Romans 16
16:1 ကင်ခြေမြို့ရှိအသင်းတော်၏အမှုကိုဆောင်ရွက်သူ ဖြစ်သော ငါတို့၏နှမ ဖိဗေကို သင်တို့ထံ မိတ်ဆက်အပ်နှံလိုပါ၏။
16:2 သန့်ရှင်းသူများပြုသင့်သည့်အတိုင်း သခင်ဘုရား၌ သူ့ကိုလက်ခံ၍ သင်တို့ထံမှ သူလိုအပ်သမျှသောအရာကို ကူညီဆောင်ရွက်ပေးကြလော့။ အမှန်စင်စစ် သူသည် ငါကိုယ်တိုင်မှစ၍ များစွာသောသူတို့ကို ကူညီခဲ့သူဖြစ်၏။
16:3 ခရစ်တော်ယေရှု၌ ငါ၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည့် ပြစ်ကိလ နှင့်အာကုလတို့ကို နှုတ်ဆက်ပေးကြလော့။
16:4 သူတို့သည် ငါ့အသက်ကို လည်စင်းခံ၍စောင့်ရှောက်ပေးသူများဖြစ်ကြ၏။ ငါတစ်ဦးတည်းသာမက လူမျိုးခြားတို့၏အသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်လျက်ရှိကြ၏။
16:5 သူတို့အိမ်၌ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ပေးကြလော့။ အာရှပြည်တွင် ခရစ်တော်အတွက်အသီးဦးဖြစ်သူ ငါချစ်သောဧပဲနက်ကို နှုတ်ဆက်ပေးကြလော့။
16:6 သင်တို့ အတွက် အလွန်ကြိုးစားလုပ်ဆောင်ခဲ့သူ မာရိကို နှုတ်ဆက်ပေးကြလော့။
16:7 ငါ၏အမျိုးသားချင်းဖြစ်ပြီး ငါနှင့်အတူအကျဉ်းချခံရသူ အနြေ္ဒာနိတ်နှင့်ယုနိတို့ကို နှုတ်ဆက်ပေးကြလော့။ သူတို့သည် တမန်တော်များကြားတွင် ထင်ပေါ်ကျော်ကြားသောသူများဖြစ်ကြ၍ ငါ့ထက်အလျင်ဦးစွာ ခရစ်တော်ကိုယုံကြည်သောသူ များလည်း ဖြစ်ကြ၏။
16:8 သခင်ဘုရား၌ ငါချစ်သောအမ္ပလိကို နှုတ်ဆက်ပေးကြလော့။
16:9 ခရစ်တော်၌ ငါတို့၏လုပ်ဖော်ဆောင်ဖက်ဥရဗန်နှင့် ငါချစ်သောသတာခုတို့ကို နှုတ်ဆက်ပေးကြလော့။
16:10 ခရစ်တော်၌ ယုံကြည်စိတ်ချရသူ အပေလေကို နှုတ်ဆက်ပေးကြလော့။ အာရိတ္တောဗုလု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ပေးကြလော့။
16:11 ငါ၏အမျိုးသားချင်းဟေရောဒီအုံကို နှုတ်ဆက်ပေးကြလော့။ သခင်ဘုရား၌ရှိသော နာကိသု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ပေးကြလော့။
16:12 သခင်ဘုရား၌ကြိုးစားလုပ်ဆောင်နေသူ တရုဖဲနနှင့်တရုဖောသတို့ကို နှုတ်ဆက်ပေးကြလော့။ သခင်ဘုရား၌အလွန်ကြိုးစားလုပ်ဆောင်သူ ငါချစ်သောပေရသိကို နှုတ်ဆက်ပေးကြလော့။
16:13 သခင်ဘုရား၌ရွေးကောက်ခံရသောသူ ရုဖုနှင့် ငါ၏မိခင်လည်းဖြစ်သော သူ့မိခင်ကို နှုတ်ဆက်ပေးကြလော့။
16:14 အသုံကရိတ်၊ ဖလေကုန်၊ ဟေရမေ၊ ပတ်ရောဘ၊ ဟေရမမှစ၍ သူတို့နှင့်အတူရှိသော ညီအစ်ကိုများကို နှုတ်ဆက်ပေးကြလော့။
16:15 ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရု၏နှမနှင့် ဩလုမ္ပမှစ၍ သူတို့နှင့်အတူရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ပေးကြလော့။
16:16 အချင်းချင်းသန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏အသင်းတော်အပေါင်းတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
16:17 ညီအစ်ကိုတို့၊ သင်တို့ခံယူပြီးသောသွန်သင်ချက်ကိုဆန့်ကျင်၍ ကွဲပြားခြင်းနှင့်မှားယွင်းခြင်းတို့ကို ဖြစ်ပွားစေသောသူတို့ကိုသတိပြုလျက် ရှောင်ရှားကြရန်သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။
16:18 အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့၏သခင်ခရစ်တော် ကို အစေမခံဘဲ မိမိတို့၏ဝမ်းဗိုက်ကိုသာ အစေခံ၍ ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားတို့ဖြင့် ရိုးစင်းသောသူတို့၏စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏။
16:19 သင်တို့၏နာခံမှုသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍ သင်တို့အတွက် ငါဝမ်းမြောက်၏။ သို့ရာတွင် သင်တို့သည် ကောင်းသောအမှု၌ ပညာရှိဖြစ်ကြပြီး မကောင်းသောအမှု၌ အပြစ်ကင်းစင်သောသူဖြစ်ကြရန် ငါအလိုရှိ၏။
16:20 ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် မကြာမီအတွင်း စာတန်ကို သင်တို့၏ခြေအောက်၌ ကြေမွစေတော်မူလိမ့်မည်။ ငါတို့သခင်ယေရှု ၏ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
16:21 ငါ၏လုပ်ဖော်ဆောင်ဖက်တိမောသေ၊ ငါ့အမျိုးသားချင်း လုကိ၊ ယာသုန်နှင့် သောသိပါတရုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
16:22 ဤစာကိုရေးပေးသူ အကျွန်ုပ်တေရတိသည် သခင်ဘုရား၌ သင်တို့ကိုနှုတ်ဆက်ပါ၏။
16:23 ငါမှစ၍ အသင်းတော်တစ်ခုလုံးကိုလက်ခံသောအိမ်ရှင်ဂါယုသည် သင်တို့ကိုနှုတ်ဆက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ငါတို့၏ညီအစ်ကိုကွာတုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
16:24 [ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူရှိပါစေသော။ အာမင် ။]
16:25 ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်၊
16:27 ပညာနှင့်ပြည့်စုံတော်မူသည့် တစ်ဆူတည်းသောဘုရားသခင်၌ ယေရှုခရစ်တော်အားဖြင့် ကာလအစဉ်အဆက် ဘုန်းအသရေတော်ရှိပါစေသော။ အာမင် ။