Acts 23
23:1 ပေါလုသည် တရားလွှတ်တော်အဖွဲ့ကို စေ့စေ့ကြည့်လျက် “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားသခင်ရှေ့တော်၌ ကြည်လင်သောအသိစိတ်အပြည့်အဝဖြင့် ပြုမူနေထိုင်ခဲ့သည်”ဟု ဆို၏။
23:2 ထိုအခါ ယဇ်ပုရောဟိတ်မင်းအာနနိသည် သူ့အနီး၌ရပ်နေသောသူတို့အား သူ၏နှုတ်ကိုရိုက်ကြရန် အမိန့်ပေး၏။
23:3 ပေါလုကလည်း “ထုံးဖြူသုတ်ထားသည့်အုတ်ရိုး၊ ဘုရားသခင်သည် သင့်ကို ရိုက်တော်မူမည်။ သင်သည် ထိုင်၍ အကျွန်ုပ်ကို ပညတ်တရားအတိုင်းစစ်ဆေးစီရင်လျက်နှင့် ပညတ်တရားကိုချိုးဖောက်ပြီး အကျွန်ုပ်ကိုရိုက်ရန် အမိန့်ပေးသလော”ဟု ဆို၏။
23:4 ထိုအခါ အနီး၌ရပ်နေသောသူတို့က “သင်သည် ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်းကို ပုတ်ခတ်ပြောဆိုသလော”ဟု ဆိုကြ၏။
23:5 ပေါလုကလည်း “ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်ကြောင်း အကျွန်ုပ်မသိပါ။ အမှန်စင်စစ် ‘သင့်လူမျိုး၏အကြီးအကဲကို သင်သည် မကောင်းမပြောရ’ ဟု ကျမ်းစာ၌ရေးထားသည်”ဟု ဆိုလေ၏။
23:6 ထိုသူတို့ထဲတွင် တစ်ဖွဲ့မှာ ဇဒ္ဒုကဲများဖြစ်ကြပြီး အခြားတစ်ဖွဲ့မှာ ဖာရိရှဲများဖြစ်ကြသည်ကို ပေါလုသိမြင်လျှင် “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါသည်။ အကျွန်ုပ်သည် သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းကြောင့် စစ်ဆေးစီရင်ခံနေရပါသည်”ဟု တရားလွှတ်တော်ရှေ့တွင် အော်ဟစ်ပြောဆိုလေ၏။
23:7 ဤကဲ့သို့ ပေါလုပြောဆိုလိုက်သောအခါ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့အကြားတွင် သဘောထားကွဲလွဲမှုဖြစ်ပေါ်၍ အစုအဝေးသည် အုပ်စုကွဲသွားလေ၏။
23:8 အကြောင်းမူကား ဇဒ္ဒုကဲတို့သည် ရှင်ပြန်ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန်နှင့်ဝိညာဉ်လည်းမရှိဟုဆိုကြ၏။ ဖာရိရှဲတို့မူကား ဤအရာအားလုံးရှိသည်ဟုခံယူကြ၏။
23:9 ထို့နောက် အော်ဟစ်သံများ ကျယ်လောင်လာပြီး ဖာရိရှဲတို့အဖွဲ့မှ ကျမ်းပြုဆရာအချို့တို့သည်ထ၍ “ဤသူ၌ မည်သည့်အပြစ်ကိုမျှ ငါတို့မတွေ့။ ဝိညာဉ်၊ သို့မဟုတ် ကောင်းကင်တမန်တစ်ပါးပါးက သူ့အားမြွက်ဆိုခဲ့သည်ဆိုလျှင် မည်သို့နည်း ”ဟု ပြင်းထန်စွာငြင်းခုံပြောဆိုကြ၏။
23:10 သဘောထားကွဲလွဲမှုပြင်းထန်လာ၍ သူတို့သည် ပေါလုအား အပိုင်းပိုင်းဆွဲဖြတ်ကြမည်ကို တပ်မှူးကြီးသည် စိုးရိမ်သဖြင့် စစ်သားများအား ဆင်းသွား၍ ပေါလုကို သူတို့ထံမှ အတင်းခေါ်ဆောင်လာပြီး စခန်းထဲသို့ခေါ်သွားရန် အမိန့်ပေးလေ၏။
