2 Thessalonians 3
3:1 နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သခင်ဘုရား၏နှုတ်ကပတ်တော်သည် သင်တို့၌ဖြစ်သကဲ့သို့ လျင်မြန်စွာပျံ့နှံ့ ၍ ဘုန်းတော်ထင်ရှားမည့်အကြောင်းနှင့်
3:2 ငါတို့သည် ကောက်ကျစ်၍ဆိုးညစ်သောလူတို့လက်မှ ကယ်နုတ်ခြင်းခံရမည့်အကြောင်း ငါတို့အတွက် ဆုတောင်းပေးကြလော့။ အကြောင်းမူကား လူတိုင်း၌ ယုံကြည်ခြင်းရှိသည်မဟုတ်။
3:3 သို့သော် သခင်ဘုရားသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်သည် သင်တို့ကို ခိုင်ခံ့မြဲမြံစေ၍ ဆိုးညစ်သောသူထံမှ ကွယ်ကာစောင့်ရှောက်တော်မူလိမ့်မည်။
3:4 သင်တို့သည် ငါတို့ညွှန်ကြားသည့်အရာများကို ယခုဆောင်ရွက်နေကြ၏။ ဆက်၍လည်း ဆောင်ရွက်ကြလိမ့်မည်ဟု သခင်ဘုရား၌ သင်တို့အပေါ် ငါတို့ယုံကြည်စိတ်ချကြ၏။
3:5 သခင်ဘုရားသည် သင်တို့၏စိတ်နှလုံးကို ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် ခရစ်တော်၏သည်းခံခြင်းထဲသို့ ပို့ဆောင်တော်မူပါစေသော။
3:6 ညီအစ်ကိုတို့၊ ငါတို့ထံမှခံယူရရှိသည့်ဓလေ့ထုံးတမ်းနှင့်အညီ မလိုက်လျှောက်ဘဲ စည်းမဲ့ကမ်းမဲ့ အသက်ရှင်လျှောက်လှမ်းနေကြသော ညီအစ်ကိုအားလုံးကို ရှောင်ကြဉ်ကြရန် ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့် သင်တို့ကို ငါတို့ညွှန်ကြားကြ၏။
3:7 အကြောင်းမူကား ငါတို့ကို မည်ကဲ့သို့အတုယူရမည်ကို သင်တို့ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့အလယ်၌ စည်းမဲ့ကမ်းမဲ့နေကြသည်မဟုတ်။
3:8 မည်သူ၏အစားအစာ ကိုမျှ အလကားမစားဘဲ သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ကြိုးပမ်းအားထုတ်လျက် ပင်ပန်းခက်ခဲစွာဖြင့် နေ့ရောညပါအလုပ်လုပ်ကြ၏။
3:9 ထိုသို့ပြုခြင်းမှာ ငါတို့၌ အခွင့်မရှိသောကြောင့်မဟုတ်။ ငါတို့ကိုအတုယူနိုင်ရန် ငါတို့ကိုယ်တိုင် သင်တို့အား စံနမူနာပြလိုသောကြောင့်သာဖြစ်၏။
3:10 အကြောင်းမူကား သင်တို့နှင့်အတူ ငါတို့ရှိစဉ်က မည်သူမဆို အလုပ်မလုပ်လိုလျှင် အစာကိုလည်းမစားစေနှင့်ဟု ညွှန်ကြားထား၏။
3:11 သို့သော် သင်တို့ထဲတွင် အချို့တို့သည် စည်းမဲ့ကမ်းမဲ့အသက်ရှင်လျှောက်လှမ်း၍ အလုပ်မလုပ်ဘဲ သူတစ်ပါးကိစ္စ၌ ဝင်ရောက်စွက်ဖက်နေကြောင်း ငါတို့ကြားရကြ၏။
3:12 ထိုသို့သောသူတို့သည် ကိုယ့်ထမင်း ကိုယ်စားနိုင်ရန်အတွက် အေးဆေးတည်ငြိမ်စွာအလုပ်လုပ်ကြရန် သခင်ယေရှုခရစ်တော်၌ ငါတို့ညွှန်ကြားလျက် တိုက်တွန်းနှိုးဆော်ကြပါ၏။
3:13 ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းသောအမှုကိုပြုရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိကြနှင့်။
3:14 တစ်စုံတစ်ယောက်သည် ဤစာအားဖြင့် ငါတို့မှာကြားသောစကားကိုနားမထောင်လျှင် ထိုသူအား အရှက်ရစေရန် သူ့ကိုမှတ်ထားလျက် သူနှင့်အပေါင်းအဖော်မပြုကြနှင့်။
3:15 သို့သော် သူ့ကို ရန်သူကဲ့သို့မမှတ်ယူဘဲ ညီအစ်ကိုကဲ့သို့ သတိပေးဆုံးမကြလော့။
3:16 ငြိမ်သက်ခြင်း၏သခင်ကိုယ်တော်တိုင်သည် မည်သည့်အခြေအနေ၌မဆို သင်တို့အား ငြိမ်သက်ခြင်းကို အစဉ်အမြဲပေးတော်မူပါစေသော။ သခင်ဘုရားသည် သင်တို့အားလုံးနှင့်အတူရှိပါစေသော။
3:17 ဤနှုတ်ဆက်စကားကို ငါပေါလုကိုယ်တိုင် ငါ့လက်ဖြင့်ရေးလိုက်ပါ၏။ ဤသည်ကား ငါ့စာအားလုံးတွင်ပါသည့်အမှတ်လက္ခဏာဖြစ်၏။ ငါသည် ဤသို့ရေးလေ့ရှိ၏။
3:18 ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူရှိပါစေသော။