Romans 6
6:1 သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ကျေးဇူးတော်များပြားစေရန် ငါတို့သည် အပြစ်ထဲ၌ဆက်၍တည်ရမည်လော။
6:2 လုံးဝမတည်ရ။ အပြစ်အရာ၌ သေဆုံးသောငါတို့သည် ၎င်းတွင် မည်သို့အသက်ရှင်နိုင်ဦးမည်နည်း။
6:3 သို့မဟုတ် ခရစ်တော်ယေရှု၌ ဗတ္တိဇံ ခံခဲ့သောငါတို့သည် ကိုယ်တော်၏အသေခံတော်မူခြင်း၌ ဗတ္တိဇံခံခဲ့ကြောင်း သင်တို့မသိကြသလော။
6:4 ထိုသို့ ငါတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံခံသောအားဖြင့် ကိုယ်တော်နှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံကြ၏။ ဤသည်ကား ခရစ်တော်သည် ခမည်းတော်၏ဘုန်းအသရေတော်အားဖြင့် သေသောသူတို့ထဲမှ ထမြောက်တော်မူသည့်နည်းတူ ငါတို့သည်လည်း အသက်တာသစ်၌ အသက်ရှင်လျှောက်လှမ်းကြရန်ဖြစ်၏။
6:5 အကြောင်းမူကား ငါတို့သည် ခရစ်တော်၏အသေခံတော်မူခြင်းနှင့်တူညီသောသဏ္ဌာန်၌ ကိုယ်တော်နှင့်အတူပေါင်းစည်းကြသည်ဆိုလျှင် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းသဏ္ဌာန်ကိုလည်း ဧကန်အမှန်ဆောင်ကြလိမ့်မည်။
6:6 ငါတို့၏လူဟောင်းသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသည်မှာ အပြစ်နှင့်ဆိုင်သောကိုယ်ခန္ဓာသည် ဖျက်ဆီးခြင်းခံရလျက် ငါတို့သည် နောက်ထပ် အပြစ်ထံ၌ ကျွန်မခံရရန်အတွက်ဖြစ်ကြောင်း ငါတို့သိကြ၏။
6:7 အဘယ်ကြောင့်ဆိုသော် သေလွန်သောသူသည် အပြစ်၏လက်မှ လွတ်မြောက်ပြီဖြစ်၏။
6:8 ငါတို့သည် ခရစ်တော်နှင့်အတူသေလျှင် ကိုယ်တော်နှင့်အတူအသက်ရှင်မည်ဟူ၍လည်း ယုံကြည်ကြ၏။
6:9 သေသောသူတို့ထဲမှ ထမြောက်တော်မူသောခရစ်တော်သည် နောက်တစ်ဖန်သေတော့မည်မဟုတ်ကြောင်း ငါတို့သိကြ၏။ သေခြင်းသည် ကိုယ်တော်ကို အစိုးတရပြုတော့မည်မဟုတ်။
6:10 အကြောင်းမူကား ခရစ်တော်အသေခံတော်မူသည်မှာ အပြစ်အရာ၌ တစ်ကြိမ်တည်းနှင့်အပြီးအသေခံတော်မူသည်ဖြစ်၍ ယခုအသက်ရှင်တော်မူသည်မှာ ဘုရားသခင်၌ အသက်ရှင်တော်မူ၏။
6:11 ထိုနည်းတူ သင်တို့သည်လည်း အပြစ်အရာ၌ သေသောသူဖြစ်ပြီး ဘုရားသခင်၌ ခရစ်တော်ယေရှု အားဖြင့် အသက်ရှင်နေသည်ဟု ကိုယ့်ကိုယ်ကိုယ်မှတ်ယူကြလော့။
6:12 ထို့ကြောင့် ကိုယ်ခန္ဓာ၏တပ်မက်ခြင်းအလိုသို့လိုက်ရန် သင်တို့၏သေတတ်သောကိုယ်ခန္ဓာကို အပြစ်အား မစိုးမိုးစေကြနှင့်။
