John 8
8:1 ယေရှုမူကား သံလွင်တောင်သို့ ကြွတော်မူ၏။
8:2 အရုဏ်တက်ချိန်၌ ဗိမာန်တော်သို့ နောက်တစ်ဖန်ကြွတော်မူရာ လူအပေါင်းတို့သည် အထံတော်သို့ရောက်လာကြသဖြင့် ကိုယ်တော်သည် ထိုင်၍သူတို့အား သွန်သင်တော်မူ၏။
8:3 ထိုအခါ ကျမ်းပြုဆရာတို့နှင့်ဖာရိရှဲတို့သည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သည့်အတွက် အဖမ်းခံရသောမိန်းမတစ်ယောက်ကိုခေါ်ဆောင်လာ၍ အလယ်၌ထားပြီးလျှင်
8:4 “ဆရာ၊ ဤမိန်းမသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်နေစဉ်၌ပင် အဖမ်းခံရပါသည်။
8:5 မောရှေသည် ဤသို့သောမိန်းမမျိုးကို ခဲနှင့်ပေါက်သတ်ရန် ပညတ်တရား၌ အကျွန်ုပ်တို့အား ပညတ်ထားပါသည်။ ဆရာကား မည်သို့ဆိုမည်နည်း”ဟု ကိုယ်တော်အား လျှောက်ကြ၏။
8:6 သူတို့သည် ကိုယ်တော်ကို စွပ်စွဲခွင့်ရရှိရန် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ဤသို့လျှောက်ထားကြခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည်ငုံ့၍ လက်ညှိုးတော်ဖြင့် မြေပေါ်၌ရေးလျက်နေတော်မူ၏။
8:7 ထိုသူတို့အထပ်ထပ်မေးမြန်းကြသောအခါ ယေရှုသည် ကိုယ်ကိုမတ်၍ “သင်တို့တွင် အပြစ်ကင်းသောသူသည် သူ့ကို ခဲနှင့်အဦးဆုံးပေါက်စေ” ဟု မိန့်တော်မူပြီးလျှင်
8:8 တစ်ဖန်ငုံ့လျက် မြေပေါ်တွင် ဆက်၍ရေးတော်မူ၏။
8:9 သူတို့သည် ထိုစကားကိုကြားရသောအခါ အသက်ကြီးသောသူတို့မှစ၍ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြသဖြင့် ယေရှုတစ်ပါးတည်းသာ အလယ်၌ရှိနေသောထိုမိန်းမနှင့် ကျန်ရစ်ခဲ့၏။
8:10 ထိုအခါ ယေရှုသည် ကိုယ်ကိုမတ်တော်မူ၍ “အသင်မိန်းမ၊ ထိုသူတို့ အဘယ်မှာရှိကြသနည်း။ သင့်ကိုပြစ်ဒဏ်စီရင်သူ တစ်ယောက်မျှမရှိသလော” ဟု မေးတော်မူလျှင်
8:11 ထိုမိန်းမက “တစ်ယောက်မျှမရှိပါ သခင်ဘုရား”ဟု လျှောက်လေ၏။ ယေရှုကလည်း “ငါသည်လည်း သင့်ကိုပြစ်ဒဏ်မစီရင်။ သွားလော့။ ယခုမှစ၍ နောက်တစ်ဖန်အပြစ်မပြုနှင့်” ဟု မိန့်တော်မူ၏။]
8:12 တစ်ဖန် ယေရှုသည် လူတို့အားမြွက်ဆိုတော်မူ၍ “ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မည်သည့်အခါမျှ မှောင်မိုက်၌သွားလာခြင်းမရှိဘဲ အသက်၏အလင်းကိုရရှိမည်” ဟု မိန့်တော်မူ၏။
8:13 ထိုအခါ ဖာရိရှဲတို့က “သင်သည် ကိုယ့်အကြောင်းကိုသက်သေခံနေ၏။ သင်၏သက်သေခံချက်သည် မှန်ကန်မှုမရှိ”ဟု ဆိုကြ၏။
8:14 ယေရှုကလည်း “ငါသည် ကိုယ့်အကြောင်းကိုသက်သေခံသော်လည်း ငါ၏သက်သေခံချက်သည် မှန်ကန်၏။ အကြောင်းမူကား ငါသည် မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်ကို ငါသိ၏။ သင်တို့မူကား ငါမည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်ကိုမသိကြ။
8:15 သင်တို့သည် လူ့စံနှုန်းအတိုင်း စီရင်တတ်ကြ၏။ ငါမူကား မည်သူ့ကိုမျှမစီရင်။
