Acts 9
9:1 ရှောလုသည် သခင်ဘုရား၏တပည့်တော်တို့ကို ခြိမ်းခြောက်၍သတ်ဖြတ်ရန် စိတ်ဆန္ဒပြင်းပြလျက်ရှိသေး၏။ သူသည် ယဇ်ပုရောဟိတ်မင်းထံသို့ ချဉ်းကပ်လျက်
9:2 ဤတရားလမ်းသို့ လိုက်သောသူကိုတွေ့လျှင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာနိုင်ရန် ဒမတ်စကပ်မြို့ရှိ ဝတ်ပြုစည်းဝေးကျောင်း များသို့ ပေးစာများကို သူ့ထံမှ တောင်းလေ၏။
9:3 ဤသို့ဖြင့် သူသည် သွား၍ ဒမတ်စကပ်မြို့အနီးသို့ ရောက်လာသောအခါ ကောင်းကင်မှအလင်းသည် သူ့ပတ်လည်၌ ရုတ်တရက်ထွန်းတောက်လေ၏။
9:4 သူသည် မြေပေါ်သို့လဲကျသွားရာ “ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း” ဟု သူ့အားပြောသောအသံကိုကြားရ၏။
9:5 ရှောလုကလည်း “သခင်ဘုရား၊ ကိုယ်တော်သည် မည်သူနည်း”ဟု မေးလျှောက်လျှင် “ငါသည် သင်ညှဉ်းဆဲသောယေရှုဖြစ်၏။
9:6 သင်သည် ထ၍ မြို့ထဲသို့ဝင်သွားလော့။ ထိုအခါ သင်ပြုရမည့်အမှုကို သင့်အား ပြောကြားလိမ့်မည်” ဟု မိန့်တော်မူ၏။
9:7 သူနှင့်အတူ ခရီးသွားကြသောသူတို့သည် အသံကိုကြားရသော်လည်း မည်သူ့ကိုမျှ မတွေ့ရသောကြောင့် မှင်တက်မိလျက် ရပ်နေကြ၏။
9:8 ရှောလုသည် မြေပေါ်မှထ၍ မိမိမျက်စိကိုဖွင့်သော်လည်း မည်သည့်အရာကိုမျှ မမြင်ရသဖြင့် လူတို့သည် သူ့ကိုလက်ဆွဲ၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြ၏။
9:9 သူသည် သုံးရက်တိုင်တိုင် မျက်စိကွယ်လျက် မစားမသောက်ဘဲနေလေ၏။
9:10 ဒမတ်စကပ်မြို့တွင် အာနနိအမည်ရှိသော တပည့်တော်တစ်ဦးရှိ၏။ သခင်ဘုရားသည် ရူပါရုံ၌ “အာနနိ” ဟု ခေါ်တော်မူလျှင် အာနနိက “အကျွန်ုပ်ရှိပါသည် သခင်ဘုရား”ဟု ပြန်လျှောက်လေ၏။
9:11 သခင်ဘုရားကလည်း “သင်သည်ထ၍ လမ်းဖြောင့်ဟုခေါ်သော လမ်းကြားတစ်ခုသို့သွားပြီးလျှင် ရှောလုအမည်ရှိသော တာရှုမြို့သားကို ယုဒ၏အိမ်၌ မေးမြန်းရှာဖွေလော့။ အကြောင်းမူကား သူသည် ဆုတောင်းလျက်နေ၍
9:12 အာနနိအမည်ရှိသောသူတစ်ဦးဝင်လာပြီး သူ၏မျက်စိပြန်မြင်စေရန် သူ့အပေါ်လက်တင်သည်ကို ရူပါရုံ၌မြင်ခဲ့ပြီ” ဟု မိန့်တော်မူ၏။
9:13 အာနနိကလည်း “သခင်ဘုရား၊ ထိုသူသည် ဂျေရုဆလင်မြို့၌ ကိုယ်တော်၏သန့်ရှင်းသူတို့အပေါ် မကောင်းမှုများ မည်မျှလောက်ပြုခဲ့သည်ကို လူများစွာတို့ထံမှ အကျွန်ုပ်ကြားရပါသည်။
9:14 ဤအရပ်၌လည်း ကိုယ်တော်၏နာမတော်အား ပတ္ထနာပြုသောသူအပေါင်းတို့ကိုချည်နှောင်ထားရန် ယဇ်ပုရောဟိတ်အကြီးအကဲများထံမှ အခွင့်အာဏာကို သူရရှိထားပါသည်”ဟု ပြန်လျှောက်လေ၏။
9:15 သို့သော် သခင်ဘုရားက “သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
9:16 သူသည် ငါ၏နာမအတွက် မည်မျှ ဒုက္ခဝေဒနာခံစားရမည်ကို သူ့အား ငါပြသမည်” ဟု မိန့်တော်မူ၏။
