1 Corinthians 1
1:1 ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်အဖြစ် ခေါ်ယူတော်မူခြင်းခံရသော ငါပေါလုနှင့်ငါ့ညီသုဿင်တို့သည်
1:2 ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုပတ္ထနာပြုကြသည့် အရပ်ရပ်တို့၌ရှိသောသူအပေါင်းတို့နှင့်အတူသန့်ရှင်းသူအဖြစ်ခေါ်ယူတော်မူခြင်းခံရ၍ ခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူများတည်းဟူသော ကောရိန်သုမြို့၌ရှိသည့် ဘုရားသခင်၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကိုယ်တော်သည် ထိုပတ္ထနာပြုသောသူအပေါင်းတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူ၏။
1:3 ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
1:4 ယေရှုခရစ်တော်အားဖြင့် သင်တို့အားပေးသနားတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည် သင်တို့အတွက် ငါ့ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်၏။
1:5 အကြောင်းမူကား သင်တို့သည် နှုတ်သတ္တိရှိသမျှ၌ဖြစ်စေ၊ ဉာဏ်သတ္တိရှိသမျှ၌ဖြစ်စေ၊ အရာရာတို့၌ ခရစ်တော်အားဖြင့် ကြွယ်ဝပြည့်စုံ၍
1:6 ခရစ်တော်နှင့်ဆိုင်သောသက်သေခံချက်သည် သင်တို့၌ အတည်ပြုခြင်းခံရ၏။
1:7 ထို့ကြောင့် သင်တို့သည် ဆုကျေးဇူးတစ်စုံတစ်ခုမျှ လစ်ဟင်းနေသည်ဟူ၍မရှိဘဲ ငါတို့သခင်ယေရှုခရစ်တော်၏ပေါ်ထွန်းတော်မူခြင်းကို စောင့်မျှော်နေကြ၏။
1:8 ငါတို့သခင်ယေရှုခရစ်တော်၏နေ့ရက်တွင် သင်တို့၌အပြစ်တင်စရာမရှိမည့်အကြောင်း ကိုယ်တော်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
1:9 မိမိ၏သားတော်တည်းဟူသော ငါတို့သခင်ယေရှုခရစ်တော်၏မိတ်သဟာယဖွဲ့ခြင်းထဲသို့ သင်တို့ကိုခေါ်တော်မူသောဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။
1:10 ညီအစ်ကိုတို့၊ သင်တို့အားလုံးသည် ပြောဆိုရာ၌ညီညွတ်မှုရှိ၍ အချင်းချင်းကွဲပြားခြင်းမရှိဘဲ တစ်စိတ်တစ်သဘောတည်းဖြင့် စည်းစည်းလုံးလုံးရှိကြမည့်အကြောင်း ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုအမှီပြု၍ သင်တို့အား ငါတိုက်တွန်းနှိုးဆော်ပါ၏။
1:11 အကြောင်းမူကား ငါ့ညီအစ်ကိုတို့၊ သင်တို့အထဲတွင် ပဋိပက္ခဖြစ်ခြင်းရှိသည်ဟု ခလောဣအိမ်သားများက သင်တို့အကြောင်းကို ငါ့အားပြောပြကြ၏။
1:12 သင်တို့အသီးသီးက “ငါသည် ပေါလုတပည့်ဖြစ်သည်။ ငါသည် အာပေါလုတပည့်ဖြစ်သည်။ ငါသည် ကေဖတပည့်ဖြစ်သည်။ ငါသည် ခရစ်တော်တပည့်ဖြစ်သည်”ဟု ပြောဆိုနေကြသောကြောင့် ဤစကားကို ယခု ငါပြောရ၏။
1:13 ခရစ်တော်ကို ကွဲပြားစေကြပြီလော။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းကို ခံရသလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ ဗတ္တိဇံ ခံခဲ့ကြသလော။
1:14 ငါသည် သင်တို့ထဲမှ ကရိပ္ပုနှင့်ဂါယုတို့မှတစ်ပါး အခြားမည်သူ့ကိုမျှ ဗတ္တိဇံမပေးခဲ့သောကြောင့် ဘုရားသခင်ကိုကျေးဇူးတင်၏။
1:15 သို့ဖြစ်၍ ငါ၏နာမ၌ ဗတ္တိဇံခံခဲ့သည်ဟု မည်သူမျှ ပြောစရာအကြောင်းမရှိ။
1:16 ငါသည် သတေဖနာ၏အိမ်သူအိမ်သားများကိုလည်း ဗတ္တိဇံပေးခဲ့ပါ၏။ ထိုသူတို့မှလွဲ၍ အခြားသူတစ်စုံတစ်ဦးအား ဗတ္တိဇံပေးခဲ့သည်၊ မပေးခဲ့သည်ကို ငါမမှတ်မိချေ။
