Galatians 4
4:1 ငါဆိုလိုသည်ကား အမွေခံသည် အမွေပစ္စည်းရှိသမျှကို ပိုင်ဆိုင်သူဖြစ်သော်လည်း ကလေးသူငယ်ဖြစ်နေသေးသရွေ့ ကျွန်နှင့်ခြားနားခြင်းမရှိဘဲ
4:2 ဖခင်သတ်မှတ်သောအချိန်မရောက်မချင်း အိမ်မှုကိစ္စစီမံကွပ်ကဲသူနှင့်ဘဏ္ဍာစိုးတို့၏လက်အောက်၌ နေရ၏။
4:3 ထိုနည်းတူ ငါတို့သည်လည်း ကလေးသူငယ်ဖြစ်ကြစဉ် လောက၏အခြေခံတရားအောက်၌ ကျွန်ခံခဲ့ကြ၏။
4:4 သို့သော် အချိန်ကာလပြည့်စုံခြင်းသို့ရောက်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကိုစေလွှတ်တော်မူ၍ ထိုသားတော်သည် မိန်းမတစ်ဦးမှမွေးဖွားလျက် ပညတ်တရားအောက်၌ ပေါ်ထွန်းတော်မူ၏။
4:5 ဤသည်ကား ပညတ်တရားအောက်၌ရှိသောသူတို့ကို ရွေးနုတ်တော်မူသဖြင့် ငါတို့သည် သားသမီးအရာကိုရရှိကြရန်ဖြစ်၏။
4:6 ထိုသို့ သင်တို့သည် သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်သည် “အဗ္ဗ၊ အဖ”ဟု ခေါ်တတ်သော မိမိသားတော်၏ဝိညာဉ်တော်ကို ငါတို့၏ စိတ်နှလုံးထဲသို့ စေလွှတ်တော်မူ၏။
4:7 သို့ဖြစ်၍ သင်သည် ကျွန်မဟုတ်တော့ဘဲ သားဖြစ်၏။ သားဖြစ်လျှင် ဘုရားသခင်အားဖြင့် အမွေခံ လည်းဖြစ်၏။
4:8 သို့သော် ဘုရားသခင်ကိုမသိခဲ့စဉ်က သင်တို့သည် ပင်ကိုအားဖြင့် ဘုရားမဟုတ်သောအရာများထံ ကျွန်ခံခဲ့ကြ၏။
4:9 ယခုမူကား သင်တို့သည် ဘုရားသခင်ကိုသိကြ၏။ တစ်နည်းဆိုရလျှင် ဘုရားသခင်သည် သင်တို့ကိုသိတော်မူ၏။ သို့ဖြစ်လျှင် အားနည်း၍ ချမ်းသာမပေးနိုင်သောအခြေခံတရားဘက်သို့ အဘယ်ကြောင့် ပြန်လှည့်၍ ထိုအခြေခံတရားထံ အသစ်တစ်ဖန် ပြန်၍ကျွန်ခံလိုကြသနည်း။
4:10 သင်တို့သည် နေ့ရက်များ၊ လများ၊ အချိန်အခါများနှင့် နှစ်များကို စောင့်ထိန်းကြပြီတကား။
4:11 သင်တို့အတွက် ငါကြိုးစားလုပ်ဆောင်ခဲ့သောအရာသည် အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးဖြစ်ပြီလောဟု သင်တို့အတွက် ငါစိုးရိမ်၏။
4:12 ညီအစ်ကိုတို့၊ ငါကဲ့သို့ဖြစ်ကြပါဟု သင်တို့အား ငါတောင်းပန်၏။ အဘယ်ကြောင့်ဆိုသော် ငါသည်လည်း သင်တို့ကဲ့သို့ဖြစ်ခဲ့၏။ သင်တို့သည် ငါ့အပေါ် မည်သည့်မတရားမှုကိုမျှ မပြုခဲ့ကြပေ။
4:13 ပထမအကြိမ် သင်တို့အား ကောင်းမြတ်သောသတင်းကို ငါဟောပြောရခြင်းမှာ ကိုယ်ကာယနာမကျန်းသောကြောင့်ဖြစ်သည်ကို သင်တို့သိကြ၏။
4:14 ထိုသို့ ငါ၏ကိုယ်ကာယအခြေအနေသည် သင်တို့အတွက် စုံစမ်းနှောင့်ယှက်ခြင်းဖြစ်သော်လည်း သင်တို့သည် ငါ့ကိုမထီမဲ့မြင်မပြု၊ ရွံရှာခြင်းလည်းမရှိဘဲ ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့လည်းကောင်း၊ ခရစ်တော်ယေရှုကဲ့သို့လည်းကောင်း ငါ့ကိုလက်ခံကြ၏။
4:15 သို့ဖြစ်လျက်ပင် သင်တို့ခံစားရသောမင်္ဂလာသည် မည်သို့ဖြစ်သွားသနည်း။ သင်တို့သည် ဖြစ်နိုင်လျှင် သင်တို့၏မျက်စိကိုပင်ထုတ်၍ ငါ့အားပေးခဲ့ကြပေလိမ့်မည်ဟု သင်တို့နှင့်ပတ်သက်၍ ငါသက်သေခံ၏။