8:16 သို့သော် ငါစီရင်မည်ဆိုလျှင်လည်း ငါတစ်ဦးတည်းစီရင်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် ငါနှင့်အတူစီရင်တော်မူသည်ဖြစ်၍ ငါ၏စီရင်ဆုံးဖြတ်ချက်သည် မှန်ကန်၏။
8:17 သင်တို့၏ပညတ်တရားကျမ်း၌လည်း ‘သက်သေနှစ်ဦးထွက်ဆိုသည့်သက်သေခံချက်သည် အမှန်ဖြစ်၏’ ဟု ရေးထား၏။
8:18 ငါသည် ကိုယ့်အကြောင်းကိုသက်သေခံသောသူဖြစ်၏။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏” ဟု ပြန်၍မိန့်တော်မူ၏။
8:19 ထိုသူတို့ကလည်း “သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်း”ဟု မေးကြသော် ယေရှုက “သင်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မသိကြ။ သင်တို့သည် ငါ့ကိုသိခဲ့လျှင် ငါ့ခမည်းတော်ကိုလည်း သိခဲ့ကြပေလိမ့်မည်” ဟု မိန့်တော်မူ၏။
8:20 ကိုယ်တော်သည် ဗိမာန်တော်၌သွန်သင်တော်မူစဉ် ဤစကားတို့ကို အလှူခံသေတ္တာအနီးတွင် မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်၏အချိန်မရောက်သေးသောကြောင့် မည်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြချေ။
8:21 တစ်ဖန် ကိုယ်တော်က “ငါသည်သွားရတော့မည်။ သင်တို့ကား ငါ့ကိုရှာလျက် ကိုယ့်အပြစ်၌သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ” ဟု မိန့်တော်မူ၏။
8:22 ထိုအခါ ဂျူးလူမျိုး တို့က “သူသည် ‘ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ’ ဟုဆိုခြင်းမှာ သူ့ကိုယ်သူ သတ်သေမည်လော”ဟု ပြောဆိုကြ၏။
8:23 ယေရှုကလည်း “သင်တို့သည် အောက်အရပ်နှင့်ဆိုင်၏။ ငါမူကား အထက်အရပ်နှင့်ဆိုင်၏။ သင်တို့သည် ဤလောကနှင့်ဆိုင်၏။ ငါမူကား ဤလောကနှင့်မဆိုင်။
8:24 ထို့ကြောင့် သင်တို့သည် မိမိတို့အပြစ်များ၌သေကြလိမ့်မည်ဟု ငါဆိုခဲ့၏။ အကြောင်းမူကား ငါသည် ထိုအရှင်ဖြစ်ကြောင်းကို သင်တို့မယုံကြည်လျှင် သင်တို့သည် မိမိတို့အပြစ်များ၌ သေကြလိမ့်မည်” ဟု မိန့်တော်မူ၏။
8:25 ထိုသူတို့ကလည်း “သင်သည် မည်သူဖြစ်သနည်း”ဟု မေးကြလျှင် ယေရှုက “ငါမည်သူဖြစ်သည်ကို အစအဦးကပင် သင်တို့အား ငါပြောလာခဲ့၏။
8:26 သင်တို့နှင့်ပတ်သက်၍ ငါပြောစရာ၊ စီရင်စရာများစွာရှိ၏။ သို့သော် ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ဖြောင့်မှန်တော်မူသည်ဖြစ်၍ ငါသည် သူ့ထံမှကြားခဲ့သမျှသောအရာတို့ကို ဤလောက၌ ဟောပြော၏” ဟု မိန့်တော်မူ၏။
8:27 ကိုယ်တော်သည် ခမည်းတော်ကိုရည်ညွှန်း၍ မြွက်ဆိုလျက်နေကြောင်းကို ထိုသူတို့သဘောမပေါက်ကြ။
8:28 သို့ဖြစ်၍ ယေရှုက “သင်တို့သည် လူ့သားကိုမြှောက်ထားကြသောအခါမှ ငါသည် ထိုအရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ ငါသည် ကိုယ့်ဆန္ဒအလျောက် မည်သည့်အရာကိုမျှမပြုဘဲ ငါ့အား ခမည်းတော်သွန်သင်တော်မူခဲ့သည့်အတိုင်း ဤအရာများကို ငါဟောပြောကြောင်းကိုလည်းကောင်း သိကြလိမ့်မည်။
