Joshua 8
8:1 တစ်ဖန် ထာဝရဘုရားက ယောရှုအား “မကြောက်နှင့်။ စိတ်မပျက်နှင့်။ စစ်သည်အပေါင်းတို့ကိုခေါ်ပြီး အာဣမြို့သို့ ထ၍စစ်ချီလော့။ ကြည့်ရှုလော့။ အာဣဘုရင်နှင့်တကွ သူ့လူ၊ သူ့မြို့၊ သူ့မြေကို သင့်လက်သို့ငါအပ်ပြီ။
8:2 သင်သည် ဂျေရိခေါမြို့နှင့် ဂျေရိခေါဘုရင်ကိုပြုသကဲ့သို့ အာဣမြို့နှင့်အာဣဘုရင်ကိုပြုရမည်။ ထိုမြို့မှ တိုက်ယူသောပစ္စည်းနှင့်တိရစ္ဆာန်တို့ကိုကား သင်တို့အဖို့ သိမ်းယူခွင့်ရှိ၏။ မြို့အနောက်ဘက်၌ ကင်းပုန်းချထားလော့”ဟု မိန့်တော်မူ၏။
8:3 ယောရှုနှင့်စစ်သည်အပေါင်းတို့သည်လည်း အာဣမြို့သို့ ထ၍စစ်ချီကြ၏။ ယောရှုသည် ရဲစွမ်းသတ္တိရှိသောစစ်သူရဲသုံးသောင်းကိုရွေးချယ်၍ သူတို့ကို ညအချိန်၌စေလွှတ်၍
8:4 သူတို့အား “သင်တို့သည် မြို့အနောက်ဘက် မြို့နှင့်မလှမ်းမကမ်းတွင်ကင်းပုန်းချ၍ သင်တို့အားလုံး အဆင်သင့်ရှိနေကြရမည်။
8:5 ငါနှင့် ငါ၌ရှိသောစစ်သည်အပေါင်းတို့သည် မြို့ကိုချဉ်းကပ်မည်။ သူတို့သည် ယခင်ကဲ့သို့ ငါတို့ကိုထွက်တိုက်လျှင် ငါတို့သည် သူတို့ရှေ့မှထွက်ပြေးမည်။
8:6 ငါတို့သည် သူတို့ရှေ့မှ ထွက်ပြေးသောအခါ သူတို့က ‘ဤလူတို့သည် ယခင်ကဲ့သို့ပင် ထွက်ပြေးကြပြီ’ဟု ထင်၍ ငါတို့နောက်သို့လိုက်ကြလိမ့်မည်။ ထိုအခါ ငါတို့သည် သူတို့ကိုမြို့နှင့်ဝေးဝေးမျှားခေါ်သွားမည်။
8:7 သင်တို့သည် ကင်းပုန်းချရာနေရာမှထွက်၍ မြို့ကိုသိမ်းပိုက်ရမည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့ကို သင်တို့လက်သို့အပ်တော်မူမည်။
8:8 သင်တို့သည် မြို့ကိုသိမ်းပြီးသည်နှင့် မီးရှို့ပစ်ရမည်။ ထာဝရဘုရား၏အမိန့်တော်အတိုင်း သင်တို့ပြုရမည်။ သင်တို့ကို ငါအမိန့်ပေးပြီ”ဟု မှာကြားလေ၏။
8:9 ထို့နောက် ယောရှုသည် စစ်သူရဲတို့ကိုစေလွှတ်သဖြင့် သူတို့သည် သွား၍ အာဣမြို့အနောက်ဘက်၊ ဗေသလမြို့နှင့်အာဣမြို့အကြား၌ ကင်းပုန်းချ၍ စောင့်နေကြ၏။ သို့သော် ထိုည၌ ယောရှုသည် စစ်သည်တို့နှင့်အတူနေရစ်ခဲ့၏။
8:10 ယောရှုသည် နံနက်စောစောထ၍ စစ်သည်တို့ကိုစုစည်းပြီး အစ္စရေးလူမျိုးသက်ကြီးဝါကြီးတို့နှင့်အတူ စစ်သည်တို့ရှေ့မှနေ၍ အာဣမြို့သို့ ချီတက်လေ၏။
8:11 သူနှင့် စစ်သည်အပေါင်းတို့ ချီတက်သွား၍ မြို့အနီးသို့ရောက်သောအခါ အာဣမြို့မြောက်ဘက်၌ စခန်းချကြ၏။ သူတို့နှင့် အာဣမြို့အကြား၌ ချိုင့်ဝှမ်းရှိ၏။
8:12 ယောရှုသည် စစ်သည်ငါးထောင်ခန့်ကိုခေါ်၍ အာဣမြို့အနောက်ဘက်၊ ဗေသလမြို့နှင့် အာဣမြို့အကြား၌ ကင်းပုန်းချထား၏။
8:13 ထိုသို့ စစ်သည်တို့ကိုနေရာချရာတွင် မြို့မြောက်ဘက်တွင် ပင်မတပ်၊ မြို့အနောက်ဘက်တွင် ကင်းပုန်းတပ်တို့ နေရာကျကြ၏။ ထိုညတွင် ယောရှုသည် ချိုင့်ဝှမ်းသို့ဆင်းသွား၏။
