1 Corinthians 14
14:1 ချစ်ခြင်းမေတ္တာကို လက်ကိုင်ပြုကြလော့။ ထို့ပြင် ဝိညာဉ်ဆုကျေးဇူးများ၊ အထူးသဖြင့် ပရောဖက်ပြုဟောပြောနိုင်သောဆုကျေးဇူးကို အလွန်လိုချင်သောစိတ်ရှိကြလော့။
14:2 အကြောင်းမူကား အခြားသောဘာသာစကားပြောဆိုသောသူသည် လူတို့အား ပြောဆိုသည်မဟုတ်ဘဲ ဘုရားသခင်အား ပြောဆို၏။ အဘယ်ကြောင့်ဆိုသော် ထိုစကားကို မည်သူမျှနားမလည်ချေ။ သူသည် ဝိညာဉ်တော်အားဖြင့် လျှို့ဝှက်နက်နဲသောအရာတို့ကို ပြောဆိုနေခြင်းသာဖြစ်၏။
14:3 ပရောဖက်ပြုဟောပြောသောသူမူကား တည်ဆောက်မြှင့်တင်ပေးခြင်း၊ တိုက်တွန်းအားပေးခြင်းနှင့် နှစ်သိမ့်ခြင်းတို့အတွက် လူတို့အားဟောပြော၏။
14:4 အခြားသောဘာသာစကားပြောဆိုသောသူသည် မိမိကိုသာတည်ဆောက်မြှင့်တင်၏။ ပရောဖက်ပြုဟောပြောသောသူမူကား အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေး၏။
14:5 သင်တို့အားလုံးသည် အခြားသောဘာသာစကားများပြောဆိုနိုင်ရန် ငါအလိုရှိ၏။ သို့သော် ပရောဖက်ပြုဟောပြောခြင်းအမှုကို သင်တို့အား ပို၍ပြုစေလို၏။ အခြားသောဘာသာစကားပြောဆိုသောသူသည် အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေးရန် ၎င်း၏အနက်ကိုဖွင့်ခြင်းမရှိလျှင် ထိုသူထက် ပရောဖက်ပြုဟောပြောသောသူသည် ပို၍ကြီးမြတ်၏။
14:6 သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံလာ၍ အခြားသောဘာသာစကားများပြောဆိုသော်လည်း ဗျာဒိတ်တော်အားဖြင့်ဖြစ်စေ၊ အသိပညာအားဖြင့်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောခြင်းအားဖြင့်ဖြစ်စေ၊ သွန်သင်သည့်စကားအားဖြင့်ဖြစ်စေ မဟောပြောလျှင် သင်တို့အတွက် မည်သည့်အကျိုးရှိမည်နည်း။
14:7 ပလွေ၊ သို့မဟုတ် စောင်းကဲ့သို့သော သက်မဲ့တူရိယာများပင်လျှင် ပီပြင်ပြတ်သားသောသံစဉ်မထွက်လျှင် မည်သည့်အရာကို မှုတ်နေသည်ကိုလည်းကောင်း၊ မည်သည့်အရာကို တီးနေသည်ကိုလည်းကောင်း မည်သို့သိနိုင်မည်နည်း။
14:8 တံပိုးခရာသည်လည်း မသေချာသောအသံကိုပေးလျှင် မည်သူသည် တိုက်ပွဲအတွက် ပြင်ဆင်လိမ့်မည်နည်း။
14:9 ထိုနည်းတူ သင်တို့သည်လည်း နားမလည်နိုင်သောသတင်းစကားကို အခြားသောဘာသာစကားဖြင့် ပြောဆိုလျှင် ပြောဆိုသောအရာများကို မည်သို့သိနိုင်မည်နည်း။ သင်တို့သည် လေကိုစကားပြောနေခြင်းသာ ဖြစ်လိမ့်မည်။
14:10 ကမ္ဘာပေါ်တွင် ဘာသာစကားအမျိုးအစား များစွာရှိသည်မှန်သော်လည်း အဓိပ္ပာယ်မဲ့သောစကားတစ်ခုမျှမရှိ။
14:11 ထို့ကြောင့် ဘာသာစကား၏အနက်အဓိပ္ပာယ်ကို ငါနားမလည်လျှင် ထိုစကားကိုပြောဆိုနေသူအတွက် ငါသည် တိုင်းတစ်ပါးသားဖြစ်သကဲ့သို့ ပြောဆိုနေသောထိုသူသည်လည်း ငါ့အတွက် တိုင်းတစ်ပါးသားဖြစ်လိမ့်မည်။
14:12 သို့ဖြစ်၍ သင်တို့သည်လည်း ဝိညာဉ်ဆုကျေးဇူးများကိုရရှိရန် စိတ်အားထက်သန်လျက်ရှိကြသည်ဖြစ်၍ အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ထိုဆုကျေးဇူးဖြင့် ကြွယ်ဝပြည့်စုံမည့်အကြောင်း ကြိုးစားအားထုတ်ကြလော့။
