Titus 1
1:1 ဘုရားသခင်၏အစေအပါးနှင့် ယေရှုခရစ်တော်၏တမန်တော်ဖြစ်သော ငါပေါလုသည် စာရေးလိုက်ပါ၏။ ငါသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့၏ယုံကြည်ခြင်းအတွက်လည်းကောင်း၊ ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်အညီ သမ္မာတရားကိုသိရှိစေရန်အတွက်လည်းကောင်း တမန်တော်ဖြစ်လာ၏။
1:2 မုသားနှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ထိုထာဝရအသက်ကို ရှေး ကာလများမတိုင်မီကပင် ကတိပေးတော်မူပြီး
1:3 အချိန်တန်သောအခါ ဟောပြောခြင်းအမှုအားဖြင့် မိမိ၏နှုတ်ကပတ်တရားကို ထင်ရှားစေတော်မူ၍ ငါတို့၏ကယ်တင်ရှင်ဘုရားသခင်၏အမိန့်တော်အတိုင်း ထိုအမှုကို ငါ့အားယုံကြည်အပ်နှံတော်မူ၏။
1:4 ငါသည် တူညီသောယုံကြည်ခြင်းအားဖြင့် စစ်မှန်သောငါ့သားဖြစ်သည့်တိတုထံသို့ ဤစာကို ရေးလိုက်ပါ၏။ ခမည်းတော်ဘုရားသခင်နှင့် ငါတို့၏ကယ်တင်ရှင်ခရစ်တော်ယေရှု ထံမှ ကျေးဇူးတော် နှင့်ငြိမ်သက်ခြင်းသည် သင်၌ရှိပါစေသော။
1:5 ကရေတေကျွန်းတွင် သင့်ကို ငါထားခဲ့ခြင်းမှာ သင့်အား ငါမှာကြားထားသည့်အတိုင်း လိုအပ်သည့်အရာများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် အသင်းတော်အကြီးအကဲများကို ခန့်ထားရန်အတွက်ဖြစ်၏။
1:6 အသင်းတော်အကြီးအကဲသည် အပြစ်တင်စရာမရှိသောသူ၊ မယားတစ်ဦးတည်းရှိသောသူဖြစ်ရမည်။ သူ၏သားသမီးတို့သည်လည်း ယုံကြည်သူများဖြစ်ရမည်ဖြစ်ပြီး အပျော်ကြူးခြင်းကြောင့်စွပ်စွဲခံရသူများ၊ သို့မဟုတ် နာခံမှုမရှိသောသူများမဖြစ်ရ။
1:7 အကြောင်းမူကား ကြီးကြပ်သူသည် ဘုရားသခင်၏ဘဏ္ဍာစိုးဖြစ်သည်နှင့်အညီ အပြစ်တင်စရာမရှိသောသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းတတ်သောသူ၊ စိတ်တိုသောသူ၊ သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူ၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်သောသူမဟုတ်ဘဲ
1:8 ဧည့်ဝတ်ကျေပွန်သောသူ၊ ကောင်းမြတ်သောအရာကိုနှစ်သက်သောသူ၊ ဣနြေ္ဒစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ မိမိကိုယ်ကိုချုပ်တည်းနိုင်သောသူဖြစ်ရမည်။
1:9 သူသည် မှန်ကန်ပြည့်စုံသောသြဝါဒအားဖြင့် တိုက်တွန်းနှိုးဆော်နိုင်ရန်နှင့် ဆန့်ကျင်ပြောဆိုသောသူတို့၏အပြစ်ကိုဖော်ပြနိုင်ရန် မိမိသင်ယူထားသည့် သစ္စာနှင့်ပြည့်စုံသောနှုတ်ကပတ်တရားကို စွဲကိုင်ထားရမည်။
1:10 အကြောင်းမူကား နာခံမှုမရှိသောသူ၊ အကျိုးမဲ့စကားပြောဆိုသောသူနှင့် လိမ်လည်သောသူ များစွာရှိကြ၏။ အထူးသဖြင့် အရေဖျားလှီးထားသောသူတို့ထဲတွင်ရှိကြ၏။
1:11 ထိုသူတို့ကို နှုတ်ဆိတ်စေရမည်။ သူတို့သည် မစင်ကြယ်သောအကျိုးစီးပွားအတွက် မသွန်သင်အပ်သောအရာများကိုသွန်သင်လျက် မိသားစုများကို အစုလိုက်ချွတ်ချော်လွဲမှားစေကြ၏။
1:12 ကရေတေကျွန်းသားများထဲမှ သူတို့၏အမျိုးသားချင်းပရောဖက်တစ်ဦးက “ကရေတေကျွန်းသား၊ လူလိမ်များကား၊ ဆိုးသွမ်းသားရဲ၊ မြဲစားကြူးသူ၊ ပျင်းရိလူ”ဟု စပ်ဆိုထား၏။
1:13 ဤသက်သေခံချက်သည်မှန်ပေ၏။ ထို့ကြောင့် ဂျူးလူမျိုးတို့၏ဒဏ္ဍာရီများနှင့် သမ္မာတရားကိုစွန့်ပယ်သောသူတို့၏ပညတ်ချက်များအပေါ် အာရုံမစိုက်ဘဲ ယုံကြည်ခြင်းအရာ၌ မှန်ကန်ပြည့်စုံမှုရှိကြရန် သူတို့ကို ပြင်းထန်စွာဆိုဆုံးမလော့။
1:15 စင်ကြယ်သောသူတို့အတွက် ခပ်သိမ်းသောအရာတို့သည် စင်ကြယ်ကြ၏။ သို့သော် ညစ်ညူး၍ ယုံကြည်ခြင်းမရှိသောသူတို့အတွက်မူကား မည်သည့်အရာမျှ မစင်ကြယ်သည်သာမက သူတို့၏စိတ်နှလုံးနှင့်အသိစိတ်တို့သည်လည်း ညစ်ညူးကြ၏။
1:16 သူတို့သည် ဘုရားသခင်ကိုသိသည်ဟု ဝန်ခံကြသော်လည်း သူတို့ပြုသောအမှုများအားဖြင့် ဘုရားသခင်ကိုငြင်းပယ်၍ ရွံရှာဖွယ်ကောင်းသောသူ၊ နာခံခြင်းမရှိသောသူ၊ ကောင်းသောအမှုရှိသမျှနှင့်မထိုက်တန်သောသူများဖြစ်ကြ၏။