Ephesians 6
6:1 သားသမီးတို့၊ သခင်ဘုရား၌ သင်တို့၏မိဘစကားကို နားထောင်ကြလော့။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် မှန်ကန်သောအမှုဖြစ်၏။
6:2 သင်၏မိခင်နှင့်ဖခင်တို့ကို ရိုသေလော့။ ဤသည်ကား “ထိုသို့ပြုလျှင် သင်သည် ကမ္ဘာမြေပေါ်၌ ကောင်းစားလျက် အသက်ရှည်ရလိမ့်မည်” ဟူသောကတိတော်ပါသည့် ပထမပညတ်ချက်ဖြစ်၏။
6:4 ဖခင်တို့၊ သင်တို့၏သားသမီးများကို မခံမရပ်နိုင်ဖြစ်အောင် မပြုကြနှင့်။ သခင်ဘုရား၏ဆုံးမပဲ့ပြင်ခြင်းနှင့်သတိပေးခြင်းတို့အတိုင်း သူတို့ကို ပြုစုပျိုးထောင်ကြလော့။
6:5 ကျွန်ဖြစ်သူတို့၊ ခရစ်တော်ကိုနာခံသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက် ရိုးသားသောစိတ်နှလုံးဖြင့် သင်တို့၏လောကီသခင်များကို နာခံကြလော့။
6:6 မျက်နှာလိုမျက်နှာရလုပ်သူများကဲ့သို့ မျက်မှောက်၌သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ ခရစ်တော်၏ကျွန်များကဲ့သို့ စိတ်နှလုံးပါလျက် ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ကာ
6:7 လူတို့ကိုမဟုတ်ဘဲ သခင်ဘုရားကိုအစေခံသကဲ့သို့ စေတနာစိတ်ဖြင့် အစေခံကြလော့။
6:8 ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကောင်းသောအမှုတစ်စုံတစ်ခုကိုပြုသောသူတိုင်းသည် သခင်ဘုရားထံမှ အကျိုးခံစားရမည်ဖြစ်ကြောင်း သိမှတ်ကြလော့။
6:9 သခင်တို့၊ သင်တို့သည်လည်း ကျွန်များအပေါ် ထိုနည်းတူပြုကြလော့။ သူတို့ကိုမခြိမ်းခြောက်ကြနှင့်။ သင်တို့နှင့်သူတို့၏သခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၍ ထိုသခင်သည် မျက်နှာလိုက်ခြင်းမရှိကြောင်း သိမှတ်ကြလော့။
6:10 နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။
6:11 သင်တို့သည် မာရ်နတ်၏လျှို့ဝှက်သောအကြံအစည်များကို ခုခံတားဆီးနိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူဝတ်ဆင်ကြလော့။
6:12 အကြောင်းမူကား ငါတို့သည် အသွေးအသားရှိသောသူကို ရင်ဆိုင်တိုက်ခိုက်နေကြသည်မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဤလောကီမှောင်မိုက်ခြင်းကို အစိုးတရပြုသောမင်းများ၊ အထက်ကောင်းကင်အရပ်၌ရှိသည့် ဆိုးညစ်သောဝိညာဉ်တန်ခိုးများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်းဖြစ်၏။
6:13 ထို့ကြောင့် ဆိုးညစ်သောနေ့ရက်ကာလ၌ ကြံ့ကြံ့ခံ၍ အလုံးစုံတို့ကိုပြီးမြောက်စေလျက် ရပ်တည်နိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူကြလော့။
6:14 သို့ဖြစ်၍ သမ္မာတရားဖြင့် သင်တို့ခါးကိုစည်းလျက် ဖြောင့်မတ်ခြင်းရင်အုပ်တန်ဆာကို ဝတ်ဆင်ကာ
6:15 ခြေ၌ ငြိမ်သက်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းအတွက် အသင့်ဖြစ်ခြင်းကိုစီး၍ ရပ်တည်ကြလော့။
6:16 ထိုအရာအားလုံးတို့အပြင် ယုံကြည်ခြင်းဒိုင်းလွှားကို ထပ်ဆင့်၍ဆောင်ယူကြလော့။ ထိုဒိုင်းလွှားအားဖြင့် မာရ်နတ်၏တောက်လောင်နေသောမြားရှိသမျှတို့ကို သင်တို့ငြှိမ်းသတ်နိုင်ကြလိမ့်မည်။
6:17 ကယ်တင်ခြင်းသံခမောက်နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်တော်ဓားကိုလည်း ယူကြလော့။
6:18 အမျိုးမျိုးသော ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် အချိန်ရှိသရွေ့ ဝိညာဉ်တော်၌ဆုတောင်းကြလော့။ ထိုသို့ပြုနိုင်ရန် နိုးနိုးကြားကြားရှိလျက် ဇွဲလုံ့လအပြည့်အဝဖြင့် သန့်ရှင်းသူအပေါင်းတို့အတွက် အသနားခံကြလော့။
6:19 ငါသည် နှုတ်ကိုဖွင့်သောအခါ ပြောရမည့်စကားကို ငါ့အားပေးတော်မူ၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို ရဲရင့်စွာပြောပြနိုင်ရန် ငါ့အတွက်လည်း ဆုတောင်းပေးကြလော့။
6:20 ငါသည် ဤကောင်းမြတ်သောသတင်းအတွက် သံကြိုးဖြင့်ချည်နှောင်ထားခြင်းခံရသော သံတမန်ဖြစ်၏။ ဤသို့ချည်နှောင်ထားခြင်းခံရသော်လည်း ငါသည် ဟောပြောသင့်သည့်အတိုင်း ရဲရင့်စွာဟောပြောနိုင်ရန် ဆုတောင်းပေးကြလော့။
6:21 ငါ၌ဖြစ်နေသောအရာများနှင့် ငါပြုနေသည့်အမှုကို သင်တို့လည်းသိရှိနိုင်ရန် သခင်ဘုရား၌သစ္စာရှိသောအမှုတော်ဆောင်ဖြစ်သည့် ချစ်ရသောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ပြောပြလိမ့်မည်။
6:22 သူ့ကို သင်တို့ထံသို့ ငါစေလွှတ်ခြင်းမှာ ငါတို့နှင့်ပတ်သက်သောအရာများကို သင်တို့သိရှိနိုင်ရန်နှင့် သူသည် သင်တို့၏စိတ်နှလုံးကို အားပေးနိုင်ရန်ဖြစ်၏။
6:23 အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်ထံမှ ငြိမ်သက်ခြင်း၊ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့သည် ညီအစ်ကိုတို့၌ တည်ရှိပါစေသော။
6:24 ငါတို့၏သခင်ယေရှုခရစ်တော်ကို မဖောက်ပြန်သောမေတ္တာဖြင့် ချစ်သောသူအပေါင်းတို့အပေါ်၌ ကျေးဇူးတော်သက်ရောက်ပါစေသော။