Galatians 1
1:1 လူတို့ထံမှမဟုတ်၊ လူ့အားဖြင့်လည်းမဟုတ်ဘဲ ယေရှုခရစ်တော်နှင့် ကိုယ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောခမည်းတော်ဘုရားသခင်အားဖြင့် တမန်တော်ဖြစ်သောငါပေါလုမှစ၍
1:2 ငါနှင့်အတူရှိသောညီအစ်ကိုအပေါင်းတို့သည် ဂလာတိပြည်၌ရှိသည့် အသင်းတော်များထံသို့ စာရေးလိုက်ပါ၏။
1:3 ငါတို့အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
1:4 ထိုသခင်သည် ငါတို့အဖဖြစ်တော်မူသောဘုရားသခင်၏အလိုတော်နှင့်အညီ ဆိုးညစ်သောမျက်မှောက်ကာလမှ ငါတို့ကိုကယ်နုတ်ရန် ငါတို့၏အပြစ်အတွက် မိမိကိုယ်ကိုပေးအပ်တော်မူ၏။
1:5 အဖဘုရားသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင် ။
1:6 သင်တို့သည် ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့ကိုခေါ်ယူတော်မူသောအရှင်ထံမှ ခြားနားသည့်ကောင်းမြတ်သောသတင်းဘက်သို့ ဤမျှလောက်အလျင်အမြန်လှည့်သွားကြသည်ကို ငါအလွန်အံ့ဩမိ၏။
1:7 ထိုသို့ဆိုသော် အခြားကောင်းမြတ်သောသတင်းရှိသည်မဟုတ်။ လူအချို့တို့သည် သင်တို့ကို မငြိမ်မသက်ဖြစ်စေ၍ ခရစ်တော်၏ကောင်းမြတ်သောသတင်းကို မှောက်လှန်လိုကြခြင်းသာဖြစ်၏။
1:8 သို့သော် ငါတို့ကဖြစ်စေ၊ ကောင်းကင်မှ ကောင်းကင်တမန်ကဖြစ်စေ သင်တို့အား ငါတို့ဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ကွဲလွဲခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ကျိန်ခြင်းကိုခံပါစေ။
1:9 ယခင်က ငါတို့ပြောခဲ့သည့်အတိုင်း ယခုထပ်မံ၍ ငါပြောသည်မှာ မည်သူမဆို သင်တို့လက်ခံခဲ့ပြီးဖြစ်သည့် ကောင်းမြတ်သောသတင်းနှင့် ကွဲလွဲခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ကျိန်ခြင်းကိုခံပါစေ။
1:10 အကြောင်းမူကား ယခု ငါသည် လူတို့ထံမှမျက်နှာရရန် ကြိုးစားနေသလော၊ သို့မဟုတ် ဘုရားသခင်ထံမှမျက်နှာရရန် ကြိုးစားနေသလော၊ သို့တည်းမဟုတ် လူတို့ကိုနှစ်သက်စေရန် ကြိုးစားနေသလော။ လူတို့ကိုနှစ်သက်စေရန် ငါကြိုးစားနေသေးလျှင် ငါသည် ခရစ်တော်၏အစေအပါးဖြစ်သည်မဟုတ်။
1:11 ညီအစ်ကိုတို့၊ ငါဟောပြောသည့်ကောင်းမြတ်သောသတင်းသည် လူကဖန်တီးထားသောအရာမဟုတ်ကြောင်း သင်တို့အား ငါသိစေလိုပါ၏။
1:12 အကြောင်းမူကား ၎င်းကို လူ့ထံမှ ငါရရှိခဲ့သည်မဟုတ်။ သင်ယူခဲ့သည်လည်းမဟုတ်။ ယေရှုခရစ်တော်၏ဗျာဒိတ်တော်အားဖြင့်သာ ငါရရှိခဲ့၏။
1:13 ဂျူးဘာသာဝင်အဖြစ် ငါအသက်ရှင်နေထိုင်ခဲ့စဉ်အခါက ငါသည် ဘုရားသခင်၏အသင်းတော်ကို အတိုင်းထက်အလွန်ညှဉ်းဆဲ၍ ထိုအသင်းတော်ကို ဖျက်ဆီးရန်ကြိုးစားခဲ့သည်ကိုလည်းကောင်း၊
1:14 ငါသည် ဂျူးဘာသာတရား၌ ငါ့လူမျိုးထဲရှိသက်တူရွယ်တူများထက် သာလွန်ပြီး ငါ့ဘိုးဘေးတို့၏ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ အလွန်စိတ်အားထက်သန်ခဲ့သည်ကိုလည်းကောင်း သင်တို့ကြားသိထား၏။
1:15 သို့သော် အမိဝမ်းထဲ၌ငါရှိစဉ်ကပင် ငါ့ကိုသီးသန့်ရွေးချယ်ထား၍ မိမိ၏ကျေးဇူးတော်အားဖြင့် ငါ့ကိုခေါ်ယူတော်မူ သောဘုရားသခင်သည်
1:16 မိမိ၏သားတော်အကြောင်းကို လူမျိုးခြားတို့တွင်ဟောပြောစေရန်အတွက် ထိုသားတော်ကို ငါ့အားဖော်ပြရန် အလိုရှိတော်မူသောအခါ ငါသည် အသွေးအသားနှင့်တိုင်ပင်ခြင်းကိုမပြု။
1:17 ငါ့ထက်အလျင်ဦးစွာ တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာ ဂျေရုဆလင်မြို့သို့လည်း မသွားဘဲ အာရေဗျပြည်သို့ ချက်ချင်းထွက်ခွာသွားပြီးလျှင် ဒမတ်စကပ်မြို့သို့ တစ်ဖန်ပြန်လာခဲ့၏။
1:18 ထို့နောက် သုံးနှစ်လွန်ပြီးမှ ကေဖ နှင့်အကျွမ်းဝင်စေရန် ဂျေရုဆလင်မြို့သို့သွား၍ သူနှင့်အတူ တစ်ဆယ့်ငါးရက်နေခဲ့၏။
1:19 သို့သော် အခြားမည်သည့်တမန်တော်ကိုမျှ ငါမတွေ့ခဲ့ဘဲ သခင်ဘုရား၏ညီတော်ယာကုပ်ကိုသာတွေ့ခဲ့၏။
1:20 သင်တို့ထံသို့ ငါရေးနေသောအကြောင်းအရာများတွင် မုသားမပါကြောင်း ဘုရားသခင်သိတော်မူ၏။
1:21 ထို့နောက် ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်သို့ ငါသွားခဲ့၏။
1:22 သို့ရာတွင် ခရစ်တော်၌တည်သော ယုဒပြည်ရှိ အသင်းတော်များသည် ငါနှင့်လူချင်းမသိကြသေးဘဲ
1:23 “ယခင်က ငါတို့ကိုညှဉ်းဆဲခဲ့သောသူသည် တစ်ချိန်က သူဖျက်ဆီးရန်ကြိုးစားခဲ့သောယုံကြည်ခြင်းတရားကို ယခု ဟောပြောလျက်နေသည်”ဟူ၍သာ ကြားရကြ၏။
1:24 ထိုအခါ သူတို့သည် ငါ့ကြောင့် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။