8:14 ထိုသို့တပ်ချလျက်ရှိသည်ကို အာဣဘုရင် သိမြင်သောအခါ သူနှင့်သူ၏မြို့သားစစ်သည်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ရန် ချိန်းချက်ထားသည့်အတိုင်း စောစောထ၍ အရာဗလွင်ပြင်အရှေ့ဘက်သို့ အလျင်အမြန်စစ်ချီထွက်လေ၏။ သို့ရာတွင် သူသည် မြို့အနောက်ဘက်၌ ကင်းပုန်းချထားကြောင်းကို မသိ။
8:15 ယောရှုနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည်လည်း စစ်ရှုံးဟန်ပြ၍ တောကန္တာရလမ်းအတိုင်း ပြေးကြလေ၏။
8:16 အစ္စရေးစစ်သည်တို့ကို လိုက်လံတိုက်ခိုက်ရန် မြို့ထဲရှိယောက်ျားအားလုံးကို ခေါ်သဖြင့် သူတို့သည် ယောရှုနောက်သို့လိုက်ကြရာ မြို့နှင့်ဝေးရာသို့ မျှားခေါ်သွားခြင်းခံရလေ၏။
8:17 အာဣမြို့၊ ဗေသလမြို့တို့၌ ယောက်ျားတစ်ယောက်မကျန် မြို့ကိုချန်ထား၍ အစ္စရေးစစ်သည်တို့နောက်သို့ လိုက်ကြ၏။
8:18 ထိုအခါ ထာဝရဘုရားက ယောရှုအား “သင်ကိုင်ထားသောလှံကို အာဣမြို့သို့ ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ ငါအပ်မည်”ဟု မိန့်တော်မူသဖြင့် ယောရှုသည် မိမိကိုင်ထားသောလှံကို ထိုမြို့သို့ ရွယ်လေ၏။
8:19 ထိုသို့ရွယ်လိုက်သောအခါ ကင်းပုန်းတို့သည် ကိုယ့်နေရာမှအလျင်အမြန်ထကာ မြို့ထဲသို့ ပြေးဝင်ကြ၏။ ထို့နောက် မြို့ကိုသိမ်း၍ ချက်ချင်းမီးရှို့ပစ်ကြ၏။
8:20 အာဣမြို့သားတို့သည် အနောက်သို့လှည့်ကြည့်သောအခါ မြို့ထဲမှမီးခိုးများ ကောင်းကင်သို့တက်နေသည်ကို မြင်၏။ ထိုအခါ မည်သည့်ဘက်သို့ ပြေးရမည်ကို မသိဖြစ်ကြ၏။ တောကန္တာရဘက်သို့ပြေးသွားသောစစ်သည်တို့ကလည်း အနောက်မှလိုက်သောသူတို့ထံ ပြန်လှည့်လာ၏။
8:21 ကင်းပုန်းတပ်က မြို့ကိုသိမ်းပြီး မြို့ထဲမှမီးခိုးထွက်လာသည်ကို ယောရှုနှင့်အစ္စရေးတပ်သားအပေါင်းတို့ မြင်သောအခါ ပြန်လှည့်လာ၍ အာဣမြို့သားတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။
8:22 ကင်းပုန်းတပ်ကလည်း မြို့ထဲမှထွက်လာ၍ အာဣစစ်သည်တို့ကို တိုက်လေ၏။ ထို့ကြောင့် သူတို့သည် အစ္စရေးစစ်သည်နှစ်ဖွဲ့ကြားတွင် ပိတ်မိလေ၏။ အစ္စရေးစစ်သည်တို့သည် အာဣစစ်သည်တို့ အသက်ရှင်ကျန်ရစ်သူ၊ ထွက်ပြေးလွတ်မြောက်သူ တစ်ယောက်မျှမရှိအောင် သတ်ဖြတ်လေ၏။
8:23 အာဣဘုရင်ကိုကား အရှင်ဖမ်း၍ ယောရှုထံ ခေါ်ဆောင်လာ၏။
8:24 အစ္စရေးစစ်သည်တို့သည် သူတို့ကိုတောကန္တာရကွင်းပြင်အထိ လိုက်လံတိုက်ခိုက်သည့်အာဣမြို့သားအပေါင်းတို့အား တစ်ယောက်မကျန်သတ်ဖြတ်၏။ ထိုသူတို့အားလုံး ဓားဖြင့်လဲကျသေဆုံးသွားပြီးနောက် အစ္စရေးစစ်သည်အပေါင်းတို့သည် အာဣမြို့သို့ တစ်ဖန်ပြန်လာ၍ ကျန်ရစ်သူတို့ကို ဓားဖြင့်သတ်ဖြတ်လေ၏။