8:29 ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူရှိ၍ ငါသည် ထိုအရှင်နှစ်သက်တော်မူသောအမှုအရာတို့ကို အစဉ်ပြုနေသောကြောင့် သူသည် ငါ့ကို တစ်ကိုယ်တည်းပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။
8:30 ဤစကားတော်တို့ကိုမိန့်တော်မူစဉ် များစွာသောလူတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
8:31 ထို့ကြောင့် ယေရှုသည် မိမိကိုယုံကြည်သော ဂျူးလူမျိုးတို့အား “သင်တို့သည် ငါ၏တရားစကား၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြပြီး
8:32 သမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်” ဟု မိန့်တော်မူ၏။
8:33 သူတို့ကလည်း “အကျွန်ုပ်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြပြီး မည်သူ့ထံ၌မျှကျွန် မခံခဲ့ဖူးပါ။ သင်သည် အဘယ်ကြောင့် ‘သင်တို့လွတ်မြောက်ကြလိမ့်မည်’ ဟု ဆိုရသနည်း”ဟူ၍ပြန်ပြောကြ၏။
8:34 ယေရှုက “သင်တို့အား ငါအမှန်အကန်ဆိုမည်။ အပြစ်ပြုသူတိုင်းသည် အပြစ်၏ကျွန်ဖြစ်၏။
8:35 ကျွန်သည် အိမ်၌ထာဝစဉ်နေထိုင်သည်မဟုတ်။ သားမူကား ထာဝစဉ်နေထိုင်၏။
8:36 ထို့ကြောင့် သားတော်သည် သင်တို့ကိုလွတ်မြောက်စေလျှင် သင်တို့သည် ဧကန်အမှန်လွတ်မြောက်ကြလိမ့်မည်။
8:37 သင်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြောင်းကို ငါသိ၏။ သို့ရာတွင် ငါ၏တရားစကားသည် သင်တို့ထဲ၌နေရာမရသောကြောင့် သင်တို့သည် ငါ့ကိုသတ်ရန် ရှာကြံနေကြ၏။
8:38 ငါသည် ခမည်းတော် ထံ၌မြင်ရသောအရာများကို ဟောပြော၏။ သင်တို့မူကား သင်တို့၏အဖထံမှကြား ခဲ့ရသောအရာများကို ပြုကြ၏” ဟု မိန့်တော်မူလျှင်
8:39 ထိုသူတို့က “အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်သည်”ဟု ဆိုကြ၏။ ယေရှုကလည်း “သင်တို့သည် အာဗြဟံ၏သားသမီးများဖြစ်ကြသည်မှန်လျှင် အာဗြဟံပြုသောအမှုများကို ပြုကြလိမ့်မည်။
8:40 သို့သော် ယခုတွင် ဘုရားသခင်ထံမှကြားရသည့်သမ္မာတရားကို သင်တို့အားဟောပြောခဲ့သူငါ့ကို သတ်ရန် သင်တို့ရှာကြံနေကြ၏။ အာဗြဟံကား ဤသို့ပြုခဲ့သည်မဟုတ်။
8:41 သင်တို့သည် သင်တို့အဖပြုသောအမှုများကို ပြုကြ၏” ဟု မိန့်တော်မူလျှင် ထိုသူတို့က “အကျွန်ုပ်တို့သည် တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် မွေးလာသောသူများမဟုတ်။ အကျွန်ုပ်တို့၌ တစ်ပါးတည်းသောအဖဘုရားသခင်ရှိသည်”ဟု ဆိုကြ၏။
8:42 ယေရှုက “ငါသည် ဘုရားသခင်ထံမှကြွလာပြီး ယခုရောက်ရှိနေပြီဖြစ်၍ ဘုရားသခင်သည် သင်တို့၏အဖဖြစ်လျှင် သင်တို့သည် ငါ့ကိုချစ်ခဲ့ကြပေလိမ့်မည်။ အကြောင်းမူကား ငါသည် ကိုယ့်ဆန္ဒအလျောက်လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကိုစေလွှတ်တော်မူ၏။
8:43 သင်တို့သည် ငါပြောဆိုသောစကားကို အဘယ်ကြောင့်နားမလည်ကြသနည်း။ ငါ၏တရားစကားကို သင်တို့နာယူနိုင်စွမ်းမရှိသောကြောင့်ဖြစ်၏။
8:44 သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