9:17 ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ဝင်ပြီးလျှင် ရှောလုအပေါ်လက်တင်လျက် “ငါ့ညီရှောလု၊ သင်သည် မျက်စိပြန်မြင်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝမည့်အကြောင်း သင်လာသောလမ်း၌ သင့်အားထင်ရှားသောသခင်ယေရှုသည် ငါ့ကိုစေလွှတ်တော်မူ၏”ဟု ဆိုလေ၏။
9:18 ထိုခဏချင်းတွင် ငါးအကြေးခွံကဲ့သို့သောအရာသည် ရှောလု၏မျက်စိမှ ကွာကျ၍ သူသည် မျက်စိပြန်မြင်လေ၏။ သူသည် ထ၍ ဗတ္တိဇံခံပြီး
9:19 အစားအစာကိုသုံးဆောင်ရာ အားပြန်ပြည့်လာ၏။ ထို့နောက် သူ သည် ဒမတ်စကပ်မြို့၌ရှိသော တပည့်တော်တို့နှင့်အတူ ရက်အနည်းငယ်နေထိုင်ပြီးမှ
9:20 ဝတ်ပြုစည်းဝေးကျောင်း များ၌ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ချက်ချင်းဟောပြောလေ၏။
9:21 ကြားနာသောသူအပေါင်းတို့သည် အံ့ဩငေးမောလျက် “ဤသူသည် ဂျေရုဆလင်မြို့၌ ဤနာမကို ပတ္ထနာပြုသောသူတို့အား ဖျက်ဆီးရန် ကြိုးစားနေသူဖြစ်ပြီး ထိုသူတို့ကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့ ပို့ဆောင်မည်ဟူသောရည်ရွယ်ချက်ဖြင့် ဤနေရာသို့ရောက်လာသည်မဟုတ်လော”ဟု ပြောဆိုကြ၏။
9:22 သို့သော် ရှောလုသည် ခွန်အားနှင့် ပို၍ပြည့်စုံလာပြီး ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း သက်သေထူကာ ဒမတ်စကပ်မြို့၌နေထိုင်ကြသောဂျူးလူမျိုးတို့ကို အံ့ဩတွေဝေစေ၏။
9:23 ရက်ပေါင်းများစွာကြာသောအခါ ဂျူးလူမျိုးတို့သည် ရှောလုကိုသတ်ရန် ကြံစည်ကြသော်လည်း
9:24 သူတို့၏လျှို့ဝှက်ကြံစည်မှုကို ရှောလုသိသွားလေ၏။ သူတို့သည် သူ့ကိုသတ်ရန် နေ့ရောညပါ မြို့တံခါးများကို စောင့်ကြပ်ထားကြ၏။
9:25 သို့သော် ရှောလု၏တပည့်တို့သည် ညအချိန်၌ သူ့ကိုခေါ်ဆောင်သွားကာ တောင်းထဲထည့်၍ မြို့ရိုးပေါ်မှလျှောချကြ၏။
9:26 ရှောလုသည် ဂျေရုဆလင်မြို့သို့ရောက်သောအခါ တပည့်တော်များနှင့်ပေါင်းဖော်ရန် ကြိုးစားသော်လည်း သူတို့အားလုံးသည် သူ့ကို တပည့်တော်ဖြစ်ကြောင်း မယုံဘဲ ကြောက်ကြ၏။
9:27 သို့သော် ဗာနဗသည် သူ့ကိုဖေးမ၍ တမန်တော်တို့ထံသို့ ခေါ်ဆောင်လာပြီးလျှင် ရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို တွေ့မြင်ခဲ့ပုံမှစ၍ သခင်ဘုရားက သူ့အားမိန့်တော်မူခဲ့ပုံနှင့် ဒမတ်စကပ်မြို့တွင် ယေရှု၏နာမတော်၌ ရဲရင့်စွာ သူဟောပြောခဲ့ပုံတို့ကို သူတို့အား ပြောပြလေ၏။
9:28 ထို့နောက် ရှောလုသည် ဂျေရုဆလင်မြို့၌ သူတို့နှင့်အတူနေလျက် ဝင်ထွက်သွားလာကာ သခင်ဘုရား ၏နာမတော်၌ ရဲရင့်စွာဟောပြောလေ၏။
9:29 သူသည် ဂရိစကားကိုပြောသောဂျူးလူမျိုးတို့နှင့် ဆွေးနွေးပြောဆိုလျက်နေ၏။ သို့သော် သူတို့သည် ရှောလုကိုသတ်ရန် ကြံစည်အားထုတ်ကြ၏။