14:13 ထို့ကြောင့် အခြားသောဘာသာစကားပြောဆိုသောသူသည် အနက်ဖွင့်နိုင်မည့်အကြောင်း ဆုတောင်းစေ။
14:14 အကြောင်းမူကား အခြားသောဘာသာစကားအားဖြင့် ငါဆုတောင်းလျှင် ငါ၏စိတ်ဝိညာဉ်သည် ဆုတောင်းသော်လည်း ငါ၏အသိစိတ်မူကား အကျိုးမပေး။
14:15 သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ငါသည် စိတ်ဝိညာဉ်အားဖြင့် ဆုတောင်း၍ အသိစိတ်အားဖြင့်လည်း ဆုတောင်းမည်။ စိတ်ဝိညာဉ်အားဖြင့် သီချင်းဆို၍ အသိစိတ်အားဖြင့်လည်း သီချင်းဆိုမည်။
14:16 သို့မဟုတ်လျှင် သင်သည် စိတ်ဝိညာဉ်အားဖြင့် ကျေးဇူးတော်ချီးမွမ်းသောအခါ ကျွမ်းဝင်မှုမရှိသေးသော အုပ်စုအဝင်ဖြစ်သောသူသည် သင်ပြောနေသည့်စကားကို နားမလည်သောကြောင့် သင်၏ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် “အာမင် ”ဟု မည်သို့ပြောနိုင်မည်နည်း။
14:17 သင်သည် ကျေးဇူးတော်ကိုချီးမွမ်းသည်မှာ ကောင်းပေ၏။ သို့သော် သူတစ်ပါးကို တည်ဆောက်မြှင့်တင်ပေးခြင်းမရှိ။
14:18 ငါသည် သင်တို့အားလုံးထက် အခြားသောဘာသာစကားများကို ပို၍ပြောဆိုရသည့်အတွက် ဘုရားသခင်ကိုကျေးဇူးတင်၏။
14:19 သို့သော် အသင်းတော်ထဲ၌ အခြားသောဘာသာစကားဖြင့် စကားအခွန်းတစ်သောင်းပြောခြင်းထက် သူတစ်ပါးတို့ကို သွန်သင်နိုင်ရန် ငါ၏အသိစိတ်ဖြင့် စကားငါးခွန်းပြောခြင်းကို သာ၍ ငါအလိုရှိ၏။
14:20 ညီအစ်ကိုတို့၊ စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ ကလေးသူငယ်များမဖြစ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်၍ ကလေးသူငယ်များကဲ့သို့ဖြစ်ကြလျက် စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ စုံလင်ရင့်ကျက်သောသူများဖြစ်ကြလော့။
14:21 ပညတ်တရားကျမ်း၌ “ငါသည် ဤလူမျိုးတို့အား ထူးခြားသောဘာသာစကားနှင့် တိုင်းတစ်ပါးသားများ၏နှုတ်တို့ဖြင့် ပြောဆိုမည်။ သို့သော် သူတို့သည် နားထောင်ကြလိမ့်မည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏” ဟူ၍ ရေးထား၏။
14:22 သို့ဖြစ်၍ အခြားသောဘာသာစကားတို့သည် ယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာမဟုတ်ဘဲ မယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာဖြစ်၏။ ပရောဖက်ပြုဟောပြောခြင်းမူကား မယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာမဟုတ်ဘဲ ယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာဖြစ်၏။
14:23 ထို့ကြောင့် အသင်းတော်တစ်ခုလုံးစုဝေးလျက် အားလုံးသည် အခြားသောဘာသာစကားများပြောဆိုကြစဉ် ကျွမ်းဝင်မှုမရှိသေးသောသူများ၊ သို့မဟုတ် မယုံကြည်သူများ ဝင်လာလျှင် သင်တို့ရူးသွပ်နေပြီဟု ပြောကြလိမ့်မည် မဟုတ်လော။
14:24 သို့သော် အားလုံးသည် ပရောဖက်ပြုဟောပြောကြစဉ် မယုံကြည်သူ၊ သို့မဟုတ် ကျွမ်းဝင်မှုမရှိသေးသောသူ တစ်စုံတစ်ဦးဝင်လာလျှင် သူသည် သင်တို့အားလုံးကြောင့် အပြစ်ဖော်ပြခြင်းကိုခံရ၍ သင်တို့အားလုံး၏စစ်ဆေးစီရင်ခြင်းကိုခံရကာ
14:25 သူ၏စိတ်နှလုံးထဲမှ ကွယ်ဝှက်ထားသောအရာတို့သည် ထင်ရှားလာသဖြင့် “ဘုရားသခင်သည် သင်တို့အလယ်၌ အမှန်ရှိတော်မူ၏”ဟု ဝန်ခံလျက် ဘုရားသခင်ကို ပျပ်ဝပ်ရှိခိုးလိမ့်မည်။
14:26 သို့ဖြစ်လျှင် ညီအစ်ကိုတို့၊ မည်သို့ဆိုရမည်နည်း။ သင်တို့သည် စည်းဝေးကြသောအခါ ဆာလံသီချင်းဆိုသောသူ၊ သွန်သင်ပေးသောသူ၊ ဗျာဒိတ်တော်ဟောပြောသောသူ၊ အခြားသောဘာသာစကားပြောဆိုသောသူနှင့် ထိုဘာသာစကား၏အနက်ကိုဖွင့်သောသူ အသီးသီးရှိကြ၏။ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ပြုကြလော့။
14:27 အခြားသောဘာသာစကားပြောဆိုသောသူရှိလျှင် နှစ်ဦး၊ သို့မဟုတ် အများဆုံးသုံးဦးက တစ်လှည့်စီပြော၍ တစ်ဦးက အနက်ဖွင့်စေ။
14:28 သို့သော် အနက်ဖွင့်သူမရှိလျှင် သူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိကိုယ်ကိုလည်းကောင်း၊ ဘုရားသခင်ကိုလည်းကောင်း ပြောစေ။
14:29 ပရောဖက်နှစ်ဦး၊ သို့မဟုတ် သုံးဦးတို့သည် ဟောပြော၍ အခြားသောသူတို့သည် ဆင်ခြင်သုံးသပ်ကြစေ။
14:30 သို့သော် ထိုင်နေသောအခြားသူအား တစ်စုံတစ်ခုကိုဖွင့်ပြတော်မူလျှင် ပထမလူသည် တိတ်ဆိတ်စွာနေစေ။
14:31 အကြောင်းမူကား လူတိုင်းသွန်သင်ခြင်းခံရ၍ လူတိုင်းတိုက်တွန်းနှိုးဆော်ခြင်းခံရမည့်အကြောင်း သင်တို့အားလုံးသည် တစ်ဦးပြီးတစ်ဦး ပရောဖက်ပြုဟောပြောနိုင်၏။
14:32 ပရောဖက်တို့၏စိတ်ဝိညာဉ်တို့သည် ပရောဖက်တို့ကိုနာခံတတ်၏။
14:33 အကြောင်းမူကား ဘုရားသခင်သည် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့်ဆိုင်သောဘုရားမဟုတ်ဘဲ ငြိမ်သက်ခြင်းနှင့်ဆိုင်သောဘုရားဖြစ်တော်မူ၏။ သန့်ရှင်းသူတို့၏အသင်းတော်တိုင်း၌ ပြုကျင့်သကဲ့သို့
14:34 မိန်းမတို့သည် အသင်းတော်တွင် တိတ်ဆိတ်စွာနေကြရမည်။ အကြောင်းမူကား သူတို့၌ ဟောပြောရသောအခွင့်မရှိ။ ပညတ်တရား၌လည်းဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။
14:35 သူတို့သည် တစ်စုံတစ်ခုကိုသင်ယူလိုလျှင် အိမ်၌ မိမိ၏လင်ယောက်ျားအား မေးမြန်းကြစေ။ အကြောင်းမူကား မိန်းမတစ်ဦးအနေဖြင့် အသင်းတော်၌ဟောပြောခြင်းသည် ရှက်ဖွယ်ဖြစ်၏။
14:36 ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့ထံမှထွက်လာသလော၊ သို့မဟုတ် သင်တို့ထံသို့သာရောက်လာသလော။
14:37 တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ပရောဖက်၊ သို့မဟုတ် ဝိညာဉ်လူဖြစ်သည်ဟုထင်မှတ်လျှင် သင်တို့ထံ ငါရေးလိုက်သောအကြောင်းအရာတို့သည် သခင်ဘုရား၏ပညတ်တော်ဖြစ်ကြောင်း သူသည် သိမှတ်ရမည်။
14:38 မည်သူမဆို ဤအရာကို အသိအမှတ်မပြုလျှင် ထိုသူသည် အသိအမှတ်ပြုခြင်းခံရမည်မဟုတ်။
14:39 သို့ဖြစ်၍ ငါ့ညီအစ်ကိုတို့၊ ပရောဖက်ပြုဟောပြောရန် အလွန်အလိုရှိကြလော့။ အခြားသောဘာသာစကားပြောဆိုခြင်းကိုလည်း မတားမြစ်ကြနှင့်။
14:40 သို့သော် အရာအားလုံးကို တင့်တယ်လျောက်ပတ်စွာ အစီအစဉ်တကျပြုကြလော့။