8:45 ငါမူကား သမ္မာတရားကိုပြောဆိုသောကြောင့် သင်တို့သည် ငါ့ကိုမယုံကြည်ကြ။
8:46 သင်တို့တွင် မည်သူသည် ငါ၌အပြစ်ရှိကြောင်း ဖော်ပြနိုင်သနည်း။ သမ္မာတရားကို ငါပြောဆိုသည်မှန်လျှင် အဘယ်ကြောင့် သင်တို့သည် ငါ့ကိုမယုံကြည်ကြသနည်း။
8:47 ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်တို့ကိုနားထောင်၏။ သင်တို့နားမထောင်ကြခြင်းမှာ သင်တို့သည် ဘုရားသခင်နှင့်မစပ်ဆိုင်ကြသောကြောင့်ဖြစ်၏ ”ဟု မိန့်တော်မူ၏။
8:48 ဂျူးလူမျိုးတို့ကလည်း “သင်သည် ရှမာရိနယ်သားဖြစ်ပြီး သင့်ကိုနတ်ဆိုးပူးနေသည်ဟူ၍ ငါတို့ပြောကြသည်မှာ လျောက်ပတ်သည်မဟုတ်လော”ဟု ပြန်ပြောကြ၏။
8:49 ယေရှုက “ငါ့ကိုနတ်ဆိုးပူးနေသည်မဟုတ်။ ငါသည် ငါ့ခမည်းတော်ကိုရိုသေ၏။ သင်တို့မူကား ငါ့ကိုမထီလေးစားပြုကြ၏။
8:50 သို့ရာတွင် ငါသည် ကိုယ့်ဘုန်းအသရေကိုရှာသည်မဟုတ်။ ငါ၏ဘုန်းအသရေကိုရှာ၍ တရားစီရင်တော်မူသောအရှင်တစ်ပါးရှိ၏။
8:51 သင်တို့အား ငါအမှန်အကန်ဆိုမည်။ မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းနှင့်တွေ့ကြုံရမည်မဟုတ်” ဟု မိန့်တော်မူ၏။
8:52 ထိုအခါ ဂျူးလူမျိုးတို့က “သင့်ကိုနတ်ဆိုးပူးနေကြောင်း ယခု အကျွန်ုပ်တို့သိကြပြီ။ အာဗြဟံသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင်မူကား ‘မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းကိုမြည်းစမ်းရမည်မဟုတ်’ ဟု ဆိုပါသည်တကား။
8:53 သင်သည် အကျွန်ုပ်တို့၏အဖအာဗြဟံထက် ကြီးမြတ်သလော။ သူသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင့်ကိုယ်သင် မည်သူဖြစ်သည်ဟု ထင်မှတ်သနည်း”ဟု ဆိုကြ၏။
8:54 ယေရှုကလည်း “ငါသည် ကိုယ့်ဘုန်းကိုကိုယ်ထင်ရှားစေလျှင် ငါ့ဘုန်းသည် အချည်းနှီးဖြစ်၏။ ငါ့ဘုန်းကိုထင်ရှားစေတော်မူသောအရှင်ကား ငါ့ခမည်းတော်ဖြစ်၏။ သင်တို့သည် ထိုအရှင်ကို ‘အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်သည်’ဟု ဆိုကြသော်လည်း
8:55 သူ့ကိုမသိကြ။ ငါမူကား သိ၏။ ထိုအရှင်ကို ငါမသိဟုဆိုလျှင် ငါသည် သင်တို့ကဲ့သို့လိမ်လည်သောသူဖြစ်လိမ့်မည်။ သို့ရာတွင် ငါသည် ထိုအရှင်ကိုသိ၍ သူ၏စကားကိုလိုက်နာစောင့်ထိန်း၏။
8:56 သင်တို့အဖအာဗြဟံသည် ငါ၏နေ့ရက်ကိုတွေ့မြင်ရမည်ဖြစ်၍ ရွှင်မြူးလျက် တွေ့မြင်ရသောအခါ ဝမ်းမြောက်လေ၏” ဟု မိန့်တော်မူ၏။
8:57 ဂျူးလူမျိုးတို့ကလည်း “သင်သည် အသက်ငါးဆယ်ပင်မရှိသေးဘဲ အာဗြဟံကိုမြင်ဖူးသလော”ဟု ဆိုကြ၏။
8:58 ယေရှုကလည်း “သင်တို့အား ငါအမှန်အကန်ဆိုမည်။ အာဗြဟံမမွေးဖွား မီကပင် ငါရှိ၏” ဟု မိန့်တော်မူ၏။
8:59 ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုပေါက်ရန် ကျောက်ခဲတို့ကိုကောက်ယူကြ၏။ သို့သော် ယေရှုသည် တိမ်းရှောင်၍ ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ၏။