Deuteronomy 27
27:1 တစ်ဖန် မောရှေနှင့်အစ္စရေးသက်ကြီးဝါကြီးတို့သည် လူတို့အား “ယနေ့ သင်တို့အား ငါမှာကြားသည့် ပညတ်တော်ရှိသမျှကိုစောင့်ထိန်းလော့။
27:2 သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့ရောက်သောနေ့၌ ကျောက်တုံးကြီးများကိုဆင့်၍ ထုံးသုတ်ရမည်။
27:3 သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသော နို့နှင့်ပျားရည်စီးသောပြည်သို့ဝင်ရောက်သောအခါ ဤတရားစကားရှိသမျှတို့ကို ထိုကျောက်တုံးများပေါ်၌ ရေးသားထားရမည်။
27:4 သင်တို့သည် ဂျော်ဒန်မြစ်ကိုကူးပြီးမှ ယနေ့ သင်တို့အား ငါမှာကြားထားသည့်အတိုင်း ဧဗလတောင်ပေါ်၌ ထိုကျောက်တုံးများကိုဆင့်၍ ထုံးသုတ်ရမည်။
27:5 ထိုတောင်ပေါ်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်တည်ရမည်။ ထိုယဇ်ပလ္လင်ကို ကျောက်တုံးဖြင့် တည်ရမည်။ ကျောက်တုံးများကို သံလက်နက်ကိရိယာဖြင့် မထုဆစ်ရ။
27:6 သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ကို သဘာဝကျောက်တုံး များဖြင့် တည်၍ ထိုယဇ်ပလ္လင်ပေါ်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်ရမည်။
27:7 မိတ်သဟာယယဇ်ကိုလည်း ပူဇော်ရမည်။ သင်တို့သည် ထိုတောင်ပေါ်တွင်စားသောက်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။
27:8 ဤတရားစကားရှိသမျှတို့ကို ထိုကျောက်တုံးများပေါ်၌ ရှင်းလင်းပြတ်သားစွာရေးသားထားရမည်”ဟု မှာကြားလေ၏။
27:9 တစ်ဖန် မောရှေနှင့် လေဝိအမျိုးယဇ်ပုရောဟိတ်တို့က အစ္စရေးလူမျိုးအပေါင်းတို့အား “အို အစ္စရေးလူမျိုးတို့၊ တိတ်ဆိတ်စွာနေ၍နားထောင်ကြလော့။ ယနေ့ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏လူမျိုးတော်ဖြစ်လာကြပြီ။
27:10 ထို့ကြောင့် သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်၍ ယနေ့ သင်တို့အား ငါမိန့်မှာသော ကိုယ်တော်၏ပညတ်တော်များ၊ ပြဋ္ဌာန်းချက်များကို လိုက်နာရမည်”ဟု ဆိုလေ၏။
27:11 ထိုနေ့၌ မောရှေက လူမျိုးတော်အား
27:12 “သင်တို့သည် ဂျော်ဒန်မြစ်ကိုကူးပြီးသည့်နောက် လူတို့အားကောင်းချီးစကားပြောကြားသောအခါ ရှိမောင်အမျိုး၊ လေဝိအမျိုး၊ ယုဒအမျိုး၊ ဣသခါအမျိုး၊ ယောသပ်အမျိုး၊ ဗင်္ယာမိန်အမျိုး တို့သည် ဂေရဇိမ်တောင်ပေါ်၌ ရပ်နေရမည်။
27:13 ကျိန်ခြင်းစကားပြောကြားသောအခါ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ အာရှာအမျိုး၊ ဇာဗုလုန်အမျိုး၊ ဒန်အမျိုး၊ နဿလိအမျိုး တို့သည် ဧဗလတောင်ပေါ်၌ ရပ်နေရမည်။
27:14 လေဝိအမျိုးတို့က အစ္စရေးအမျိုးသားအပေါင်းတို့အား
27:15 ‘ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူသောအရာဖြစ်သည့် ရုပ်တုဆင်းတုကို လက်မှုအတတ်ဖြင့် သွန်းလုပ်၍ လျှို့ဝှက်သောနေရာ၌စိုက်ထူသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ကျယ်လောင်သောအသံဖြင့် ဆိုရမည်။ ထိုအခါ လူအပေါင်းတို့က ‘အာမင်’ဟု ပြန်ဆိုရမည်။
27:16 ‘မိမိ၏မိဘကို မထီလေးစားပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
27:17 ‘မိမိအိမ်နီးချင်း၏နယ်နိမိတ်မှတ်တိုင်ကိုရွှေ့သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
27:18 ‘မျက်စိမမြင်သောသူကို လမ်းလွဲစေသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
27:19 ‘တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့ရထိုက်သော တရားမျှတမှုကို ပိတ်ပင်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
27:20 ‘မိမိဖခင်၏မယားနှင့်အိပ်ခြင်းဖြင့် မိမိဖခင်၏အိပ်ရာကိုရှုတ်ချသောသူ သည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
27:21 ‘တိရစ္ဆာန်တစ်ကောင်ကောင်နှင့်မေထုန်ပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
27:22 ‘မိမိဖခင်၏သမီး၊ သို့မဟုတ် မိမိမိခင်၏သမီးဖြစ်သည့် မိမိအစ်မ၊ သို့မဟုတ် နှမနှင့် မေထုန်ပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
27:23 ‘မိမိယောက္ခမနှင့်မေထုန်ပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
27:24 ‘မိမိအိမ်နီးချင်းကို လျှို့ဝှက်စွာသတ်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
27:25 ‘အခကြေးငွေယူ၍ အပြစ်မဲ့သောသူအား သတ်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
27:26 ‘ဤတရားစကားများကို မလိုက်နာ၊ မစောင့်ထိန်းသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။