Joshua 4
4:1 လူအားလုံး ဂျော်ဒန်မြစ်ကို ဖြတ်ကူးပြီးသောအခါ ထာဝရဘုရားက ယောရှုအား
4:2 “အစ္စရေးလူမျိုးအပေါင်းတို့ထဲမှ မျိုးနွယ်တစ်နွယ်လျှင်တစ်ယောက်စီ၊ လူတစ်ဆယ့်နှစ်ယောက်ကို ခေါ်၍
4:3 သူတို့အား ‘ယဇ်ပုရောဟိတ်တို့ခြေချသောနေရာ ဂျော်ဒန်မြစ်အလယ်မှ ကျောက်တုံးတစ်ဆယ့်နှစ်တုံးကို ယူ၍ ထိုကျောက်တုံးတို့ကို သယ်လာပြီး ယနေ့ည သင်တို့စခန်းချမည့်နေရာ၌ ထားလော့’ဟူ၍ ပြောကြားလော့”ဟု မိန့်တော်မူ၏။
4:4 ယောရှုကလည်း မိမိခန့်အပ်ထားသောအစ္စရေးအမျိုးသားတို့ထဲမှ မျိုးနွယ်တစ်နွယ်လျှင်တစ်ယောက်စီ လူတစ်ဆယ့်နှစ်ယောက်ကို ခေါ်ပြီးလျှင်
4:5 ယောရှုက သူတို့အား “ဂျော်ဒန်မြစ်အလယ်ရှိ သင်တို့ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ရှေ့သို့ ကူးသွားပြီးလျှင် အစ္စရေးအမျိုးသားတို့၏မျိုးနွယ်အရေအတွက်နှင့်အညီ တစ်ယောက်လျှင် ကျောက်တုံးတစ်တုံးစီကိုယူ၍ ထမ်းလာကြလော့။
4:6 ဤကျောက်တုံးတို့သည် သင်တို့အတွက် အမှတ်သင်္ကေတဖြစ်လိမ့်မည်။ နောင်ကာလ၌ သင်တို့၏သားမြေးတို့က ‘ဤကျောက်တုံးများကား မည်သည့်အဓိပ္ပာယ် ဆောင်သနည်း’ဟု မေးမြန်းလျှင်
4:7 သင်တို့ကလည်း ဂျော်ဒန်မြစ်ရေသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့၌ ရပ်တန့်ခဲ့၏။ သေတ္တာတော်နှင့် ဂျော်ဒန်မြစ်ကိုကူးသောအခါ ဂျော်ဒန်မြစ်ရေသည် ရပ်တန့်ခဲ့၏။ ဤကျောက်တုံးတို့သည် ဤအဖြစ်ကို အစ္စရေးအမျိုးသားတို့ အစဉ်အမှတ်ရစေရန်အတွက်ဖြစ်သည်ဟု သူတို့အား ပြောပြရမည်”ဟု ဆိုလေ၏။
4:8 အစ္စရေးအမျိုးသားတို့ကလည်း ယောရှုမိန့်မှာသည့်အတိုင်းပြုကြ၏။ သူတို့သည် ယောရှုအား ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးအမျိုးသားတို့၏မျိုးနွယ်အရေအတွက်နှင့်အညီ ကျောက်တုံးတစ်ဆယ့်နှစ်တုံးကို ဂျော်ဒန်မြစ်လယ်မှယူပြီး မိမိတို့စခန်းချသောနေရာသို့ထမ်းလာ၍ ထိုနေရာ၌ထားကြ၏။
4:9 ယောရှုသည် ပဋိညာဉ်သေတ္တာကို ထမ်းရသောယဇ်ပုရောဟိတ်တို့ခြေချသောနေရာဖြစ်သော ဂျော်ဒန်မြစ်အလယ်၌ ကျောက်တုံးတစ်ဆယ့်နှစ်တုံးကို ချထားလေ၏။ ထိုကျောက်တုံးတို့သည် ယနေ့တိုင်အောင် ထိုနေရာ၌ရှိ၏။
4:10 ယောရှုအား မောရှေမိန့်မှာခဲ့သည်နှင့်အညီ၊ ထာဝရဘုရားက ယောရှုအား လူတို့ကိုဆင့်ဆိုစေသည့်အတိုင်း လုပ်ဆောင်ပြီးသည်အထိ သေတ္တာတော်ကိုထမ်းရသောယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်အလယ်၌ ရပ်နေကြ၏။ လူတို့သည်လည်း အလျင်အမြန်ကူးသွားကြ၏။
4:11 လူအပေါင်းတို့ကူးပြီးသောအခါ ထာဝရဘုရား၏သေတ္တာတော်နှင့်တကွ ယဇ်ပုရောဟိတ်တို့သည် လူတို့မျက်စိရှေ့တွင် ကူးလာကြ၏။
4:12 မောရှေမှာကြားခဲ့သည့်အတိုင်း ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားနှင့် မနာရှေမျိုးနွယ်တစ်ဝက်တို့သည် စစ်အခင်းအကျင်းနှင့်တကွ အစ္စရေးအမျိုးသားတို့၏ရှေ့မှ ကူးသွားကြ၏။
4:13 လူပေါင်းလေးသောင်းခန့် စစ်တိုက်ရန် စစ်လက်နက်စွဲကိုင်လျက် ထာဝရဘုရားမျက်မှောက်တော်၌ ဂျေရိခေါလွင်ပြင်သို့ ကူးသွားကြ၏။
4:14 ထိုနေ့တွင် ထာဝရဘုရားသည် ယောရှုကို အစ္စရေးအပေါင်းတို့၏ရှေ့၌ ချီးမြှောက်တော်မူ၏။ သူတို့သည် မောရှေကိုကြောက်ရွံ့ရိုသေသကဲ့သို့ ယောရှုအသက်ရှင်သမျှကာလပတ်လုံး သူ့ကိုကြောက်ရွံ့ရိုသေကြ၏။
4:15 တစ်ဖန် ထာဝရဘုရားက ယောရှုအား
4:16 “သက်သေခံချက်သေတ္တာတော်ကို ထမ်းရသောယဇ်ပုရောဟိတ်တို့ကို ဂျော်ဒန်မြစ်ထဲမှတက်လာစေလော့”ဟု မိန့်တော်မူ၏။
4:17 ထို့ကြောင့် ယောရှုက ယဇ်ပုရောဟိတ်တို့အား “ဂျော်ဒန်မြစ်မှ တက်လာကြလော့”ဟု ဆင့်ဆိုလေ၏။
4:18 ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထမ်းရသော ယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်အလယ်မှတက်လာ၍ ကုန်းမြေပေါ်တွင် ခြေချလိုက်သည်နှင့် ဂျော်ဒန်မြစ်ရေသည် ပြန်စီးလာ၍ ယခင်ကကဲ့သို့ ကမ်းတစ်လျှောက်လုံး ရေလျှံလေ၏။
4:19 လူတို့သည် ပထမလ၊ ဆယ်ရက်မြောက်နေ့တွင် ဂျော်ဒန်မြစ်မှ တက်လာကြပြီးနောက် ဂျေရိခေါမြို့အရှေ့ဘက်နယ်စပ်ရှိ ဂိလဂါလအရပ်တွင် စခန်းချကြ၏။
4:20 ယောရှုသည် ဂျော်ဒန်မြစ်မှ ယူဆောင်ခဲ့သောကျောက်တုံးတစ်ဆယ့်နှစ်တုံးကို ဂိလဂါလအရပ်တွင် ချထားပြီး
4:21 အစ္စရေးအမျိုးသားတို့အား “နောင်ကာလတွင် သင်တို့၏သားမြေးတို့က ‘ဤကျောက်တုံးများကား မည်သည့်အဓိပ္ပာယ်ဆောင်သနည်း’ဟု ဖခင်အား မေးကြလျှင်
4:22 သင်တို့ကလည်း ‘အစ္စရေးလူမျိုးတို့သည် ဂျော်ဒန်မြစ်ကို ဖြတ်ကူးစဉ်က ခြောက်သွေ့သောမြစ်ကြမ်းပြင်ပေါ်တွင် ဖြတ်ကူးခဲ့ရသည်’ဟု သင်တို့၏သားသမီးများအား ပြောပြရမည်။
4:23 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ပင်လယ်နီကို ငါတို့ကူးပြီးသည်အထိ ငါတို့မျက်စိရှေ့၌ ပင်လယ်ရေကိုခန်းခြောက်စေခဲ့သည့်နည်းတူ ထိုဘုရားသခင်ထာဝရဘုရားသည်ပင် ဂျော်ဒန်မြစ်ကို သင်တို့ကူးပြီးသည်အထိ သင်တို့မျက်စိရှေ့၌ ဂျော်ဒန်မြစ်ရေကိုခန်းခြောက်စေတော်မူခဲ့သည်မှာ
4:24 ထာဝရဘုရားသည် တန်ခိုးကြီးသောဘုရားဖြစ်သည်ကို မြေကြီးသားအားလုံးသိစေရန်နှင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို သင်တို့အစဉ်ကြောက်ရွံ့ရိုသေကြစေရန်ဖြစ်၏”ဟု ပြောကြား၏။