1 Corinthians 4
4:1 ထို့ကြောင့် လူတို့သည် ငါတို့အား ခရစ်တော်၏အမှုတော်ဆောင်အဖြစ်လည်းကောင်း၊ ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာများကို စောင့်ရှောက်ရသော ဘဏ္ဍာစိုးအဖြစ်လည်းကောင်း မှတ်ယူပါစေ။
4:2 ဤနေရာတွင် ဘဏ္ဍာစိုးသည် သစ္စာရှိကြောင်း အသိအမှတ်ပြုခြင်းခံရသူဖြစ်ရမည်။
4:3 ငါသည် သင်တို့ထံ၌ဖြစ်စေ၊ လူတို့၏ခုံရုံး၌ဖြစ်စေ စစ်ဆေးစီရင်ခြင်းကိုခံရသော်လည်း ငါ့အတွက် သေးငယ်သောအမှုသာဖြစ်၏။ ငါသည် မိမိကိုယ်ကိုလည်း စစ်ဆေးစီရင်ခြင်းမပြု။
4:4 အကြောင်းမူကား ငါသည် ကိုယ့်ကိုယ်ကိုယ်စိတ်လုံ၏။ သို့သော် ထိုသို့ဖြစ်သည့်အတွက် ငါသည် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်။ ငါ့ကိုစစ်ဆေးစီရင်တော်မူသောအရှင်ကား သခင်ဘုရားပေတည်း။
4:5 သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
4:6 ညီအစ်ကိုတို့၊ ငါသည် ငါနှင့်အာပေါလုတို့အကြောင်းကိုပုံဆောင်လျက် ဤအရာများကို သင်တို့အတွက်ဖော်ပြ၏။ ဤသည်ကား သင်တို့သည် ကျမ်းစာ၌ရေးထားသောအရာတို့ကို မကျော်လွန်မည့်အကြောင်း ငါတို့ကိုစံနမူနာထား၍ သင်ယူကြစေရန်နှင့် တစ်ဦးဘက်၌နေ၍ အခြားတစ်ဦးအပေါ် မာနထောင်လွှားခြင်းမရှိကြစေရန်ဖြစ်၏။
4:7 အကြောင်းမူကား မည်သူသည် သင့်ကိုထူးခြားစေသနည်း။ သင်ခံယူရရှိသောအရာမဟုတ်ဘဲ သင်၌နဂိုကတည်းက ရှိထားသောအရာတစ်စုံတစ်ခုရှိသလော။ သင်ခံယူရရှိခဲ့သည့်အရာဖြစ်သည်မှန်လျှင် ခံယူရရှိခဲ့သည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့်ဝါကြွားသနည်း။
4:8 သင်တို့သည် ပြည့်စုံနေကြပြီ။ သင်တို့သည် ကြွယ်ဝနေကြပြီ။ ငါတို့မပါဘဲ စိုးစံနေကြပြီ။ ငါတို့လည်း သင်တို့နှင့်အတူစိုးစံနိုင်ရန် သင်တို့သည် အမှန်တကယ်စိုးစံနေခဲ့ကြလျှင် ကောင်းပေမည်။
4:9 ဘုရားသခင်သည် တမန်တော်ဖြစ်ကြသောငါတို့ကို နောက်ဆုံးတွင်ထား၍ အသေသတ်ခြင်းခံရမည့်သူများကဲ့သို့ ထုတ်ပြတော်မူပြီဟု ငါထင်မှတ်၏။ အဘယ်ကြောင့်ဆိုသော် ငါတို့သည် ကောင်းကင်တမန်များရှေ့၌ဖြစ်စေ၊ လူတို့ရှေ့၌ဖြစ်စေ တစ်လောကလုံးအတွက် ရှုစားစရာဖြစ်လာကြ၏။
