Hebrews 6
6:1 ထို့ကြောင့် ငါတို့သည် ခရစ်တော်နှင့်ဆိုင်သည့် အခြေခံသွန်သင်ချက်ကို ထားရစ်ခဲ့၍ စုံလင်ရင့်ကျက်ခြင်းသို့ တက်လှမ်းကြကုန်စို့။ သေခြင်းနှင့်ဆိုင်သောအကျင့်များမှ နောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊
6:2 ဗတ္တိဇံနှင့်ဆိုင်သောသွန်သင်ခြင်း၊ လက်တင်ခြင်း၊ သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်း၊ ထာဝရပြစ်ဒဏ်စီရင်ခြင်း စသည့်အကြောင်းအရာများ၌ ထပ်၍အခြေမပြုဘဲနေကြကုန်စို့။
6:3 ဘုရားသခင်ခွင့်ပြုတော်မူလျှင် ငါတို့သည်ထိုသို့ပြုကြမည်။
6:4 အလင်းသို့တစ်ခါရောက်၍ ကောင်းကင်နှင့်ဆိုင်သောကောင်းချီးလက်ဆောင်ကို မြည်းစမ်းရလျက် သန့်ရှင်းသောဝိညာဉ်တော်နှင့်စပ်ဆိုင်သူဖြစ်လာကာ
6:5 ဘုရားသခင်၏ကောင်းမြတ်သောနှုတ်ကပတ်တော်နှင့် တမလွန်ကာလ၏တန်ခိုးလက္ခဏာတို့ကို မြည်းစမ်းရပြီးမှ
6:6 ရွေ့လျောဖောက်ပြန်သောသူတို့သည် ဘုရားသခင်၏သားတော်ကို သူတို့ကိုယ်တိုင် လက်ဝါးကပ်တိုင်ပေါ်၌ပြန်တင်၍ အရှက်ကွဲစေသောသူများဖြစ်ကြသောကြောင့် သူတို့ကို အသစ်တစ်ဖန်နောင်တရခြင်းသို့မရောက်စေနိုင်ရာ။
6:7 အကြောင်းမူကား မြေကြီးသည် မိမိအပေါ်အကြိမ်ကြိမ်ကျသောမိုးရေကိုသောက်လျက် ထွန်ယက်စိုက်ပျိုးသောသူတို့အတွက် အသုံးဝင်သည့်အသီးအနှံများကိုဖြစ်ထွန်းစေပါက ဘုရားသခင်ထံမှကောင်းချီးမင်္ဂလာကိုခံစားရ၏။
6:8 သို့ရာတွင် ဆူးပင်နှင့်ဆူးလေပင်များကိုပေါက်စေလျှင် အသုံးမဝင်သဖြင့် မကြာမီ ကျိန်ခြင်းခံရလျက် နောက်ဆုံး၌ မီးရှို့ခြင်းခံရ၏။
6:9 ချစ်ရသောသူတို့၊ ငါတို့သည် ဤသို့ပြောဆိုကြသော်လည်း သင်တို့အတွက်မူကား ကယ်တင်ခြင်းနှင့်ယှဉ်တွဲသည့် ပို၍ကောင်းသောအရာများရှိသည်ဟု ငါတို့ယုံကြည်စိတ်ချကြ၏။
6:10 အကြောင်းမူကား ဘုရားသခင်သည် သင်တို့၏လုပ်ဆောင်မှုကိုလည်းကောင်း၊ သန့်ရှင်းသူတို့ကို ယခင်က သင်တို့လုပ်ကျွေးပြုစုသကဲ့သို့ ယခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်၏နာမတော်ကိုထောက်၍ သင်တို့ပြသောချစ်ခြင်းမေတ္တာတို့ကိုလည်းကောင်း မေ့လျော့သည့်တိုင်အောင် တရားမျှတမှုကင်းမဲ့တော်မူသည်မဟုတ်။
6:11 သင်တို့တစ်ဦးစီသည် မျှော်လင့်ခြင်းနှင့်ဆိုင်သောစိတ်ချမှုအပြည့်အဝရှိကြရန် ထိုသို့သောစိတ်အားထက်သန်မှုကို အဆုံးတိုင်အောင်ပြမည့်အကြောင်း ငါတို့အလိုရှိကြ၏။
6:12 ဤသည်ကား သင်တို့သည် ပျင်းရိခြင်းမရှိဘဲ ယုံကြည်ခြင်းနှင့်စိတ်ရှည်ခြင်းတို့အားဖြင့် ကတိတော်ကိုအမွေဆက်ခံသောသူတို့အား အတုယူသူများဖြစ်ကြမည့်အကြောင်းတည်း။
6:13 ဘုရားသခင်သည် အာဗြဟံအား ကတိပေးတော်မူသောအခါ တိုင်တည်ပြောဆိုရန် မိမိထက် ကြီးမြတ်သောသူမရှိသောကြောင့် မိမိကိုယ်ကိုတိုင်တည်ပြောဆို၍
6:14 “ငါသည် အမှန်ပင် သင့်ကို အစဉ်အမြဲကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို တိုးပွားများပြားစေမည်” ဟု မိန့်တော်မူ၏။
6:15 ဤသို့ဖြင့် အာဗြဟံသည် စိတ်ရှည်စွာစောင့်ဆိုင်းသဖြင့် ကတိတော်ကိုခံစားရရှိခဲ့၏။
6:16 လူတို့သည် မိမိတို့ထက် ကြီးမြတ်သောသူကို တိုင်တည်ပြောဆိုကြပြီး ထိုသို့အတည်ပြုပြောဆိုသောကတိသစ္စာသည် အငြင်းပွားမှုအားလုံးကို ရပ်စဲစေတတ်၏။
6:17 ထိုနည်းတူ ဘုရားသခင်သည် မိမိအကြံအစည်တော်မပြောင်းလဲနိုင်ကြောင်း ကတိတော်ကိုအမွေဆက်ခံသူများအား ပိုမိုထင်ရှားစွာပြလို၍ ကတိသစ္စာပြုခြင်းဖြင့် အာမခံတော်မူ၏။
6:18 ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။
6:19 ထိုမျှော်လင့်ခြင်းသည် ငါတို့၏စိတ်ဝိညာဉ်အတွက် ခိုင်ခံ့မြဲမြံသောကျောက်ဆူးကဲ့သို့ ငါတို့၌ရှိ၍ ဗိမာန်တော်ကန့်လန့်ကာအတွင်းဘက်သို့ဝင်ရောက်၏။
6:20 ယေရှုသည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်လာပြီး ထိုကန့်လန့်ကာအတွင်းသို့ ရှေ့ဆောင်လမ်းခင်းပေးသူအဖြစ် ငါတို့ကိုယ်စားဝင်တော်မူ၏။