8:25 ထိုနေ့၌ အာဣမြို့သား ယောက်ျား၊ မိန်းမ စုစုပေါင်း တစ်သောင်းနှစ်ထောင် ကျဆုံးလေ၏။
8:26 အာဣမြို့သားတို့ကို ချေမှုန်း၍မပြီးမချင်း ယောရှုသည် လှံရွယ်ထားသောလက်ကို မချ။
8:27 ယောရှုအား ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း အစ္စရေးစစ်သည်တို့သည် ထိုမြို့မှ တိရစ္ဆာန်နှင့် တိုက်ယူသောပစ္စည်းတို့ကို သိမ်းယူကြ၏။
8:28 ဤသို့ဖြင့် ယောရှုသည် အာဣမြို့ကို မီးရှို့ပစ်၍ ယနေ့တိုင် လူသူကင်းမဲ့ရာအပျက်အစီးပုံ ဖြစ်စေ၏။
8:29 အာဣဘုရင်ကို နေဝင်ချိန်တိုင်အောင် သစ်ပင်ပေါ်တွင် ချိတ်ဆွဲထား၏။ နေဝင်သောအခါ ယောရှုအမိန့်အတိုင်း လူတို့သည် အလောင်းကို သစ်ပင်မှချ၍ မြို့တံခါးဝတွင်ပစ်ထားပြီးလျှင် အလောင်းပေါ်တွင် ကျောက်ပုံကြီးပုံထား၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင် ရှိ၏။
8:30 ထို့နောက် ယောရှုသည် ဧဗလတောင်ပေါ်၌ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။
8:31 “ယဇ်ပလ္လင်ကို သံလက်နက်ကိရိယာ မသုံးဘဲ သဘာဝကျောက်တုံးများဖြင့်သာ တည်ရမည်”ဟု ထာဝရဘုရား၏အစေအပါးမောရှေက အစ္စရေးအမျိုးသားတို့အား မှာကြားခဲ့သည်နှင့်အညီ မောရှေ၏ပညတ်တရားကျမ်း၌ရေးသားထားသည့်အတိုင်း တည်၏။ ထို့နောက် ထိုယဇ်ပလ္လင်ပေါ်တွင် ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။
8:32 ထို့နောက် အစ္စရေးအမျိုးသားတို့ မျက်စိရှေ့တွင်ပင် မောရှေ၏ပညတ်တရားကျမ်းကို ကျောက်တုံးပေါ်တွင် ကူးရေးလေ၏။
8:33 အစ္စရေးလူမျိုးတို့အား ကောင်းချီးပေးမည့်အကြောင်း ထာဝရဘုရား၏အစေအပါးမောရှေက မိန့်မှာထားခဲ့သည့်အတိုင်း အစ္စရေးလူမျိုးအပေါင်းတို့သည် တိုင်းတစ်ပါးသားများ၊ အမျိုးသားချင်းများပါလျက် သက်ကြီးဝါကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တရားသူကြီးများနှင့်အတူ သေတ္တာတော်တစ်ဖက်တစ်ချက်၊ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းရသောလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ရှေ့၌ရပ်ကြ၏။ ဂေရဇိမ်တောင်အရှေ့တွင် တစ်ဝက်၊ ဧဗလတောင်အရှေ့တွင် တစ်ဝက် ရပ်နေကြ၏။
8:34 ထို့နောက် ယောရှုသည် ပညတ်တရားကျမ်း၌ရေးသားခဲ့သမျှအတိုင်း ကောင်းချီးမင်္ဂလာ၊ ကျိန်ခြင်းအမင်္ဂလာ တို့နှင့်ဆိုင်သောတရားစကားအလုံးစုံကို ဖတ်ကြားလေ၏။
8:35 မောရှေမိန့်မှာထားသောစကားတို့ကို မိန်းမ၊ ကလေးနှင့်တကွ အစ္စရေးလူမျိုးနှင့်အတူနေထိုင်သောတိုင်းတစ်ပါးသားတို့အပါအဝင် အစ္စရေးလူထုတစ်ရပ်လုံးရှေ့တွင် မဖတ်ဘဲထားခဲ့သောစကားတစ်ခွန်းမျှမရှိ။