1:17 အကြောင်းမူကား ဗတ္တိဇံပေးစေရန် ခရစ်တော်သည် ငါ့ကိုစေလွှတ်တော်မူသည်မဟုတ်။ ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် စေလွှတ်တော်မူ၏။ ထိုသို့ဟောပြောရာ၌လည်း ခရစ်တော်၏လက်ဝါးကပ်တိုင်တော်ကို အချည်းနှီးမဖြစ်စေရန် နှုတ်အတတ်အားဖြင့်ဟောပြောရန်မဟုတ်။
1:18 အကြောင်းမူကား လက်ဝါးကပ်တိုင်တော်နှင့်ဆိုင်သောသတင်းစကားသည် ပျက်စီးခြင်းသို့ရောက်သောသူတို့အတွက် မိုက်မဲသောအရာဖြစ်သော်လည်း ကယ်တင်ခြင်းခံရသောငါတို့အတွက်မူကား ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
1:19 အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ငါသည် ပညာရှိတို့၏ဉာဏ်ပညာကို ဖျက်ဆီးမည်။ ဉာဏ်ထက်မြက်သောသူတို့၏ဉာဏ်စွမ်းကိုလည်း ငါပစ်ပယ်မည်” ဟု ရေးထား၏။
1:20 ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ဤလောကရှိ ဝေဖန်ရေးသမားကား အဘယ်မှာရှိသနည်း။ ဘုရားသခင်သည် လောကီဉာဏ်ပညာကို မိုက်မဲစေတော်မူသည်မဟုတ်လော။
1:21 အကြောင်းမူကား ဘုရားသခင်၏ဉာဏ်ပညာအရ ဤလောကသည် မိမိ၏ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကိုမသိခဲ့သောကြောင့် ဘုရားသခင်သည် ဟောပြောခြင်းအမှု၏မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူတို့ကိုကယ်တင်ရန် အလိုရှိတော်မူ၏။
1:22 ဂျူးလူမျိုးတို့သည် နိမိတ်လက္ခဏာများကိုတောင်းတတ်ကြ၏။ ဂရိလူမျိုးတို့သည် ဉာဏ်ပညာကိုရှာဖွေတတ်ကြ၏။
1:23 ငါတို့မူကား လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည် ဂျူးလူမျိုးတို့အတွက် မှားယွင်းစရာအကြောင်းဖြစ်ပြီး လူမျိုးခြား တို့အတွက် မိုက်မဲသောအရာဖြစ်၏။
1:24 သို့သော် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ ခေါ်ယူတော်မူခြင်းခံရသောသူတို့အတွက် ခရစ်တော်သည် ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုရားသခင်၏ဉာဏ်ပညာတော်ဖြစ်၏။
1:25 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏မိုက်မဲခြင်းသည် လူတို့၏ပညာရှိခြင်းထက် ပညာရှိ၏။ ဘုရားသခင်၏အားနည်းခြင်းသည် လူတို့ထက် ခွန်အားကြီး၏။
1:26 ညီအစ်ကိုတို့၊ သင်တို့ခေါ်ယူတော်မူခြင်းခံရစဉ်ကအကြောင်းကို ဆင်ခြင်ကြလော့။ လူ့အမြင်အရ သင်တို့တွင် ပညာရှိများစွာမပါ။ အစွမ်းထက်သောသူများစွာမပါ။ မြင့်မြတ်သောသူများစွာမပါ။
1:27 သို့သော် ဘုရားသခင်သည် ပညာရှိတို့ကိုအရှက်ရစေရန် လောကရှိ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ ခွန်အားကြီးသောသူတို့ကိုအရှက်ရစေရန် လောကရှိ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏။
1:28 ထို့ပြင် အရေးပါသောသူတို့ကိုပယ်ဖျက်ရန် အရေးမပါသောသူများဖြစ်ကြသည့် လောကရှိ အဆင့်အတန်းနိမ့်သောသူများနှင့် မထီမဲ့မြင်ပြုခြင်းခံရသောသူများကို ဘုရားသခင်ရွေးကောက်တော်မူ၏။
1:29 ထို့ကြောင့် ဘုရားသခင်ရှေ့တော်၌ မည်သူမျှ ဝါကြွားစရာအကြောင်းမရှိ။
1:30 သင်တို့သည် ဘုရားသခင်အားဖြင့် ခရစ်တော်ယေရှု၌တည်နေကြ၏။ ခရစ်တော်သည် ငါတို့အတွက် ဘုရားသခင်ထံမှလာသော ဉာဏ်ပညာဖြစ်တော်မူပြီး ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ရွေးနုတ်ခြင်းဖြစ်တော်မူ၏။
1:31 သို့ဖြစ်၍ ကျမ်းစာ၌ရေးထားသည်နှင့်အညီ “ဝါကြွားသောသူသည် ထာဝရဘုရား၌သာ ဝါကြွားစေ။”