9:30 ထိုအကြောင်းကို ညီအစ်ကိုတို့ကြားသိကြသောအခါ သူ့ကို ဆီဇာရီးယားမြို့သို့ ခေါ်ဆောင်သွား၍ တာရှုမြို့သို့လွှတ်လိုက်ကြ၏။
9:31 ဤသို့ဖြင့် ယုဒနယ်၊ ဂါလိလဲနယ်နှင့် ရှမာရိနယ်တစ်လျှောက်လုံး၌ အသင်းတော်သည် ငြိမ်းချမ်းမှုကိုရရှိ၍ တည်ဆောက်မြှင့်တင်ခြင်းခံရကာ သခင်ဘုရားကိုကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းအားပေးခြင်း၌လည်းကောင်း လျှောက်လှမ်းလျက် တိုးပွားလေ၏။
9:32 ပေတရုသည် အရပ်ရပ်သို့လှည့်လည်၍ လုဒ္ဒမြို့၌နေထိုင်သော သန့်ရှင်းသူများထံသို့ရောက်လာခဲ့ရာ
9:33 ထိုမြို့တွင် လေဖြတ်၍ ရှစ်နှစ်ပတ်လုံး အိပ်ရာပေါ်၌လဲလျောင်းနေသည့် အဲနေအမည်ရှိသောလူတစ်ဦးကို တွေ့လေ၏။
9:34 ထိုအခါ ပေတရုက “အဲနေ၊ ယေရှုခရစ်တော်သည် သင့်ကိုကျန်းမာစေတော်မူပြီ။ ထ၍ ကိုယ့်အိပ်ရာကို ကိုယ်သိမ်းလော့”ဟု ဆိုလျှင် သူသည် ချက်ချင်းထလေ၏။
9:35 လုဒ္ဒမြို့နှင့်ရှာရုန်ဒေသ၌ နေထိုင်သောသူအပေါင်းတို့သည် အဲနေကိုမြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြ၏။
9:36 ယုပ္ပေမြို့တွင် ဒေါ်ကာဟု အဓိပ္ပာယ်ရသည့် တဗိသအမည်ရှိသော တပည့်တော်မတစ်ဦးရှိ၏။ သူသည် ကောင်းသောအမှု၊ ပေးကမ်းစွန့်ကြဲခြင်းအမှုတို့နှင့် ပြည့်စုံ၏။
9:37 ထိုနေ့ရက်များတွင် သူသည် နာမကျန်းဖြစ်ပြီးသေဆုံးသွားသဖြင့် လူတို့သည် သူ၏အလောင်းကိုရေချိုးပေးပြီးလျှင် အထက်ခန်း၌ ထားကြ၏။
9:38 ယုပ္ပေမြို့သည် လုဒ္ဒမြို့နှင့် နီးသည်ဖြစ်၍ လုဒ္ဒမြို့တွင် ပေတရုရှိကြောင်း တပည့်တော်တို့ကြားလျှင် လူနှစ်ဦးကို သူ့ထံသို့စေလွှတ်ကာ “အကျွန်ုပ်တို့ထံသို့ အလျင်အမြန်ကြွလာခဲ့ပါ”ဟု တောင်းပန်ကြ၏။
9:39 ထို့ကြောင့် ပေတရုသည် ထ၍ သူတို့နှင့်အတူလိုက်သွားလေ၏။ ပေတရုရောက်လာသောအခါ လူတို့သည် သူ့ကို အထက်ခန်းသို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမအားလုံးတို့သည် ပေတရုအနီး၌ရပ်လျက် ငိုကြွေးကာ သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်က ချုပ်လုပ်ခဲ့သောအင်္ကျီနှင့်ဝတ်ရုံများကို ပြကြ၏။
9:40 ပေတရုသည် အားလုံးကို အခန်းအပြင်သို့ထွက်စေပြီးလျှင် ဒူးထောက်လျက် ဆုတောင်းလေ၏။ ထို့နောက် အလောင်းဘက်သို့လှည့်၍ “တဗိသ၊ ထလော့”ဟု ဆိုလေရာ တဗိသသည် မိမိမျက်စိကိုဖွင့်ပြီး ပေတရုကိုမြင်သောအခါ ထ၍ထိုင်လေ၏။
9:41 ပေတရုသည် လက်ကမ်းပေး၍ သူ့ကိုဆွဲထူပြီးလျှင် သန့်ရှင်းသူတို့နှင့်မုဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသောတဗိသကို ပြလေ၏။
9:42 ဤသတင်းသည် ယုပ္ပေတစ်မြို့လုံးအနှံ့ကျော်ကြားသွား၍ လူများစွာတို့သည် သခင်ဘုရားကိုယုံကြည်ကြ၏။
9:43 ပေတရုသည် ယုပ္ပေမြို့တွင် သားရေနယ်သမားရှိမုန်ထံ၌ ရက်ပေါင်းများစွာတည်းခိုနေ၏။