6:13 သင်တို့၏ကိုယ်အင်္ဂါများကိုလည်း မတရားမှု၏လက်နက်များအဖြစ် အပြစ်အား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သေသောသူတို့ထဲမှ အသက်ရှင်လာသူကဲ့သို့ မိမိကိုယ်ကို ဘုရားသခင်အား ဆက်သ၍ သင်တို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏လက်နက်များအဖြစ် ဘုရားသခင်အား ဆက်သကြလော့။
6:14 အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပညတ်တရားလက်အောက်၌မရှိဘဲ ကျေးဇူးတော်လက်အောက်၌ရှိကြသည်ဖြစ်၍ အပြစ်တရားသည် သင်တို့ကို အစိုးတရပြုလိမ့်မည်မဟုတ်။
6:15 သို့ဖြစ်လျှင် မည်သို့နည်း။ ငါတို့သည် ပညတ်တရားလက်အောက်၌မရှိဘဲ ကျေးဇူးတော်လက်အောက်၌ရှိကြသောကြောင့် အပြစ်ပြုရမည်လော။ လုံးဝမပြုရ။
6:16 သင်တို့သည် တစ်စုံတစ်ဦးအား မိမိကိုယ်ကိုဆက်သ၍ ကျွန်အဖြစ်နာခံလျှင် သင်တို့သည် သင်တို့နာခံသောသူ၏ကျွန်ဖြစ်ကြပြီး သေခြင်းသို့ရောက်စေသည့် အပြစ်၏ကျွန်၊ သို့မဟုတ် ဖြောင့်မတ်ခြင်းသို့ရောက်စေသည့် နာခံမှု၏ကျွန်ဖြစ်တတ်သည်ကို သင်တို့မသိကြသလော။
6:17 သင်တို့သည် အပြစ်၏ကျွန်ဖြစ်ခဲ့ကြသော်လည်း သင်တို့ခံယူရရှိသော သွန်သင်ချက်၏နည်းဥပဒေသကို စိတ်နှလုံးနှင့်တကွနာခံကြသဖြင့်
6:18 အပြစ်၏လက်မှ လွတ်မြောက်ခွင့်ရပြီး ဖြောင့်မတ်ခြင်း၏ကျွန်ဖြစ်လာကြသောကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။
6:19 သင်တို့၏သွေးသားဇာတိအားနည်းသောကြောင့် ငါသည် လောကီဝေါဟာရအားဖြင့် ပြောဆို၏။ ယခင်က သင်တို့သည် မိမိတို့၏ကိုယ်အင်္ဂါများကို ညစ်ညူးခြင်းနှင့်တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် ဆက်သ၍ တရားမဲ့ခြင်းထဲသို့ ရောက်ခဲ့ကြသည့်နည်းတူ ယခု မိမိတို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏ကျွန်အဖြစ် ဆက်သ၍ သန့်ရှင်းခြင်းသို့ရောက်ကြလော့။
6:20 သင်တို့သည် အပြစ်၏ကျွန်ဖြစ်ခဲ့စဉ်က ဖြောင့်မတ်ခြင်းနှင့်ကင်းဝေးသောသူများဖြစ်ခဲ့ကြ၏။
6:21 ထိုစဉ်က ယခု သင်တို့ရှက်ကြောက်လျက်ရှိသောအရာတို့မှ မည်သည့်အကျိုးကျေးဇူးကို ရရှိခဲ့ကြသနည်း။ ထိုအရာတို့၏ရလဒ်သည် သေခြင်းဖြစ်၏။
6:22 သို့သော် ယခုအခါ သင်တို့သည် အပြစ်၏လက်မှလွတ်မြောက်ခွင့်ရ၍ ဘုရားသခင်၏ကျွန်ဖြစ်လာကြပြီး သန့်ရှင်းခြင်းသို့ရောက်စေသည့်အကျိုးကျေးဇူးကို ခံစားရကြ၏။ ၎င်း၏ရလဒ်မူကား ထာဝရအသက်ဖြစ်၏။
6:23 အကြောင်းမှာ အပြစ်၏အခသည် သေခြင်းဖြစ်၏။ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးမူကား ငါတို့၏သခင်ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက်ဖြစ်၏။