Hebrews 3
3:1 သို့ဖြစ်၍ ကောင်းကင်နှင့်ဆိုင်သော ခေါ်ယူတော်မူခြင်း၌ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုတို့၊ ငါတို့ယုံကြည်ဝန်ခံသည့် တမန်တော်နှင့်ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှု အကြောင်းကို ဆင်ခြင်အောက်မေ့ကြလော့။
3:2 မောရှေသည် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိသကဲ့သို့ ယေရှုသည်လည်း မိမိကိုခန့်ထားသောဘုရားသခင်အပေါ်သစ္စာရှိတော်မူ၏။
3:3 အိမ်ဆောက်သူသည် ထိုအိမ်ထက် သာ၍ဂုဏ်သရေရှိသကဲ့သို့ ယေရှုသည် မောရှေထက် သာ၍မြင့်မြတ်သောဘုန်းအသရေကိုရထိုက်သည်ဟု မှတ်ယူခြင်းခံရ၏။
3:4 အကြောင်းမူကား အိမ်တိုင်းကို တစ်စုံတစ်ယောက်က တည်ဆောက်ရ၏။ သို့သော် အရာခပ်သိမ်းကိုတည်ဆောက်သောအရှင်ကား ဘုရားသခင်ပေတည်း။
3:5 မောရှေသည် နောင်အခါဟောပြောမည့်အရာတို့အတွက် သက်သေဖြစ်ရန် အစေခံအဖြစ် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိ၏။
3:6 ခရစ်တော်မူကား သားတော်အဖြစ် ဘုရားသခင်၏အိမ်တော်အပေါ်သစ္စာရှိတော်မူ၏။ ငါတို့သည် ယုံကြည်စိတ်ချခြင်းနှင့် မျှော်လင့်ခြင်း၌ဂုဏ်ယူဝါကြွားခြင်းတို့ကို စွဲကိုင်ထား လျှင် ဘုရားသခင်၏အိမ်တော်ဖြစ်ကြ၏။
3:7 ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်က “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင်
3:8 တောကန္တာရတွင် စမ်းသပ်စစ်ဆေးရာကာလ၌ ဆန့်ကျင်ဘက်ပြုကြစဉ်ကကဲ့သို့ သင်တို့စိတ်နှလုံးကို မမာကျောစေကြနှင့်။
3:9 ထိုအရပ်တွင် သင်တို့ဘိုးဘေးများသည် ငါ့ကိုစမ်းသပ်လျက် စစ်ဆေးကြကာ အနှစ်လေးဆယ်အတွင်း ငါပြုသောအမှုများကို တွေ့မြင်ခဲ့ကြ၏။
3:10 သို့ဖြစ်၍ ထိုမျိုးဆက်ကို ငါအမျက်ထွက်ပြီး ‘သူတို့သည် စိတ်နှလုံးထဲ၌ အစဉ်လမ်းလွဲ၍ ငါ၏လမ်းကို မသိကြ’ဟု ငါဆို၏။
3:11 ထို့ကြောင့် အမျက်တော်အားဖြင့် ငါတိုင်တည်ပြောဆိုသကဲ့သို့ သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်” ဟု မိန့်တော်မူသည့်အတိုင်း
3:12 ညီအစ်ကိုတို့၊ သင်တို့တွင် မယုံကြည်တတ်သောဆိုးညစ်သည့်စိတ်နှလုံးရှိသဖြင့် အသက်ရှင်သောဘုရားသခင်ထံတော်မှ ထွက်ခွာသွားမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိပြုကြလော့။
3:13 သင်တို့တွင် အပြစ်တရား၏လှည့်ဖြားမှုကြောင့် မည်သူမျှ စိတ်နှလုံးမာကျောခြင်းမရှိစေရန် ယနေ့ဟုခေါ်ရသောအချိန်ရှိနေသရွေ့ နေ့စဉ် အချင်းချင်းတိုက်တွန်းနှိုးဆော်ကြလော့။
3:14 အကြောင်းမူကား ငါတို့သည် အစ၌ရှိသောစိတ်ချမှုကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ခရစ်တော်နှင့်စပ်ဆိုင်သောသူများဖြစ်ကြ၏။
3:15 ကျမ်းစာ၌ “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင် ဆန့်ကျင်ဘက်ပြုကြစဉ်ကကဲ့သို့ သင်တို့စိတ်နှလုံးကို မမာကျောစေကြနှင့်” ဟု ဆိုထား၏။
3:16 ထိုသို့ကြားရလျက်နှင့် ဆန့်ကျင်ခဲ့သူများကား မည်သူတို့နည်း။ မောရှေ၏ဦးဆောင်မှုအားဖြင့် အီဂျစ်ပြည်မှထွက်လာသောသူအပေါင်းတို့ပင်မဟုတ်လော။
3:17 တစ်ဖန် အနှစ်လေးဆယ်အတွင်း မည်သူတို့အပေါ် အမျက်ထွက်တော်မူခဲ့သနည်း။ အပြစ်ပြု၍ တောကန္တာရ၌ ခန္ဓာကြွေရသူများအပေါ်မဟုတ်လော။
3:18 ထို့ပြင် “ကိုယ်တော်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်” ဟု မည်သူတို့အား တိုင်တည်၍မိန့်တော်မူခဲ့သနည်း။ နာခံခြင်းမရှိသောသူများကိုပင်မဟုတ်လော။
3:19 သို့ဖြစ်၍ သူတို့သည် မယုံကြည်မှုကြောင့် မဝင်နိုင်သည်ကို ငါတို့သိမြင်ရကြ၏။