Hebrews 1
1:1 ရှေးကာလတွင် ဘုရားသခင်သည် ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား ကာလအပိုင်းအခြားအမျိုးမျိုးတို့၌ နည်းမျိုးစုံဖြင့် စကားပြောတော်မူ၏။
1:2 ဤနောက်ဆုံးသောနေ့ရက်များတွင် ငါတို့ကို သားတော်အားဖြင့် စကားပြောတော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အား အရာခပ်သိမ်းကို အမွေဆက်ခံသူအဖြစ်ခန့်ထား၍ လောကဓာတ်တို့ကိုလည်း သားတော်အားဖြင့် ဖန်ဆင်းတော်မူ၏။
1:3 သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များ အတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
1:4 သားတော်သည် ကောင်းကင်တမန်တို့၏ဘွဲ့နာမထက် ထူးမြတ်သောဘွဲ့နာမကို ဆက်ခံရရှိ သည်နှင့်အမျှ သူတို့ထက် ကြီးမြတ်သောအရှင်ဖြစ်တော်မူ၏။
1:5 အကြောင်းမူကား ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်အား “သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖွားမြင်စေပြီ” ဟူ၍လည်းကောင်း၊ “ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်ရလိမ့်မည်”ဟူ၍လည်းကောင်း မိန့်တော်မူခဲ့ဖူးသနည်း။
1:6 တစ်ဖန် သားဦးကို ဤကမ္ဘာလောကထဲသို့ ခေါ်ဆောင်လာသောအခါ “ဘုရားသခင်၏ကောင်းကင်တမန်အပေါင်းတို့သည် ထိုအရှင်ကို ရှိခိုးရမည်” ဟု မိန့်တော်မူပြီး
1:7 ကောင်းကင်တမန်များနှင့်ပတ်သက်၍ “ကိုယ်တော်သည် မိမိ၏ကောင်းကင်တမန်တို့ကို လေကဲ့သို့လည်းကောင်း၊ မိမိ၏အမှုကိုထမ်းဆောင်သူတို့အား မီးလျှံကဲ့သို့လည်းကောင်း ဖြစ်စေတော်မူ၏” ဟု မိန့်တော်မူ၏။
1:8 သို့သော် သားတော်နှင့်ပတ်သက်၍မူကား “အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် ကမ္ဘာအဆက်ဆက်တည်၍ ဖြောင့်မှန်သောအုပ်ချုပ်မှုသည် ကိုယ်တော့်နိုင်ငံတော်၏အုပ်ချုပ်မှုဖြစ်ပါ၏။
1:9 ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုနှစ်သက်တော်မူ၍ တရားမဲ့ခြင်းကိုမုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ဘုရားသခင်တည်းဟူသော ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်များထက် ကိုယ်တော်ကို ရွှင်မြူးခြင်းဆီနှင့် ဘိသိက်ပေးတော်မူ၏။”
1:10 တစ်ဖန် “အို ထာဝရဘုရား၊ ကိုယ်တော်သည် အစအဦး၌ မြေကြီးကိုတည်တော်မူ၍ ကောင်းကင်တို့သည်လည်း ကိုယ်တော်၏လက်ရာတော်ဖြစ်ပါ၏။
1:11 ထိုအရာတို့သည် ပျက်စီးသွားသော်လည်း ကိုယ်တော်သည် ဆက်၍တည်ပါ၏။ ထိုအရာ ရှိသမျှတို့သည် အဝတ်ကဲ့သို့ဟောင်းနွမ်းကြလိမ့်မည်။
1:12 ကိုယ်တော်သည် ထိုအရာတို့ကို ခြုံထည်ကဲ့သို့ လိပ်တော်မူသဖြင့် ၎င်းတို့သည် ဝတ်ရုံကဲ့သို့ပြောင်းလဲကြလိမ့်မည်။ ကိုယ်တော်မူကား ပြောင်းလဲတော်မမူပါ။ ကိုယ်တော်၏သက်တမ်းသည်လည်း ကုန်ဆုံးမည်မဟုတ်ပါ” ဟု မိန့်တော်မူ၏။
1:13 ထို့ပြင် ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်အား “သင့်ရန်သူတို့ကို သင်၏ခြေတင်ခုံအဖြစ် ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့” ဟု မိန့်တော်မူခဲ့ဖူးသနည်း။
1:14 ကောင်းကင်တမန်အားလုံးတို့သည် ကယ်တင်ခြင်းကိုအမွေဆက်ခံမည့်သူများ၏အမှုကိုဆောင်ရွက်ရန် စေလွှတ်ခြင်းခံရသည့် အစေခံဝိညာဉ်များဖြစ်ကြသည်မဟုတ်လော။