Deuteronomy 30
30:1 သင့်ရှေ့၌ ငါချထားသည့် ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းအမင်္ဂလာရှိသမျှတို့သည် သင့်အပေါ်သို့ကျရောက်၍ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ကိုနှင်ထုတ်တော်မူရာအရပ်ရပ်ရှိ လူမျိုးတကာတို့အလယ်တွင် ထိုအရာတို့ကို သင်ပြန်၍နှလုံးသွင်းလျှင်၊
30:2 သင်၏ဘုရားသခင်ထာဝရဘုရားထံသို့ ပြန်လာ၍ သင်နှင့်သင်၏သားသမီးတို့သည် ယနေ့ သင့်အား ငါမိန့်မှာသမျှအတိုင်း စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စကားတော်ကို နားထောင်လျှင်
30:3 သင်၏ဘုရားသခင်ထာဝရဘုရားသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောသင့်ကို ပြန်လာစေ၍ သင့်ကို သနားစုံမက်တော်မူမည်။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ကို ကွဲလွင့်စေတော်မူရာအရပ်ရပ်ရှိ လူမျိုးတကာတို့ထံမှ ပြန်၍စုစည်းစေတော်မူမည်။
30:4 သင်သည် မိုးကောင်းကင်အစွန်းသို့ နှင်ထုတ်ခြင်းခံရလျှင်ပင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ထိုအရပ်မှ ပြန်လည်စုစည်း၍ ထိုအရပ်မှ ပြန်လည်ခေါ်ဆောင်လာတော်မူမည်။
30:5 သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘိုးဘေးတို့ပိုင်ဆိုင်ခဲ့သည့်ပြည်သို့ သင့်ကို ပို့ဆောင်တော်မူ၍ သင်သည် ထိုပြည်ကို ပိုင်ဆိုင်ရမည်။ သင့်ကိုကောင်းစားစေ၍ သင့်ဘိုးဘေးတို့ထက် သင့်ကိုတိုးပွားစေတော်မူမည်။
30:6 သင်သည် အသက်ရှင်၍ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ချစ်မည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်စိတ်နှလုံး၊ သင့်သားမြေးတို့၏စိတ်နှလုံးအရေဖျားကို လှီးတော်မူမည်။
30:7 သင့်ရန်သူတို့အပေါ်၊ သင့်ကိုမုန်းတီး၍ ညှဉ်းဆဲသောသူတို့အပေါ် ထိုကျိန်ခြင်းရှိသမျှကို သင်၏ဘုရားသခင်ထာဝရဘုရား ကျရောက်စေတော်မူမည်။
30:8 သင်မူကား ပြန်လာ၍ ထာဝရဘုရား၏စကားတော်ကိုနားထောင်လျက် ယနေ့ သင့်အားငါမိန့်မှာသော ကိုယ်တော်၏ပညတ်တော်ရှိသမျှကို လိုက်နာလိမ့်မည်။
30:9 သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်လုပ်ဆောင်လေရာရာ၌အောင်မြင်စေတော်မူမည့်အကြောင်း၊ သင့်သားသမီး၊ သင့်တိရစ္ဆာန်၏သားပေါက်၊ သင့်မြေ၏အသီးအနှံကိုလည်း တိုးပွားစေတော်မူမည့်အကြောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကိုကောင်းစားစေတော်မူရာ၌ နှစ်သက်အားရတော်မူသကဲ့သို့ သင်၌လည်း နှစ်သက်အားရတော်မူမည့်အကြောင်း
30:10 သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားထောင်လျက် ဤပညတ်တရားကျမ်း၌ ရေးသားထားသော ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းရမည်။ သင်၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ သင်၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လာရမည်။
30:11 ယနေ့ သင့်အား ငါမိန့်မှာသောပညတ်တော်သည် သင့်အတွက် ခက်ခဲလွန်းသောအရာ၊ အလှမ်းဝေးသောအရာ မဟုတ်။
30:12 ‘အကျွန်ုပ်တို့ လိုက်နာနိုင်မည့်အကြောင်း မည်သူသည်ကောင်းကင်သို့တက်ပြီး အကျွန်ုပ်တို့ထံ ယူဆောင်လာ၍ ပြောကြားပေးမည်နည်း’ဟု သင်တို့ဆိုရအောင် ကောင်းကင်၌ ရှိသည်မဟုတ်။
30:13 ‘အကျွန်ုပ်တို့ လိုက်နာနိုင်မည့်အကြောင်း မည်သူသည် ပင်လယ်တစ်ဖက်သို့ကူးပြီး အကျွန်ုပ်တို့ထံ ယူဆောင်လာ၍ ပြောကြားပေးမည်နည်း’ဟု သင်တို့ဆိုရအောင် ပင်လယ်တစ်ဖက်ကမ်း၌ ရှိသည်မဟုတ်။
30:14 သင်လိုက်နာနိုင်ရန် ထိုစကားတော်သည် သင်၏အနီး၌ရှိ၏။ သင်၏နှုတ်၊ သင်၏စိတ်နှလုံးထဲ၌ရှိ၏။
30:15 အသက်ရှင်၍ကောင်းစားခြင်းနှင့် သေဆုံး၍ပျက်စီးခြင်းကို ယနေ့ သင့်ရှေ့၌ ငါချထား၏။
30:16 သင်သည် အသက်ရှင်၍တိုးပွားမည့်အကြောင်း၊ သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူမည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ လမ်းတော်သို့လိုက်လျက် ကိုယ်တော်၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းရမည်ဟု ယနေ့ သင့်အား ငါမှာကြား၏။
30:17 သင်သည် နာခံခြင်းမရှိဘဲ သွေးဆောင်ခြင်းခံရ၍ သင်၏စိတ်နှလုံးသည်လမ်းလွဲလျက် အခြားဘုရားများကို ပျပ်ဝပ်ကိုးကွယ်လျှင်
30:18 ဂျော်ဒန်မြစ်ကိုကူး၍ သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်၌ သင်သည် အသက်မရှည်၊ မုချဖျက်ဆီးခြင်းခံရမည်ဖြစ်ကြောင်း ယနေ့ သင့်အားငါပြောကြားပြီ။
30:19 ယနေ့ ငါသည် ကောင်းကင်နှင့်မြေကြီးကိုသက်သေထား၍ အသက်ရှင်ခြင်းနှင့်သေခြင်း၊ ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းအမင်္ဂလာကို သင့်ရှေ့၌ ငါချထား၏။ သို့ဖြစ်၍ သင်နှင့်သင်၏သားမြေးတို့အသက်ရှင်မည့်အကြောင်း အသက်ရှင်ခြင်းကိုရွေးချယ်လော့။
30:20 ထိုပြည်ကို သင်၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင်နေထိုင်နိုင်မည့်အကြောင်း အသက်ရှင်ခြင်းနှင့်တကွ အသက်တာရှည်ခြင်းကိုပေးတော်မူသော သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စကားတော်ကိုနားထောင်လော့၊ ကိုယ်တော်၌ဆည်းကပ်လော့”ဟု ဆိုလေ၏။