Ephesians 3
3:1 ထိုအကြောင်းကြောင့် ငါပေါလုသည် သင်တို့လူမျိုးခြားများအတွက် ခရစ်တော်ယေရှုနှင့်ဆိုင်သောအကျဉ်းသားဖြစ်၏။
3:2 သင်တို့အတွက် ငါ့အားပေးအပ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် စီမံခန့်ခွဲမှုကို သင်တို့ကြားသိကြသည်ဟု ငါယူဆ၏။
3:3 အထက်က အကျဉ်းမျှ ငါရေးထားသည့်အတိုင်း ဤလျှို့ဝှက်နက်နဲသောအရာကို ဗျာဒိတ်တော်အားဖြင့် ငါ့အားသိစေတော်မူ၏။
3:4 ၎င်းကိုဖတ်လျှင် ခရစ်တော်၏လျှို့ဝှက်နက်နဲသောအရာကို ငါမည်သို့တတ်သိနားလည်ထားသည်ကို သင်တို့သိနိုင်ကြ၏။
3:5 ဘုရားသခင်သည် ထိုလျှို့ဝှက်နက်နဲသောအရာကို မိမိ၏သန့်ရှင်းသောတမန်တော်များနှင့်ပရောဖက်များအား ဝိညာဉ်တော်အားဖြင့် ယခုဖွင့်ပြတော်မူသကဲ့သို့ အခြားသောခေတ်ကာလများ၌ လူသားတို့အား သိစေတော်မမူခဲ့ပေ။
3:6 ထိုလျှို့ဝှက်နက်နဲသောအရာမှာ လူမျိုးခြားတို့သည် ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ အတူတကွအမွေဆက်ခံသူများ၊ တစ်ခုတည်းသောကိုယ်ခန္ဓာ၌ပါဝင်သူများ၊ ကတိတော်ကိုအတူတကွခံစားသူများဖြစ်ကြခြင်းပေတည်း။
3:7 တန်ခိုးတော်၏လုပ်ဆောင်မှုအားဖြင့် ငါ့အားပေးအပ်ထားသော ဘုရားသခင်၏ကျေးဇူးတော်ဆိုင်ရာကောင်းချီးလက်ဆောင်နှင့်အညီ ငါသည် ထိုကောင်းမြတ်သောသတင်းနှင့်ဆိုင်သော အမှုတော်ဆောင်ဖြစ်လာ၏။
3:8 သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်
3:9 အရာခပ်သိမ်းတို့ကို ဖန်ဆင်း တော်မူသောဘုရားသခင်၌ ရှေးကာလများမှစ၍ ဝှက်ထားခြင်းခံရသည့် လျှို့ဝှက်နက်နဲသောအရာနှင့်ဆိုင်သော စီမံခန့်ခွဲမှု သည် မည်သည့်အရာဖြစ်သည်ကို လူအပေါင်းတို့တွင် သိသာထင်ရှားစေရန်ဖြစ်၏။
3:10 ဤသည်ကား ငါတို့၏သခင်ခရစ်တော်ယေရှု၌ ပြီးပြည့်စုံသောထာဝရအကြံအစည်တော်နှင့်အညီ အထက်ကောင်းကင်အရပ်၌ရှိသော အာဏာစက်များနှင့်အုပ်ချုပ်မှုများအား ယခုအခါတွင် အသင်းတော်အားဖြင့် ဘုရားသခင်၏အမျိုးမျိုးအဖုံဖုံသောဉာဏ်ပညာတော်ကို သိစေရန်ဖြစ်၏။
3:12 ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ရဲရင့်ခြင်းကိုလည်းကောင်း၊ ယုံကြည်စိတ်ချစွာဖြင့် အထံတော်သို့တိုးဝင်ခွင့်ကိုလည်းကောင်း ကိုယ်တော်၌ ငါတို့ရရှိကြ၏။
3:13 သို့ဖြစ်၍ သင်တို့အတွက် ငါခံရသောဆင်းရဲဒုက္ခများကြောင့် စိတ်ပျက်အားလျော့ခြင်းမရှိကြရန် ငါတောင်းပန်၏။ ထိုအရာများသည် သင်တို့၏ဂုဏ်သရေဖြစ်၏။
3:14 ဤအကြောင်းကြောင့် ငါသည် ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ရှိသမျှသောမိသားစုတို့အမည်နာမခံယူရရှိရာဖြစ်တော်မူသော အဖခမည်းတော် ထံ ဒူးထောက်လျက်
3:16 ဘုရားသခင်သည် မိမိဘုန်းအသရေတော်၏ကြွယ်ဝမှုနှင့်အညီ မိမိ၏ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းဝိညာဉ်လူကို တန်ခိုးနှင့်တကွ ကြံ့ခိုင်သန်စွမ်းစေတော်မူ၍
3:17 ယုံကြည်ခြင်းအားဖြင့် သင်တို့စိတ်နှလုံးထဲ၌ ခရစ်တော်သည် ကိန်းဝပ်တော်မူမည့်အကြောင်းနှင့် သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍အုတ်မြစ်ချထားကာ
3:18 ထိုမေတ္တာတော်၏အလျား၊ အနံ၊ အမြင့်၊ အနက်တို့ မည်မျှရှိသည်ကို သန့်ရှင်းသူအားလုံးနှင့်အတူ သဘောပေါက်နိုင်စွမ်းရှိသဖြင့်
3:19 အသိပညာထက် ထူးကဲသောခရစ်တော်၏ချစ်ခြင်းမေတ္တာတော်ကိုသိရှိ၍ ဘုရားသခင်၏ပြည့်စုံတော်မူခြင်းအပေါင်းတို့ဖြင့် ပြည့်စုံခြင်းသို့ရောက်ကြမည့်အကြောင်း ငါဆုတောင်း၏။
3:20 ငါတို့ထဲ၌ သက်ဝင်လှုပ်ရှားနေသောတန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက်သောအရာ၊ သို့မဟုတ် ဆင်ခြင်သောအရာအားလုံးတို့ထက် သာလွန်ထူးခြားစွာပြုနိုင်သောအရှင်၌
3:21 အသင်းတော်အားဖြင့်လည်းကောင်း၊ ခရစ်တော်ယေရှုအားဖြင့်လည်းကောင်း ခေတ်ကာလအဆက်ဆက် ထာဝစဉ်ဘုန်းအသရေတော်ရှိပါစေသော။ အာမင် ။