23:11 ထိုည၌ သခင်ဘုရားသည် ပေါလုထံပါး၌ပေါ်လာ၍ “မစိုးရိမ်နှင့် ။ အကြောင်းမူကား သင်သည် ဂျေရုဆလင်မြို့၌ ငါ့အကြောင်းကို သက်သေခံခဲ့သည့်နည်းတူ ရောမမြို့၌လည်း သက်သေခံရမည်” ဟု မိန့်တော်မူ၏။
23:12 မိုးလင်းသောအခါ ဂျူးလူမျိုးတို့သည် ပူးပေါင်းကြံစည်လျက် ပေါလုကိုမသတ်ရမချင်း မည်သည့်အရာကိုမျှ မစားမသောက်ရန် ကျိန်ဆိုကြ၏။
23:13 ဤလျှို့ဝှက်ကြံစည်မှုတွင်ပါဝင်သောသူများသည် အယောက်လေးဆယ်ကျော်ရှိကြ၏။
23:14 သူတို့သည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်သက်ကြီးဝါကြီးများထံ ချဉ်းကပ်လျက် “အကျွန်ုပ်တို့သည် ပေါလုကိုမသတ်ရမချင်း မည်သည့်အစာကိုမျှ မမြည်းမစမ်းဟု အလေးအနက်ကျိန်ဆိုထားကြပါသည်။
23:15 သို့ဖြစ်၍ ယခု အရှင်တို့သည် တရားလွှတ်တော်အဖွဲ့နှင့်အတူ ပေါလု၏အမှုကို ပို၍တိကျစွာစစ်ဆေးလိုဟန်ပြုလျက် သူ့ကို အရှင်တို့ထံသို့ခေါ်ဆောင်လာရန် တပ်မှူးကြီးအား လျှောက်ထားကြပါ။ အကျွန်ုပ်တို့သည် ဤနေရာသို့ သူမရောက်လာမီ သူ့ကိုသတ်ရန် အသင့်ရှိနေပါမည်”ဟု ပြောကြားကြ၏။
23:16 သို့သော် ပေါလုနှမ၏သားသည် ထိုချောင်းမြောင်းသတ်ဖြတ်မည့်အစီအစဉ်ကိုကြားလျှင် စခန်းထဲသို့ဝင်၍ ပေါလုအား ပြောပြလေ၏။
23:17 ထိုအခါ ပေါလုသည် တပ်မှူးတစ်ယောက်ကိုခေါ်၍ “ဤလူငယ်သည် တပ်မှူးကြီးအား ပြောပြစရာတစ်စုံတစ်ခုရှိပါသဖြင့် သူ့ကို တပ်မှူးကြီးထံ ခေါ်သွားပေးပါ”ဟု ဆိုလေ၏။
23:18 ထို့ကြောင့် တပ်မှူးသည် သူ့ကိုခေါ်ဆောင်၍ တပ်မှူးကြီးထံသို့ သွားပြီးလျှင် “အကျဉ်းသားပေါလုက အကျွန်ုပ်ကိုခေါ်၍ ဤလူငယ်ကို အရှင့်ထံခေါ်လာရန် တောင်းဆိုပါသည်။ သူ၌ အရှင့်ထံလျှောက်ထားစရာ တစ်စုံတစ်ခုရှိပါသည်”ဟု လျှောက်လေ၏။
23:19 တပ်မှူးကြီးသည် ထိုလူငယ်၏လက်ကိုဆွဲ၍ သီးသန့်ခေါ်ထုတ်သွားကာ “ငါ့ကိုပြောပြစရာရှိသည့်အရာကား မည်သည့်အရာနည်း”ဟု မေးမြန်းလေ၏။
23:20 ထိုလူငယ်ကလည်း “ဂျူးလူမျိုးတို့သည် ပေါလုကို ပို၍တိကျစွာမေးမြန်းလိုဟန်ပြုလျက် မနက်ဖြန် သူ့ကို တရားလွှတ်တော်ထံသို့ခေါ်ဆောင်သွားရန် အရှင့်အား တောင်းဆိုမည်ဟုသဘောတူဆုံးဖြတ်ထားကြပါသည်။
23:21 သို့ရာတွင် သူတို့ကို မလိုက်လျောပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ လူလေးဆယ်ကျော်တို့သည် သူ့ကိုချောင်းမြောင်းနေကြပါသည်။ သူတို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ရန် ကျိန်ဆိုထားကြပါသည်။ ယခုပင် သူတို့သည် အသင့်ရှိလျက် အရှင်၏သဘောတူချက်ကို စောင့်နေကြပါသည်”ဟု လျှောက်လေ၏။