4:10 ငါတို့သည် ခရစ်တော်အတွက် မိုက်မဲသောသူဖြစ်ကြ၏။ သင်တို့မူကား ခရစ်တော်၌ ပညာသတိရှိသောသူဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူဖြစ်ကြ၏။ သင်တို့မူကား ခွန်အားကြီးသောသူဖြစ်ကြ၏။ သင်တို့သည် ဂုဏ်သရေရှိသောသူဖြစ်ကြ၏။ ငါတို့မူကား ဂုဏ်သရေမဲ့သောသူဖြစ်ကြ၏။
4:11 ငါတို့သည် ယခုအချိန်တိုင်အောင် ဆာလောင်မွတ်သိပ်လျက်၊ အဝတ်မဲ့လျက်၊ ထိုးနှက်ခြင်းခံရလျက်၊ အိမ်ရာမဲ့လျက်၊
4:12 မိမိတို့လက်ဖြင့် အားထုတ်လုပ်ဆောင်လျက် နေကြရ၏။ ပုတ်ခတ်ပြောဆိုခြင်းခံရသောအခါ ကောင်းချီးပေးကြ၏။ ညှဉ်းဆဲခြင်းခံရသောအခါ သည်းခံကြ၏။
4:13 စော်ကားပြောဆိုခြင်းခံရသောအခါ မေတ္တာပြကြ၏။ ယခုတိုင်အောင် ငါတို့သည် လူတကာတို့၏အပယ်ခံများ၊ လောက၏အမှိုက်သရိုက်များကဲ့သို့ ဖြစ်ရကြ၏။
4:14 ဤအရာများကို ငါရေးလိုက်ခြင်းမှာ သင်တို့အား အရှက်ရစေရန်မဟုတ်ဘဲ ငါ၏ချစ်သားသမီးများအဖြစ် သတိပေးဆုံးမရန်သာဖြစ်၏။
4:15 အကြောင်းမူကား ခရစ်တော်၌ သင်တို့ကိုအုပ်ထိန်းသူ တစ်သောင်းရှိသော်လည်း ဖခင်မူကား များစွာမရှိ။ ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ သင်တို့ကိုမွေးဖွားပေးခဲ့သူမှာ ငါပင်ဖြစ်၏။
4:16 သို့ဖြစ်၍ ငါ့ကိုအတုယူသူများဖြစ်ကြရန် သင်တို့ကို ငါတိုက်တွန်းနှိုးဆော်၏။
4:17 ဤအကြောင်းကြောင့် သခင်ဘုရား၌သစ္စာရှိသော ငါ၏ချစ်သား တိမောသေကို သင်တို့ထံသို့ ငါစေလွှတ်၏။ သူသည် အရပ်ရပ်တို့၌ အသင်းတော်တိုင်းတွင် ငါသွန်သင်သည့်အတိုင်း ခရစ်တော်ယေရှု၌ ငါလိုက်လျှောက်သောလမ်းတို့ကို သင်တို့အား သတိရစေလိမ့်မည်။
4:18 လူအချို့တို့သည် သင်တို့ထံသို့ ငါရောက်လာမည်မဟုတ်ဟုထင်မှတ်၍ မာနထောင်လွှားလျက်ရှိကြ၏။
4:19 သို့သော် သခင်ဘုရားအလိုတော်ရှိလျှင် ငါသည် သင်တို့ထံသို့ မကြာမီလာ၍ မာနထောင်လွှားသောသူတို့၏စကားမဟုတ်ဘဲ သူတို့၏တန်ခိုးကို သိရလိမ့်မည်။
4:20 အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် စကား၌မတည်ဘဲ တန်ခိုး၌တည်၏။
4:21 သင်တို့သည် မည်သည့်အရာကို အလိုရှိကြသနည်း။ ငါသည် သင်တို့ထံသို့ တုတ်နှင့်လာရမည်လော၊ သို့မဟုတ် မေတ္တာနှင့် နူးညံ့သိမ်မွေ့သောစိတ်တို့ဖြင့် လာရမည်လော။