1 Timothy 3
3:1 “တစ်စုံတစ်ယောက်သည် ကြီးကြပ်သူဖြစ်ရန် အလွန်တောင့်တလျှင် ထိုသူသည် ကောင်းသောအမှုကိုတောင့်တ၏”ဟူသောစကားသည် မှန်သောစကားဖြစ်၏။
3:2 ထို့ကြောင့် ကြီးကြပ်သူသည် အပြစ်တင်စရာမရှိသောသူ၊ မယားတစ်ဦးတည်းရှိသောသူ ၊ သမ္မာသတိရှိသောသူ၊ ဣနြေ္ဒစောင့်သောသူ၊ လျောက်ပတ်စွာပြုမူသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ သင်ကြားပေးနိုင်စွမ်းရှိသောသူဖြစ်ရမည်။
3:3 သူသည် သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူ မဟုတ်ဘဲ ညင်သာသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကိုမတပ်မက်သောသူ၊
3:4 မိမိအိမ်ထောင်ကို ကောင်းစွာစီမံအုပ်ချုပ်လျက် သားသမီးတို့ကို တည်ကြည်လေးနက်ခြင်းအပြည့်အဝဖြင့် နာခံမှုရှိစေသောသူဖြစ်ရမည်။
3:5 မိမိအိမ်ထောင်ကို မည်ကဲ့သို့စီမံအုပ်ချုပ်ရမည်ကိုမသိသောသူသည် ဘုရားသခင်၏အသင်းတော်ကို မည်ကဲ့သို့ပြုစုစောင့်ရှောက်နိုင်မည်နည်း။
3:6 သူသည် ယုံကြည်ခါစလူမဖြစ်ရ။ သို့မဟုတ်လျှင် ဘဝင်မြင့်လျက် မာရ်နတ်နှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းထဲသို့ ကျရောက်မည်ဟု စိုးရိမ်စရာရှိ၏။
3:7 ထိုမျှမက ကဲ့ရဲ့ပြစ်တင်ခြင်းခံရလျက် မာရ်နတ်၏ကျော့ကွင်းထဲသို့ မကျရောက်စေရန် အသင်းတော်ပြင်ပ၌ ဂုဏ်သတင်းကောင်းသောသူလည်းဖြစ်ရမည်။
3:8 ထိုနည်းတူ သင်းထောက်တို့သည်လည်း တည်ကြည်လေးနက်သောသူများဖြစ်ရမည်။ လျှာနှစ်ခွရှိသောသူ၊ စပျစ်ဝိုင်သောက်ကြူးသောသူ၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်သောသူများမဟုတ်ဘဲ
3:9 ယုံကြည်ခြင်း၏လျှို့ဝှက်နက်နဲသောအရာကို ကြည်လင်သောအသိစိတ်ဖြင့် စွဲကိုင်ထားသောသူများဖြစ်ရမည်။
3:10 သူတို့သည် စစ်ဆေးခြင်းကိုဦးစွာခံပြီးမှ အပြစ်တင်စရာမရှိပါက သင်းထောက်အမှုကိုဆောင်ရွက်ကြစေ။
3:11 ထိုနည်းတူ ဇနီးသည် တို့သည်လည်း တည်ကြည်လေးနက်သောသူများဖြစ်ရမည်။ ကုန်းချောတတ်သောသူမဟုတ်ဘဲ သမ္မာသတိရှိသောသူ၊ ခပ်သိမ်းသောအရာတို့၌ သစ္စာရှိသောသူများဖြစ်ရမည်။
3:12 သင်းထောက်တို့သည် မယားတစ်ဦးတည်းရှိသောသူ၊ မိမိတို့အိမ်ထောင်နှင့်သားသမီးများကို ကောင်းစွာစီမံအုပ်ချုပ်နေသူများဖြစ်ရမည်။
3:13 အကြောင်းမူကား သင်းထောက်အမှုကို ကောင်းစွာဆောင်ရွက်သောသူတို့သည် မိမိတို့အတွက် ကောင်းသောဂုဏ်ရည်ကိုရရှိသည့်အပြင် ခရစ်တော်ယေရှုကိုယုံကြည်သောအရာ၌ များစွာသောရဲရင့်မှုကိုရရှိကြ၏။
3:14 ဤအရာများကို သင့်အား ငါရေးလိုက်ခြင်းမှာ သင့်ထံသို့အလျင်အမြန်လာနိုင်မည်ဟု မျှော်လင့်သော်လည်း
3:15 ငါနှောင့်နှေးခဲ့လျှင်ပင် သမ္မာတရား၏မဏ္ဍိုင်နှင့်အုတ်မြစ်ဖြစ်သည့် အသက်ရှင်တော်မူသောဘုရားသခင်၏အသင်းတော်တည်းဟူသော ဘုရားသခင်၏အိမ်တော်တွင် မည်ကဲ့သို့အသက်ရှင်နေထိုင်ရမည်ကို သင်သိနိုင်ရန်အတွက်ဖြစ်၏။
3:16 ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော် သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။