Hebrews 9
9:1 ပထမပဋိညာဉ်တွင်လည်း ဝတ်ပြုခြင်းဆိုင်ရာပြဋ္ဌာန်းချက်များနှင့် လောက၌ရှိသောသန့်ရှင်းရာဌာနပါ၏။
9:2 အကြောင်းမူကား တဲတော်ကိုပြင်ဆင်ရာတွင် သန့်ရှင်းရာဌာနဟုခေါ်သော ပထမအခန်းထဲ၌ ဆီမီးခုံ၊ စားပွဲနှင့် ရှေ့တော်မုန့်တို့ကိုထားရှိကြ၏။
9:3 ဒုတိယကန့်လန့်ကာ၏နောက်တွင်မူကား အလွန်သန့်ရှင်းရာဌာနဟုခေါ်သောတဲတော်ရှိ၏။
9:4 ၎င်းထဲတွင် နံ့သာပေါင်းမီးရှို့ရာရွှေယဇ်ပလ္လင်နှင့် မျက်နှာပြင်အဘက်ဘက်၌ ရွှေဖြင့်မွမ်းမံထားသောပဋိညာဉ်သေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နမုန့်ထည့်ထားသည့်ရွှေအိုး၊ အဖူးထွက်သောအာရုန်၏တောင်ဝှေးနှင့် ပဋိညာဉ်ကျောက်ပြားတို့ရှိ၏။
9:5 ထိုသေတ္တာပေါ်တွင် ဘုန်းအသရေနှင့်ပြည့်စုံသောခေရုဗိမ်တို့သည် အသနားခံရာပလ္လင်ကို အုပ်မိုးထားကြ၏။ ဤအရာများအကြောင်းကို ယခုအသေးစိတ်ပြောပြ၍ မရနိုင်ပေ။
9:6 ၎င်းတို့ကို ထိုသို့ပြင်ဆင်ပြီးသောအခါ ယဇ်ပုရောဟိတ်တို့သည် တဲတော်ပထမအခန်းထဲသို့ အစဉ်ဝင်၍ ဝတ်ပြုခြင်းအမှုများကိုဆောင်ရွက်ကြ၏။
9:7 ဒုတိယအခန်းထဲသို့မူကား ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်းသာ တစ်နှစ်တစ်ကြိမ်ဝင်လေ၏။ ထိုသို့ဝင်သောအခါ မိမိအတွက်လည်းကောင်း၊ လူတို့မသိနားမလည်၍ကျူးလွန်မိသောအပြစ်များအတွက်လည်းကောင်း ပူဇော်သည့်သွေးမပါဘဲဝင်ခြင်းမရှိ။
9:8 တဲတော်ပထမအခန်းတည်ရှိနေသရွေ့ အလွန်သန့်ရှင်းရာဌာနသို့ဝင်ရောက်ရာလမ်းသည် မပွင့်သေးကြောင်း သန့်ရှင်းသောဝိညာဉ်တော်က ဤအမှုအရာအားဖြင့် ဖော်ပြတော်မူ၏။
9:9 ထိုတဲတော်သည် ဤမျက်မှောက်ကာလအတွက် ပုံဥပမာဖြစ်၍ ပူဇော်သောပူဇော်သက္ကာနှင့်ယဇ်တို့သည် ဝတ်ပြုသူ၏အသိစိတ်ကိုမစုံလင်စေနိုင်ကြောင်း ဖော်ပြ၏။
9:10 ထိုအရာတို့သည် စားစရာ၊ သောက်စရာနှင့် အထူးထူးအပြားပြားသောဆေးကြောခြင်းဝတ်များနှင့်ဆိုင်၍ အသစ်ပြုပြင်ရာကာလတိုင်အောင် ထုံးဖွဲ့ထားသော ကိုယ်ကာယနှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်များသာဖြစ်ကြ၏။
9:11 သို့သော် ခရစ်တော်သည် ရောက်ရှိလာပြီးဖြစ်သည့် ကောင်းသောအရာများနှင့်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ်ကြွလာတော်မူ၍ လူ့လက်ဖြင့်တည်ဆောက်သည်မဟုတ်၊ တစ်နည်းဆိုသော် ဤဖန်ဆင်းခံလောကမှမဟုတ်သော ပို၍ကြီးမြတ်ပြီး ပို၍စုံလင်သည့်တဲတော်မှတစ်ဆင့်
9:12 ဆိတ်နှင့်နွားသငယ်တို့၏သွေးအားဖြင့်မဟုတ်ဘဲ မိမိ၏သွေးတော်အားဖြင့် သန့်ရှင်းရာဌာနထဲသို့ တစ်ကြိမ်တည်းနှင့်အပြီးဝင်တော်မူ၍ ထာဝရရွေးနုတ်ကယ်တင်ခြင်းအကျိုးကို သက်ရောက်စေတော်မူ၏။
9:13 အကြောင်းမူကား ညစ်ညူးခြင်းရှိသောသူတို့အပေါ်ပက်ဖျန်းသော ဆိတ်သွေး၊ နွားလား၏သွေးနှင့် နွားမတမ်း၏ပြာတို့သည် ကိုယ်ကာယကိုစင်ကြယ်စေ၍ သူတို့ကိုသန့်ရှင်းစေသည်ဆိုလျှင်
9:14 ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကို ဘုရားသခင်ထံပူဇော်ခဲ့သည့် ခရစ်တော်၏သွေးတော်သည် အသက်ရှင်သောဘုရားသခင်ကို ငါတို့ဝတ်ပြုမည့်အကြောင်း သေခြင်းနှင့်ဆိုင်သောအကျင့်များမှ ငါတို့၏ အသိစိတ်ကို မည်မျှပို၍စင်ကြယ်စေလိမ့်မည်နည်း။
