1 Peter 1
1:1 ယေရှုခရစ်တော်၏တမန်တော်ငါပေတရုသည် ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှပြည်နှင့် ဗိသုနိပြည်အရပ်ရပ်တို့၌ ကွဲလွင့်ပျံ့နှံ့နေသည့်အာဂန္တုများတည်းဟူသော
1:2 ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။
1:3 ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ ကိုယ်တော်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်နှင့်အညီ ယေရှုခရစ်တော်၏သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ငါတို့ကို အသက်ရှင်သောမျှော်လင့်ခြင်းထဲသို့လည်းကောင်း၊
1:4 သင်တို့အတွက် ကောင်းကင်ဘုံ၌ထိန်းသိမ်းထားသည့် ယိုယွင်းပျက်စီးခြင်း၊ ညစ်ညူးခြင်းနှင့် မှေးမှိန်ခြင်းတို့မရှိသော အမွေတော်ထဲသို့လည်းကောင်း အသစ်တစ်ဖန်မွေးဖွားစေတော်မူ၏။
1:5 သင်တို့သည် နောက်ဆုံးသောကာလ၌ဖော်ပြရန် အသင့်ပြင်ဆင်ထားသောကယ်တင်ခြင်းအတွက် ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကိုခံရကြ၏။
1:6 သင်တို့သည် ယခုအချိန်တွင် စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကြောင့် ခေတ္တခဏဝမ်းနည်းရလျှင်လည်း အထက်၌ဆိုခဲ့ပြီးသောအကြောင်းကြောင့် ရွှင်မြူးခြင်းရှိကြ၏။
1:7 ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သော သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ရောက်မည့်အကြောင်းတည်း။
1:8 သင်တို့သည် ထိုသခင်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ထိုသခင်ကို ယခုမမြင်သော်လည်း ယုံကြည်ကြပြီး ပြော၍မမီနိုင်သောဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးလျက် ဘုန်းတော်ကိုချီးမွမ်းကြ၏။
1:9 ဤသည်ကား သင်တို့၏ယုံကြည်ခြင်းအကျိုးရလဒ်တည်းဟူသော စိတ်ဝိညာဉ်ကယ်တင်ခြင်းကို ရရှိကြသောကြောင့်ဖြစ်၏။
1:10 သင်တို့ခံစားရမည့်ကျေးဇူးတော်နှင့်ပတ်သက်၍ ဟောပြောခဲ့သည့်ပရောဖက်တို့သည် ထိုကယ်တင်ခြင်းအကြောင်းကို ရှာဖွေစူးစမ်းခဲ့ကြ၏။
1:11 သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်တော်သည် ခရစ်တော်၏ဒုက္ခဝေဒနာများနှင့် ထိုဝေဒနာများနောက်တွင်ဖြစ်လာမည့် ဘုန်းအသရေတို့အကြောင်းကို ကြိုတင်သက်သေခံသောအခါ မည်သူ၊ သို့မဟုတ် မည်သည့်အချိန်ကိုဆိုလိုကြောင်း သူတို့စူးစမ်းလေ့လာကြ၏။
1:12 ထိုအခါ သူတို့ပြုစုသောအရာတို့သည် မိမိတို့အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အားဖွင့်ပြတော်မူ၏။ ယခု ထိုအရာတို့သည် ကောင်းကင်ဘုံမှစေလွှတ်ခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သောသတင်းကိုဟောပြောသောသူများမှတစ်ဆင့် သင်တို့ထံ ဖော်ပြခြင်းခံရပြီ။ ကောင်းကင်တမန်တို့ပင်လျှင် ထိုအရာတို့ကိုကြည့်ရှုရန် အလွန်အလိုရှိကြ၏။
1:13 သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးကို အသင့်ပြင်ဆင်ထားလျက် သမ္မာသတိရှိကြလော့။ ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအခါ သင်တို့ထံသို့ သက်ရောက်လာမည့်ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။
1:14 ယခင် သင်တို့မသိနားမလည်စဉ်က လိုက်ခဲ့သောတပ်မက်မှုများနောက်သို့ ယခုမလိုက်ကြဘဲ နာခံမှုရှိသောသားသမီးများကဲ့သို့ဖြစ်၍
1:15 သင်တို့ကိုခေါ်ယူတော်မူသောအရှင်သည် သန့်ရှင်းတော်မူသည့်နည်းတူ သင်တို့ကိုယ်တိုင်လည်း အသက်ရှင်နေထိုင်မှုရှိသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။
1:16 အဘယ်ကြောင့်ဆိုသော် “ငါသည် သန့်ရှင်းသောကြောင့် သင်တို့သည် သန့်ရှင်းခြင်းရှိကြရမည်” ဟု ရေးထား၏။
1:17 သင်တို့သည် လူတို့အား မျက်နှာလိုက်ခြင်းမရှိဘဲ တစ်ဦးစီတို့ပြုသောအမှုအတိုင်း တရားစီရင်တော်မူသောအရှင် ကို အဖဟုခေါ်ကြလျှင် ဤလောကတွင် ဧည့်သည်အဖြစ်နေထိုင်စဉ်ကာလတစ်လျှောက်လုံး ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အသက်ရှင်နေထိုင်ကြလော့။
1:18 အကြောင်းမူကား သင်တို့သည် ဘိုးဘေးများထံမှဆက်ခံသည့် သင်တို့၏အချည်းနှီးသောအသက်ရှင်နေထိုင်မှုထဲမှ ရွေးနုတ်ကယ်တင်ခြင်းခံရသည်မှာ ရွှေ၊ ငွေ စသောယိုယွင်းပျက်စီးတတ်သည့်အရာများအားဖြင့်မဟုတ်ဘဲ
1:19 အစွန်းအထင်းကင်းလျက် အပြစ်အနာအဆာမရှိသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အဖိုးတန်သောသွေးတော်အားဖြင့်ဖြစ်ကြောင်း သင်တို့သိကြ၏။
1:20 ကိုယ်တော်သည် ကမ္ဘာမတည်မရှိမီကပင် သိမှတ်ခွဲခန့်ထားခြင်းခံရသော်လည်း ဤနောက်ဆုံးသောအချိန်ကာလ၌ သင်တို့အတွက်ပေါ်ထွန်းတော်မူ၏။
1:21 ကိုယ်တော်အား သေသောသူတို့ထဲမှ ထမြောက်စေ၍ ဘုန်းအသရေပေးတော်မူသောဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့သည် ဘုရားသခင်ထဲ၌တည်ရှိကြ၏။
1:22 သင်တို့သည် သမ္မာတရားကိုနာခံခြင်းအားဖြင့် သင်တို့၏စိတ်ဝိညာဉ်များကို သန့်ရှင်းစင်ကြယ်စေပြီး ဟန်ဆောင်မှုကင်းသည့် ညီအစ်ကိုချင်းချစ်သောမေတ္တာကိုရရှိကြသည်ဖြစ်၍ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းခိုင်မြဲစွာချစ်ကြလော့။
1:23 သင်တို့သည် ယိုယွင်းပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့်မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်တည်မြဲသည့် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားစေခြင်းကိုခံရကြပြီ။
1:24 အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဘုန်းအသရေရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွား၍ အပွင့်သည်လည်း ကြွေတတ်၏။
1:25 ထာဝရဘုရား၏နှုတ်ကပတ်တော်မူကား ကာလအစဉ်အဆက်တည်၏။ ဤနှုတ်ကပတ်တော်သည် သင်တို့အားဟောပြောသည့် ကောင်းမြတ်သောသတင်းပင်ဖြစ်၏။