23:22 ထိုအခါ တပ်မှူးကြီးက “ဤအရာများကို ငါ့အား သင်ပြောပြကြောင်း မည်သူ့ကိုမျှ မပြောနှင့်”ဟု အမိန့်ပေးပြီးလျှင် ထိုလူငယ်ကို ပြန်လွှတ်လိုက်လေ၏။
23:23 ထို့နောက် တပ်မှူးကြီးသည် တပ်မှူးနှစ်ဦးကိုခေါ်၍ “ညကိုးနာရီ အချိန်၌ ဆီဇာရီးယားမြို့သို့သွားရန် စစ်သားနှစ်ရာ၊ လှံတပ်သားနှစ်ရာနှင့် မြင်းတပ်သားခုနစ်ဆယ်တို့ကို ပြင်ဆင်ကြလော့။
23:24 ပေါလုစီးနင်းရန် တိရစ္ဆာန်များကိုလည်း အသင့်ပြင်ထားလျက် သူ့ကို ဘုရင်ခံဖေလဇ်မင်းထံ ဘေးကင်းစွာပို့ဆောင်လော့”ဟု မှာကြားလေ၏။
23:25 ထို့နောက် စာကို ဤသို့ရေးပို့လိုက်လေ၏။
23:26 “ကလောဒိလုသိသည် မြတ်သောဘုရင်ခံဖေလဇ်မင်းကို နှုတ်ခွန်းဆက်သလိုက်ပါသည်။
23:27 ဂျူးလူမျိုးတို့သည် ဤသူကိုဖမ်းဆီး၍ သတ်မည်ပြုစဉ် သူသည် ရောမနိုင်ငံသားဖြစ်ကြောင်း ကြားသိရသဖြင့် အကျွန်ုပ်သည် စစ်သားများနှင့်အတူသွား၍ သူ့ကို ကယ်ခဲ့ပါသည်။
23:28 သူတို့သည် မည်သည့်ပြစ်မှုဖြင့် သူ့ကိုစွဲဆိုကြကြောင်းသိလို၍ သူတို့၏တရားလွှတ်တော်ထံသို့ သူ့ကိုခေါ်ဆောင်သွားခဲ့ရာ
23:29 သူသည် သူတို့၏ပညတ်တရားနှင့်ဆိုင်သောပြဿနာများအတွက် စွဲဆိုခံနေရခြင်းဖြစ်ပြီး သေဒဏ်၊ သို့မဟုတ် အချုပ်အနှောင်ခံထိုက်သောအပြစ်မရှိကြောင်း အကျွန်ုပ်တွေ့ရပါသည်။
23:30 သို့သော် သူ့ကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသည်ဟု သတင်းရသဖြင့် အကျွန်ုပ်သည် အရှင့်ထံသို့ သူ့ကို ချက်ချင်းစေလွှတ်လိုက်ပါသည်။ စွပ်စွဲသောသူတို့အားလည်း သူ့အပေါ်စွပ်စွဲချက်များကို အရှင့်ထံ တင်ပြလျှောက်ထားကြရန် ညွှန်ကြားထားပါသည် ။”
23:31 ထိုအခါ စစ်သားများသည် သူတို့အား မှာကြားထားသည့်အတိုင်း ပေါလုကိုခေါ်၍ အန္တိပတရိမြို့အထိ ညတွင်းချင်း ပို့ဆောင်ကြ၏။
23:32 နောက်တစ်နေ့တွင် မြင်းတပ်သားတို့ကို ပေါလုနှင့်အတူခရီးဆက်သွားစေ၍ သူတို့သည် စခန်းသို့ပြန်လာကြ၏။
23:33 မြင်းတပ်သားတို့သည် ဆီဇာရီးယားမြို့သို့ရောက်လျှင် စာကို ဘုရင်ခံအားပေးအပ်ကာ ပေါလုကိုလည်း သူ့ထံသို့အပ်ကြ၏။
23:34 ဘုရင်ခံသည် စာကိုဖတ်ပြီးနောက် ပေါလုအား မည်သည့်ပြည်သားဖြစ်သနည်းဟုမေး၍ ဆီလီဆီးယားပြည်သားဖြစ်ကြောင်း ကြားသိလျှင်
23:35 “သင့်ကိုစွပ်စွဲသောသူများရောက်လာကြသောအခါ သင့်အမှုကို ငါကြားနာမည်”ဟု ဆိုလျက် ပေါလုကို ဟေရုဒ်မင်း၏ရုံးတော်တွင် စောင့်ကြပ်ထားရန် အမိန့်ပေးလေ၏။