1 Timothy 6
6:1 ဘုရားသခင်၏နာမတော်နှင့်သွန်သင်ချက်တို့သည် စော်ကားပြောဆိုခြင်းမခံရစေရန် ကျွန်ထမ်းပိုးအောက်၌ရှိသမျှသောသူတို့သည် မိမိတို့သခင်များကို အပြည့်အဝရိုသေထိုက်သူများဟု မှတ်ယူကြပါစေ။
6:2 မိမိတို့သခင်သည် ယုံကြည်သူဖြစ်လျှင် သခင်သည် ညီအစ်ကိုဖြစ်သည်ဟုဆိုလျက် မထီမဲ့မြင်မပြုဘဲ သာ၍ကောင်းစွာအစေခံကြစေ။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအစေခံခြင်း၏အကျိုးကို ခံစားရသောသခင်သည် ယုံကြည်သူဖြစ်ပြီး မိမိချစ်ရသောသူလည်းဖြစ်၏။ သင်သည် ဤအရာများကိုသွန်သင်၍ တိုက်တွန်းနှိုးဆော်လော့။
6:3 တစ်စုံတစ်ယောက်သည် ခြားနားသောဩဝါဒကိုသွန်သင်လျက် ငါတို့သခင်ယေရှုခရစ်တော်၏မှန်ကန်ပြည့်စုံသောတရားစကားနှင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်ညီသောဩဝါဒတို့ကို မလိုက်နာလျှင်
6:4 ထိုသူသည် ဘဝင်မြင့်၍ မည်သည့်အရာကိုမျှမသိဘဲ အငြင်းပွားမှုနှင့် စကားလုံးအသုံးအနှုန်းအပေါ်ငြင်းခုံခြင်းတို့၌သာ စွဲလမ်းနေသူဖြစ်၏။ ထိုအရာများကြောင့် မလိုမုန်းထားခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်းနှင့် ဆိုးညစ်သောသံသယစိတ်ရှိခြင်းစသည်တို့ဖြစ်ပေါ်လာတတ်၏။
6:5 ထိုသို့ အသိစိတ်ပျက်ပြားလျက် သမ္မာတရားဆုံးရှုံးကာ ဘုရားဝတ်၌မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု ထင်မှတ်သောလူတို့ကြား၌ မဆုံးနိုင်သောအငြင်းပွားမှုရှိတတ်၏။
6:6 သို့သော် ကျေနပ်တင်းတိမ်မှုဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းသည် ကြီးစွာသောအကျိုးစီးပွားပင်ဖြစ်၏။
6:7 အကြောင်းမူကား ငါတို့သည် ဤလောကထဲသို့ မည်သည့်အရာကိုမျှ မယူလာသကဲ့သို့ မည်သည့်အရာကိုမျှလည်း ယူသွားနိုင်ကြမည်မဟုတ် ။
6:8 သို့ဖြစ်၍ စားစရာနှင့်ဝတ်စရာရှိလျှင် ထိုအရာတို့နှင့်ကျေနပ်ကြရမည်။
6:9 ချမ်းသာလိုသောသူတို့သည် ဖြားယောင်းသွေးဆောင်ရာထဲသို့လည်းကောင်း၊ ထောင်ချောက်ထဲသို့လည်းကောင်း၊ လူတို့ကို ပျက်စီးခြင်းနှင့်ဆုံးရှုံးခြင်းတွင် နစ်မွန်းစေတတ်သော မိုက်မဲ၍အန္တရာယ်ရှိသည့် တပ်မက်ခြင်းအမျိုးမျိုးထဲသို့လည်းကောင်း ကျရောက်တတ်ကြ၏။
6:10 အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုအလုံးစုံတို့၏အရင်းအမြစ်ဖြစ်၏။ လူအချို့တို့သည် ငွေကိုအလွန်တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွား၍ များစွာသောပူပန်ခြင်းဝေဒနာဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်နာကျင်စေကြပြီ။
6:11 အို ဘုရားသခင်၏လူ၊ သင်မူကား ထိုအရာများကိုရှောင်၍ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို လက်ကိုင်ပြုလော့။
6:12 ယုံကြည်ခြင်းနှင့်ဆိုင်သည့် ကောင်းသောတိုက်ပွဲကိုတိုက်၍ ထာဝရအသက်ကို ရယူပိုင်ဆိုင်လော့။ သင်သည် ထိုအသက်အတွက် ခေါ်ယူတော်မူခြင်းကိုခံရ၍ များစွာသောသက်သေတို့ရှေ့တွင် ကောင်းသောဝန်ခံချက်ကိုပေးလေပြီ။
6:13 ခပ်သိမ်းသောအရာတို့အား အသက်ကိုပေးတော်မူသော ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ ပုန္တိပိလတ်ရှေ့တွင် သက်သေခံသောအခါ ကောင်းသောဝန်ခံချက်ကိုပေးတော်မူသော ခရစ်တော်ယေရှု၏ရှေ့တော်၌လည်းကောင်း သင့်အား ငါညွှန်ကြားသည်ကား
6:14 သင်သည် ငါတို့သခင်ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသည့်တိုင်အောင် ဤပညတ်ချက်ကို အစွန်းအထင်းကင်း၍ အပြစ်တင်စရာမရှိအောင် စောင့်ထိန်းလော့။
6:15 အချိန်တန်သောအခါ ဘုရားသခင်သည် ခရစ်တော်ကိုပေါ်ထွန်းစေတော်မူလိမ့်မည်။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူ၍ တစ်ပါးတည်းအုပ်စိုးတော်မူသောအရှင်၊ ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်ဖြစ်တော်မူ၏။
6:16 ကိုယ်တော်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းသောအဖြစ်၌ရှိလျက် ချဉ်းကပ်၍မရသောအလင်း၌ ကိန်းဝပ်တော်မူ၏။ လူတို့တွင် မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကိုမမြင်ဖူးသကဲ့သို့ မြင်လည်းမမြင်နိုင်ပေ။ ထိုဘုရားသခင်၌ ဂုဏ်သရေနှင့်ထာဝရတန်ခိုးအရှိန်အဝါရှိတော်မူပါစေသော။ အာမင် ။
6:17 ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင် အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊
6:18 ကောင်းသောအမှုကိုပြုလျက် ကောင်းသောအကျင့်များဖြင့်ကြွယ်ဝကာ ရက်ရောစွာဝေမျှပေးကမ်းတတ်သောသူများဖြစ်ကြ၍
6:19 စစ်မှန်သောအသက်ကိုရယူပိုင်ဆိုင်နိုင်ဖို့ရန် နောင်ဘဝအတွက် ကောင်းသောအုတ်မြစ်ကို မိမိတို့အတွက်ချထားကြရန်လည်းကောင်း ညွှန်ကြားလော့။
6:20 အို တိမောသေ၊ သင်၌အပ်ထားသည့်အရာကို စောင့်ရှောက်လော့။ ဘုရားတရားနှင့်မဆိုင်သည့် အကျိုးမဲ့သောစကားများနှင့် အသိပညာဟု လွဲမှားစွာခေါ်ဝေါ်ကြသည့် ကွဲလွဲဆန့်ကျင်သောအရာများကို ရှောင်ရှားလော့။
6:21 လူအချို့တို့သည် ထိုအရာတို့နောက်သို့လိုက်၍ ယုံကြည်ခြင်းလမ်းမှလွဲချော်သွားကြပြီ။ ကျေးဇူးတော်သည် သင်တို့ နှင့်အတူရှိပါစေသော။