Joshua 18
18:1 ထိုပြည်ကို အောင်နိုင်ပြီးနောက် အစ္စရေးလူထုတစ်ရပ်လုံး ရှိလောအရပ်၌ စုရုံး၍ တွေ့ဆုံစည်းဝေးရာတဲတော်ကို တည်ကြ၏။
18:2 ထိုအချိန်တွင် အစ္စရေးအမျိုးသားတို့ထဲတွင် အမွေမြေ မရရှိသေးသော အမျိုးအနွယ်ခုနစ်နွယ်ကျန်၏။
18:3 ထို့ကြောင့် ယောရှုက အစ္စရေးအမျိုးသားတို့အား “ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်ကို သွားရောက်သိမ်းပိုက်ရန် မည်မျှအချိန်ဆွဲနေဦးမည်နည်း။
18:4 သင်တို့ အမျိုးအနွယ်တစ်နွယ်လျှင် လူသုံးယောက်ကို ရွေးချယ်ပါ။ သူတို့ကို ငါစေလွှတ်မည်။ သူတို့သည် ထိုပြည်ကိုလှည့်လည်ကြည့်ရှုလျက် သူတို့ပိုင်ဆိုင်မည့်အမွေမြေကို ရေးမှတ်ပြီး ငါ့ထံပြန်လာရမည်။
18:5 ပြည်ကို ခုနစ်ပိုင်းပိုင်းရမည်။ ယုဒလူမျိုးသည် တောင်ဘက်နယ်မြေတွင် နေထိုင်ရမည်။ ယောသပ်အမျိုးအနွယ်ကား မြောက်ဘက်နယ်မြေတွင် နေထိုင်ရမည်။
18:6 ပြည်ကိုခုနစ်ပိုင်းပိုင်း၍ ရေးမှတ်ထားပြီး ငါ့ထံယူလာခဲ့ပါ။ ငါတို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် ငါမဲချပေးမည်။
18:7 လေဝိအမျိုးသည် သင်တို့နှင့်အတူ အမွေမြေမရ။ ထာဝရဘုရားပေးသောယဇ်ပုရောဟိတ်အရိုက်အရာသည် သူတို့၏အမွေဖြစ်၏။ ဂဒ်၊ ရုဗင်နှင့် မနာရှေအမျိုးတစ်ဝက်တို့သည်လည်း ထာဝရဘုရား၏အစေအပါးမောရှေပေးထားခဲ့သောအမွေမြေကို ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် ရပြီးဖြစ်၏”ဟု ဆို၏။
18:8 ရွေးချယ်ထားသောသူတို့အား ယောရှုက “ပြည်ကို လှည့်လည်ကြည့်ရှုပြီး ရေးမှတ်လော့။ ပြီးလျှင် ငါ့ထံယူလာပြလော့။ ရှိလောအရပ်တွင် ထာဝရဘုရားရှေ့တော်၌ ငါမဲချပေးမည်”ဟု မှာလိုက်၏။ ထိုသူတို့လည်း ပြည်ကိုပိုင်းခြားသတ်မှတ်ရန် ထ၍ထွက်သွားကြ၏။
18:9 သူတို့သည် ပြည်တစ်ပြည်လုံးသို့လျှောက်သွားပြီး မြို့ရွာများအလိုက် ခုနစ်ပိုင်းပိုင်း၍ စာလိပ်၌ရေးမှတ်ပြီးလျှင် ယောရှုရှိရာ ရှိလောတပ်စခန်းသို့ ပြန်လာကြ၏။
18:10 ယောရှုလည်း ရှိလောမြို့တွင် ထာဝရဘုရားရှေ့တော်၌ မဲချ၍ အစ္စရေးလူမျိုးတို့အား မျိုးနွယ်စုအလိုက် အမွေမြေကို ခွဲဝေပေး၏။
18:11 ပထမအကြိမ်မဲချရာတွင် ဗင်္ယာမိန်အမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် မဲကျလေ၏။ သူတို့မဲကျသောနယ်မြေမှာ ယုဒအမျိုးသားနှင့် ယောသပ်အမျိုးသား ကြား၌နေရာကျ၏။
18:12 သူတို့၏နယ်နိမိတ်မှာ မြောက်ဘက်ခြမ်းတွင် ဂျော်ဒန်မြစ်မှအစပြု၏။ ထိုမှ နယ်နိမိတ်သည် မြောက်ဘက်ဂျေရိခေါတောင်စောင်းတစ်လျှောက်သို့ တက်သွားပြီး အနောက်ဘက်တောင်ပေါ်ဒေသသို့ဆက်သွားကာ ဗေသဝင်တောကန္တာရတွင် ဆုံး၏။
18:13 တစ်ဖန် ထိုနယ်နိမိတ်သည် ဗေသလ ခေါ် လုဇမြို့သို့ရောက်၍ တောင်ဘက်ရှိလုဇတောင်စောင်းတစ်လျှောက်သို့ ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် အောက်ဗေသောရုန်မြို့၏တောင်ဘက် တောင်တန်းပေါ်ရှိ အတရုတ်အဒ္ဒါမြို့သို့ ဆင်းသွား၏။
18:14 အနောက်ဘက်ခြမ်းတွင် နယ်နိမိတ်သည် အနောက်ဘက်မှ တောင်ဘက်သို့ကွေ့သွား၏။ ထိုမှ တောင်ဘက်ဗေသောရုန်နှင့်မျက်နှာချင်းဆိုင်တောင်တန်းသို့ဆက်သွား၍ ယုဒအမျိုးသားတို့ပိုင်သော ကိရယတ်ဗာလ ခေါ် ကိရယတ်ယာရိမ်မြို့၌ ဆုံး၏။
18:15 တောင်ဘက်ခြမ်းတွင် နယ်နိမိတ်သည် ကိရယတ်ယာရိမ်မြို့စွန်မှ အနောက်ဘက်သို့ဆက်သွားပြီး နေဖတောစမ်းရေတွင်းသို့ ရောက်၏။
18:16 ထိုနယ်နိမိတ်သည် ရေဖိမ်ချိုင့်ဝှမ်းမြောက်ဘက်ရှိ ဗင်ဟိန္နုံချိုင့်ဝှမ်းနှင့်မျက်နှာချင်းဆိုင် တောင်ခြေသို့ရောက်ပြီး ဟိန္နုံချိုင့်ဝှမ်းသို့ ဆင်းသွား၏။ ထိုမှ တောင်ဘက်ယေဗုသိတောင်စောင်းအတိုင်း အင်္ရောဂေလအရပ်သို့ ဆင်းသွား၏။
18:17 ထိုမှ မြောက်ဘက်အရပ်သို့ကွေ့သွား၍ အင်ရှေမက်အရပ်သို့ရောက်၏။ ထိုမှ အဒုမ္မိမ်တောင်ကုန်းနှင့်မျက်နှာချင်းဆိုင် ဂေလိလုတ်အရပ်သို့ဆက်လာပြီး ရုဗင်အမျိုးသား ဗောဟန်၏ကျောက်တိုင်ရှိရာသို့ ရောက်၏။
18:18 ထိုမှ အရာဗလွင်ပြင်မြောက်ဘက်မျက်နှာချင်းဆိုင် တောင်စောင်းတစ်လျှောက် ဆက်ဆင်းလာပြီး အရာဗလွင်ပြင်သို့ ရောက်၏။
18:19 တစ်ဖန် ထိုနယ်နိမိတ်သည် မြောက်ဘက်ဗက်ဟောဂလအရပ်သို့ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် မြောက်ဘက်ဆားပင်လယ်ကွေ့၊ တောင်ဘက်ဂျော်ဒန်မြစ်ဝတွင် ဆုံး၏။ ဤရွေ့ကား တောင်ဘက်နယ်နိမိတ်ဖြစ်၏။
18:20 အရှေ့ဘက်ခြမ်းတွင် ဂျော်ဒန်မြစ်သည် နယ်နိမိတ်ဖြစ်၏။ ဤသည်ကား ဗင်္ယာမိန်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောအမွေမြေနယ်နိမိတ်အပိုင်းအခြားဖြစ်၏။
18:21 ဗင်္ယာမိန်အမျိုးအနွယ်တို့ မျိုးနွယ်စုအလိုက် ရရှိသောမြို့များမှာ ဂျေရိခေါမြို့၊ ဗေသောဂလမြို့၊ ဧမက္ကေဇဇ်မြို့၊
18:22 ဗေသရာဗမြို့၊ ဇေမရိမ်မြို့၊ ဗေသလမြို့၊
18:23 အာဝိမ်မြို့၊ ပါရမြို့၊ ဩဖရမြို့၊
18:24 ခေဖာဟာမောနဲမြို့၊ ဩဖနိမြို့၊ ဂေဗမြို့ စသည့်မြို့ပေါင်း တစ်ဆယ့်နှစ်မြို့နှင့်ရွာများ ပါ၏။
18:25 ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊
18:26 မိဇပါမြို့၊ ခေဖိရမြို့၊ မောဇမြို့၊
18:27 ရေကင်မြို့၊ ဣရပေလမြို့၊ တာရလမြို့၊
18:28 ဇေလမြို့၊ ဧလပ်မြို့၊ ဂျေရုဆလင် ခေါ် ယေဗုသိမြို့၊ ဂိဗာမြို့၊ ကိရယတ်မြို့ စသည့်မြို့ပေါင်း တစ်ဆယ့်လေးမြို့နှင့်ရွာများ ပါ၏။ ဤသည်ကား ဗင်္ယာမိန်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောအမွေမြေဖြစ်၏။