှန်အကန်ဆိုမည်။ ယုံကြည် သောသူသည် ထာဝရအသက်ကိုရရှိ၏။
6:48 ငါသည် အသက်မုန့်ဖြစ်၏။
6:49 သင်တို့၏ဘိုးဘေးများသည် တောကန္တာရ၌ မန္နကိုစားခဲ့ပြီး သေဆုံးသွားကြ၏။
6:50 ဤမုန့်ကား စားသုံးသောသူသည် သေခြင်းနှင့်ကင်းလွတ်မည့်အကြောင်း ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏။
6:51 ငါသည် ကောင်းကင်မှဆင်းသက်သည့် အသက်ရှင်သောမုန့်ဖြစ်၏။ မည်သူမဆို ဤမုန့်ကိုစားလျှင် ကာလအစဉ်အဆက်အသက်ရှင်မည်။ လောကီသားတို့၏အသက်အတွက် ငါပေးမည့်မုန့်ကား ငါ၏အသား ပေတည်း” ဟု မိန့်တော်မူ၏။
6:52 ထိုအခါ ဂျူးလူမျိုးတို့က “ဤသူသည် သူ့အသားကို ငါတို့စားရန် မည်သို့ပေးနိုင်မည်နည်း”ဟု အချင်းချင်းငြင်းခုံပြောဆိုကြ၏။
6:53 ယေရှုကလည်း “သင်တို့အား ငါအမှန်အကန်ဆိုမည်။ လူ့သား၏အသားကိုမစား၊ သူ၏သွေးကိုမသောက်လျှင် သင်တို့၌အသက်မရှိ။
6:54 ငါ၏အသားကိုစား၍ ငါ၏သွေးကိုသောက်သောသူသည် ထာဝရအသက်ကိုရရှိ၏။ ငါသည် ထိုသူကို နောက်ဆုံးသောနေ့၌ ထမြောက်စေမည်။
6:55 အကြောင်းမူကား ငါ၏အသားသည် စစ်မှန်သောစားစရာဖြစ်ပြီး ငါ၏သွေးသည် စစ်မှန်သောသောက်စရာဖြစ်၏။
6:56 ငါ၏အသားကိုစား၍ ငါ၏သွေးကိုသောက်သောသူသည် ငါ၌တည်၏။ ငါသည်လည်း ထိုသူ၌တည်၏။
6:57 အသက်ရှင်တော်မူသောခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍ ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သကဲ့သို့ ငါ့ကိုစားသောသူသည်လည်း ငါ့အားဖြင့် အသက်ရှင်မည်။
6:58 ဤမုန့်ကား ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများစားပြီး သေဆုံးသွားရသည့်မုန့် မျိုးမဟုတ်။ ဤမုန့်ကိုစားသောသူသည် ကာလအစဉ်အဆက်အသက်ရှင်မည်” ဟု မိန့်တော်မူ၏။
6:59 ကိုယ်တော်သည် ကပေရနောင်မြို့၌ သွန်သင်တော်မူစဉ် ဤအကြောင်းအရာများကို ဝတ်ပြုစည်းဝေးကျောင်း တွင် မိန့်တော်မူ၏။
6:60 တပည့်တော်တို့ထဲမှအများစုသည် ကြားလျှင် “ဤစကားသည် ပြင်းထန်လှ၏။ မည်သူနားထောင်နိုင်မည်နည်း”ဟု ဆိုကြ၏။
6:61 ဤအကြောင်းအရာနှင့်ပတ်သက်၍ တပည့်တော်တို့မကျေမနပ်ပြောဆိုနေကြသည်ကို ယေရှုသည် အလိုအလျောက်သိတော်မူသဖြင့် “ဤစကားကြောင့် သင်တို့စိတ်ပျက်ကြသလော။
6:62 သို့ဖြစ်လျှင် လူ့သားသည် ယခင်နေခဲ့ရာအရပ်သို့တက်သွားသည်ကို သင်တို့မြင်ရပါမူ မည်သို့ဖြစ်မည်နည်း။
6:63 ဝိညာဉ်တော် ကသာ အသက်ရှင်စေ၏။ ကိုယ်ကာယသည် မည်သည့်အကျိုးကိုမျှမပေး။ ငါဟောပြောသောစကားတို့သည် ဝိညာဉ်ဖြစ်ပြီး အသက်လည်းဖြစ်၏။
6:64 သို့သော် သင်တို့တွင် မယုံကြည်သောသူအချို့ရှိ၏” ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသည့်အကြောင်းကား မယုံကြည်သောသူတို့သည် မည်သူတို့ဖြစ်ကြသည်ကိုလည်းကောင်း၊ မိမိကိုအပ်နှံမည့်သူသည် မည်သူဖြစ်သည်ကိုလည်းကောင်း ယေရှုသည် အစအဦးကပင် သိထားတော်မူသောကြောင့်ဖြစ်၏။
6:65 ထို့နောက် ကိုယ်တော်က “ဤအကြောင်းကြောင့် ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင် မည်သူမျှ ငါ့ထံသို့မလာနိုင်ဟု သင်တို့အား ငါပြောခဲ့ပြီ” ဟူ၍ မိန့်တော်မူ၏။
6:66 ထိုအချိန်မှစ၍ တပည့်တော်တို့ထဲမှအများစုသည် ဆုတ်ခွာသွားပြီး ကိုယ်တော်နှင့်အတူမလိုက်မပါတော့ဘဲနေကြ၏။
6:67 ထိုအခါ ယေရှုသည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့အား “သင်တို့လည်း ထွက်ခွာသွားလိုကြသလော” ဟု မေးတော်မူလျှင်
6:68 ရှိမုန်ပေတရုက “သခင်ဘုရား၊ အကျွန်ုပ်တို့သည် မည်သူ့ထံသို့သွားရမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သောစကားတို့သည် ကိုယ်တော်၌သာရှိပါ၏။
6:69 ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ကြောင်း ကိုလည်း အကျွန်ုပ်တို့ယုံကြည်သိရှိကြပါ၏”ဟု လျှောက်လေ၏။
6:70 ယေရှုကလည်း “တစ်ဆယ့်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ်လော။ သို့ဖြစ်ပါလျက်နှင့် သင်တို့ထဲမှတစ်ဦးသည် မာရ်နတ်ဖြစ်၏” ဟု မိန့်တော်မူ၏။
6:71 ဤသည်ကား ရှိမုန်၏သား ယုဒဣရှကာရုတ်ကိုရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။ သူသည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်လျက် ကိုယ်တော်ကိုအပ်နှံရန် ကြံရွယ်နေ၏။