9:15 ထို့ကြောင့် ခရစ်တော်သည် ပဋိညာဉ်သစ်၏ကြားဝင်စေ့စပ်သူဖြစ်တော်မူ၏။ ဤသည်ကား ပထမပဋိညာဉ်လက်အောက်၌ ဖောက်ဖျက်ကျူးလွန်သောအပြစ်များမှ လူတို့ကိုရွေးနုတ်ရန် ကိုယ်တော်သည် အသေခံတော်မူခြင်းအားဖြင့် ခေါ်ယူတော်မူသောသူတို့သည် ထာဝရအမွေနှင့်ဆိုင်သောကတိတော်ကို ရရှိမည့်အကြောင်းတည်း။
9:16 သေတမ်းစာကိုတင်ပြရာတွင် ထိုသေတမ်းစာကိုရေးထားသူ သေဆုံးပြီဖြစ်ကြောင်း အထောက်အထားပြရန်လိုအပ်၏။
9:17 အကြောင်းမူကား သေတမ်းစာသည် ၎င်းကိုရေးထားသူအသက်ရှင်နေစဉ် အကျုံးမဝင်၊ ထိုသူသေဆုံးမှသာ အတည်ဖြစ်၏။
9:18 ထို့ကြောင့် ပထမပဋိညာဉ်ကိုလည်း သွေးမပါဘဲဖွဲ့ခဲ့သည်မဟုတ်။
9:19 အကြောင်းမူကား မောရှေသည် ပညတ်တရားကျမ်း၌ပါသမျှသောပညတ်ချက်တို့ကို လူအပေါင်းတို့အားကြေညာပြီးလျှင် ရေနှင့်ရောနှောသော နွားသငယ်နှင့်ဆိတ်တို့၏သွေးကိုယူ၍ ထိုကျမ်းမှစ၍ လူအပေါင်းတို့ကို နီမြန်းသောသိုးမွေးနှင့်ဟုဿုပ်ညွန့်ဖြင့် ပက်ဖျန်းလျက်
9:20 “ဤသည်ကား သင်တို့အား ဘုရားသခင်ပညတ်တော်မူသည့် ပဋိညာဉ်နှင့်ဆိုင်သောသွေးဖြစ်၏”ဟု ဆိုလေ၏။
9:21 ထို့နောက် တဲတော်နှင့်တကွ ဝတ်ပြုရာတွင်အသုံးပြုသောပစ္စည်းရှိသမျှတို့ကိုလည်း ထိုနည်းတူသွေးနှင့် ပက်ဖျန်းလေ၏။
9:22 ပညတ်တရားအရ အရာအားလုံးနီးပါးသည် သွေးအားဖြင့်စင်ကြယ်စေရ၏။ သွေးသွန်းလောင်းခြင်းမရှိလျှင် အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးဟူ၍မရှိ။
9:23 ထို့ကြောင့် ကောင်းကင်ဘုံ၌ရှိသောအရာတို့၏နမူနာများကို အဆိုပါအရာများအားဖြင့် စင်ကြယ်စေရန်လိုအပ်၏။ သို့သော် အထက်ကောင်းကင်အရပ်၌ရှိသောအရာအစစ်တို့ကိုမူကား ထိုအရာများထက် သာ၍မြတ်သောယဇ်အားဖြင့် စင်ကြယ်စေရန်လိုအပ်၏။
9:24 အကြောင်းမူကား ခရစ်တော်သည် စစ်မှန်သောအရာ၏ပုံတူမျှသာဖြစ်သည့် လူ့လက်ဖြင့်တည်ဆောက်သောသန့်ရှင်းရာဌာနထဲသို့မဝင်ဘဲ ငါတို့ကိုယ်စား ယခု ဘုရားသခင်၏ရှေ့တော်၌ထင်ရှားတော်မူရန် ကောင်းကင်ထဲသို့ဝင်တော်မူ၏။
9:25 ယဇ်ပုရောဟိတ်မင်းသည် ကိုယ့်သွေးမဟုတ်သောသွေးဖြင့် နှစ်စဉ်နှစ်တိုင်း သန့်ရှင်းရာဌာနထဲသို့ဝင်သကဲ့သို့ ကိုယ်တော်သည် မိမိကိုယ်ကိုအကြိမ်ကြိမ်ပူဇော်ရန်မလိုပေ။
9:26 ထိုသို့ပူဇော်ရလျှင် ကမ္ဘာတည်ချိန်မှစ၍ ဒုက္ခဝေဒနာကို အကြိမ်ကြိမ်ခံစားရပေလိမ့်မည်။ ယခုမူကား မိမိကိုယ်ကိုပူဇော်ခြင်းအားဖြင့် အပြစ်တရားကိုပယ်ဖျက်ရန် ကပ်ကာလအဆုံး၌ တစ်ကြိမ်တည်းပေါ်ထွန်းတော်မူ၏။
9:27 လူတို့သည် တစ်ကြိမ်တည်းသေ၍ သေပြီးသည့်နောက် တရားစီရင်ခြင်းကိုခံရသကဲ့သို့
9:28 ခရစ်တော်သည်လည်း များစွာသောလူတို့၏အပြစ်များကိုဆောင်ယူသွားရန် မိမိကိုယ်ကိုတစ်ကြိမ်တည်းပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက်မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသောသူတို့အား ကယ်တင်ရန်အတွက် ပေါ်ထွန်းတော်မူလိမ့်မည်။