Deuteronomy 24
24:1 တစ်စုံတစ်ယောက်သည် မိန်းမတစ်ယောက်နှင့်စုံဖက်ပြီးနောက် ထိုမိန်းမ၌ညစ်ညူးသောအရာကိုတွေ့သဖြင့် သူ့ကိုမနှစ်မြို့လျှင် ကွာရှင်းစာရေးပြီး သူ့လက်ထဲအပ်၍ အိမ်မှထွက်သွားစေရမည်။
24:2 ထိုမိန်းမသည် လင်ယောက်ျား၏အိမ်မှထွက်သွားပြီးနောက် အခြားယောက်ျားတစ်ယောက်ကိုယူ၍
24:3 နောက်ယောက်ျားသည်လည်း ထိုမိန်းမကိုမုန်းသဖြင့် ကွာရှင်းစာရေးပြီး သူ့လက်ထဲ၌အပ်၍ အိမ်မှထွက်သွားစေသည်ဖြစ်စေ၊ ထိုမိန်းမနှင့်စုံဖက်သောနောက်ယောက်ျားသေဆုံးသွားသည်ဖြစ်စေ
24:4 ထိုမိန်းမကိုကွာရှင်းခဲ့သောပထမလင်ယောက်ျားသည် ညစ်ညူးပြီဖြစ်သောထိုမိန်းမနှင့် ပြန်၍စုံဖက်ခွင့်မရှိ။ အကြောင်းမူကား ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်အမှုဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ်ပေးတော်မူသောပြည်အပေါ် အပြစ်မသက်ရောက်စေနှင့်။
24:5 အိမ်ထောင်ပြုခါစ ယောက်ျားတစ်ယောက်သည် စစ်တိုက်မသွားရ။ သူ့အား မည်သည့်တာဝန်မျှမပေးရ။ သူသည် တစ်နှစ်ပတ်လုံး မိမိအိမ်၌ လွတ်လပ်စွာနေ၍ မိမိယူထားသောမယားကို ပျော်ရွှင်အောင်ထားရမည်။
24:6 ကြိတ်ဆုံတစ်စုံလုံးကိုဖြစ်စေ၊ အပေါ်ကျောက်ပြားကိုဖြစ်စေ အပေါင်လက်မခံရ။ လက်ခံလျှင် အသက်ကို အပေါင်လက်ခံသည်နှင့်တူ၏။
24:7 တစ်စုံတစ်ယောက်သည် မိမိအမျိုးသားချင်းဖြစ်သော အစ္စရေးအမျိုးသားတို့ထဲမှ တစ်ယောက်ယောက်ကို ခိုးယူပြီး ထိုသူကို ကျွန်ပြုသည်ဖြစ်စေ၊ ရောင်းစားသည်ဖြစ်စေ ထိုသူခိုးကိုတွေ့လျှင် အသေသတ်ရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။
24:8 အနာကြီးရောဂါလက္ခဏာနှင့်ပတ်သက်၍ သတိပြုလော့။ လေဝိအမျိုးယဇ်ပုရောဟိတ်တို့က သင်တို့အားညွှန်ကြားသောအရာရှိသမျှကို အထူးလိုက်နာစောင့်ထိန်းရမည်။ လေဝိအမျိုးယဇ်ပုရောဟိတ်တို့အား ငါမိန့်မှာထားသည့်အတိုင်း သင်တို့ လိုက်နာစောင့်ထိန်းရမည်။
24:9 သင်တို့သည် အီဂျစ်ပြည်မှ ထွက်လာ၍ ခရီးပြုကြစဉ်က သင်၏ဘုရားသခင်ထာဝရဘုရားသည် မိရိအံအား မည်သို့စီရင်တော်မူခဲ့သည်ကို အောက်မေ့လော့။
24:10 သင်သည် သင့်အိမ်နီးချင်းအား တစ်စုံတစ်ရာကိုချေးပေးသောအခါ သူ၏အိမ်ထဲသို့ဝင်ပြီး အပေါင်ခံပစ္စည်းကို မယူရ။
24:11 အပြင်ဘက်၌ ရပ်နေရမည်။ သင်ချေးပေးသောသူသည် အပေါင်ခံပစ္စည်းကို သင့်ထံသို့ ယူဆောင်လာရမည်။
24:12 ထိုသူသည် ဆင်းရဲသောသူဖြစ်လျှင် သူ၏အပေါင်ခံပစ္စည်းကို ညအထိယူမထားရ။
24:13 သူသည် မိမိအဝတ်ကိုဝတ်အိပ်၍ သင့်ကို ကောင်းချီးတောင်းခံပေးမည့်အကြောင်း သူ၏အပေါင်ခံပစ္စည်းကို နေဝင်သောအခါ ဆက်ဆက်ပြန်ပေးရမည်။ ထိုသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဖြောင့်မတ်သောအမှုဖြစ်၏။
24:14 သင့်ပြည်၊ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသားထဲမှဖြစ်စေ၊ သင်၏အမျိုးသားချင်းထဲမှဖြစ်စေ ဆင်းရဲနွမ်းပါးသော သူရင်းငှားကို အနိုင်အထက်မပြုရ။
24:15 သူသည် ဆင်းရဲသဖြင့် မိမိလုပ်အားခကိုမှီ၍ အသက်ဆက်ရသောကြောင့် သူ၏လုပ်အားခကို နေမဝင်မီ နေ့ချင်းပေးရမည်။ မပေးဘဲနေလျှင် သူသည် ထာဝရဘုရားထံဟစ်အော်သဖြင့် သင့်အပေါ်အပြစ်သက်ရောက်လိမ့်မည်။
24:16 ဖခင်သည် သားသမီးအပြစ်ကြောင့် သေဒဏ်မခံရ။ သားသမီးသည်လည်း ဖခင်အပြစ်ကြောင့် သေဒဏ်မခံရ။ လူတိုင်း မိမိအပြစ်ကြောင့် သေဒဏ်ခံရမည်။
24:17 တိုင်းတစ်ပါးသားနှင့် ဖတဆိုးတို့ ရထိုက်သော တရားမျှတမှုကို မပိတ်ပင်ရ။ မုဆိုးမ၏အဝတ်ကို အပေါင်လက်မခံရ။
24:18 သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ထိုပြည်မှ ရွေးနုတ်တော်မူခဲ့ကြောင်းကို အောက်မေ့လော့။ ထို့အတွက်ကြောင့် ဤပညတ်တော်ကို လိုက်နာရန် သင့်အား ငါမှာကြားခြင်းဖြစ်၏။
24:19 သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုလေရာရာ၌ သင့်ကို ကောင်းချီးပေးတော်မူမည့်အကြောင်း သင်သည် မိမိလယ်ယာ၌ သီးနှံရိတ်သိမ်းသောအခါ လယ်ယာထဲ၌ မေ့ကျန်ခဲ့သောကောက်လှိုင်းကို ပြန်မယူရ။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့အတွက် ချန်ထားရမည်။
24:20 သင်သည် သံလွင်သီးကို ခါချသောအခါ ကြွင်းကျန်သောအသီးကို နောက်တစ်ခါ မခါချရ။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့အတွက် ချန်ထားရမည်။
24:21 သင်၏စပျစ်ခြံမှ စပျစ်သီးကိုဆွတ်ခူးပြီးနောက် ကောက်သင်းမကောက်ရ။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့အတွက် ချန်ထားရမည်။
24:22 သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့ကြောင်းကို အောက်မေ့လော့။ ထို့အတွက်ကြောင့် ဤပညတ်ကို လိုက်နာရန် သင့်အား ငါမှာကြားခြင်းဖြစ်၏။