4:16 ငါသည် သင်တို့အား သမ္မာတရားကိုဟောပြောသောကြောင့် သင်တို့၏ရန်သူဖြစ်သွားပြီလော။
4:17 သင်တို့အပေါ် အရေးတယူပြုကြသောထိုသူတို့သည် ကောင်းသောရည်ရွယ်ချက်ကြောင့်မဟုတ်ဘဲ သူတို့အပေါ် အရေးတယူပြုစေရန် သင်တို့ကို သီးသန့်ဖယ်ထုတ်လို၍သာဖြစ်၏။
4:18 သင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာမဟုတ်ဘဲ အစဉ်အမြဲ ကောင်းသောရည်ရွယ်ချက်ဖြင့် အရေးတယူပြုခံရခြင်းသည် ကောင်းပေ၏။
4:19 ခရစ်တော်၏အသွင်သဏ္ဌာန်သည် သင်တို့ထဲ၌ ပေါ်ပေါက်လာသည့်တိုင်အောင် သင်တို့အတွက် သားဖွားခြင်းဝေဒနာကို ငါတစ်ဖန်ခံစားရသော ငါ့သားသမီးတို့၊
4:20 ငါသည် သင်တို့နှင့်ပတ်သက်၍ တွေးမရဖြစ်နေသဖြင့် ယခုပင် သင်တို့နှင့်အတူရှိလျက် ငါ့လေသံကို ငါပြောင်းလို၏။
4:21 ပညတ်တရားအောက်၌နေလိုသောသူတို့၊ ငါ့ကိုပြောပြကြလော့။ ပညတ်တရားက မည်သို့မိန့်ဆိုထားသည်ကို သင်တို့မကြားကြသလော။
4:22 အကြောင်းမူကား “အာဗြဟံ၌ သားနှစ်ဦးရှိ၏။ တစ်ဦးသည် ကျွန်မ၏သားဖြစ်ပြီး တစ်ဦးသည် လွတ်လပ်သောမိန်းမ၏သားဖြစ်၏”ဟု ရေးထား၏။
4:23 ကျွန်မ၏သားသည် သွေးသားဇာတိအရမွေးဖွားလာ၏။ လွတ်လပ်သောမိန်းမ၏သားမူကား ကတိတော်အရမွေးဖွားလာ၏။
4:24 ဤအကြောင်းအရာတို့သည် ပုံဆောင်ချက်များဖြစ်ကြ၏။ အကြောင်းမူကား ထိုမိန်းမနှစ်ဦးသည် ပဋိညာဉ်နှစ်ပါးကိုဆိုလို၏။ တစ်ပါးသည် သိနာတောင်မှဖြစ်၍ ကျွန်ကိုမွေးဖွား၏။ ထိုသူသည် ဟာဂရဖြစ်၏။
4:25 ဟာဂရသည် အာရေဗျပြည်၌ရှိသော သိနာတောင်ကိုဆိုလို၍ လက်ရှိဂျေရုဆလင်မြို့နှင့်လည်း အလားတူ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မိမိ၏သားသမီးတို့နှင့်အတူ ကျွန်ခံနေရ၏။
4:26 သို့သော် အထက်အရပ်တွင်ရှိသော ဂျေရုဆလင်မြို့သည် လွတ်လပ်သောမိန်းမဖြစ်၍ ၎င်းသည် ငါတို့၏ အမိဖြစ်၏။
4:27 အကြောင်းမူကား “သားမဖွားဖူးသောအမြုံမ၊ ပျော်ရွှင်လော့။ သားဖွားခြင်းဝေဒနာကိုမခံစားဖူးသောမိန်းမ၊ အသံကုန်လွှင့်၍ ဟစ်ကြော်လော့။ အဘယ်ကြောင့်ဆိုသော် စွန့်ပစ်ခံရသောမိန်းမ၏သားသမီးတို့သည် ယောက်ျားရှိသောမိန်းမ၏သားသမီးတို့ထက် များကြ၏” ဟု ရေးထား၏။
4:28 ညီအစ်ကိုတို့၊ သင်တို့မူကား ဣဇက်ကဲ့သို့ ကတိတော်နှင့်ဆိုင်သော သားသမီးများဖြစ်ကြ၏။
4:29 သို့သော် ထိုစဉ်က သွေးသားဇာတိအရမွေးဖွားသောသားသည် ဝိညာဉ်တော်အရမွေးဖွားသောသားကို ညှဉ်းဆဲသကဲ့သို့ ယခုလည်း ထိုနည်းတူဖြစ်၏။
4:30 သို့ရာတွင် ကျမ်းစာက မည်သို့ဆိုထားသနည်း။ “ကျွန်မနှင့်သူ၏သားကို နှင်ထုတ်လော့။ အကြောင်းမူကား ကျွန်မ၏သားသည် လွတ်လပ်သောမိန်းမ၏သားနှင့်အတူ လုံးဝအမွေဆက်ခံရမည်မဟုတ်” ဟု ဆိုထား၏။
4:31 သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏သားသမီးများမဟုတ်ဘဲ လွတ်လပ်သောမိန်းမ၏သားသမီးများဖြစ်ကြ၏။