2 John 1
1:1 သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ငါချစ်သည့် ရွေးကောက်ခံရသော ဂုဏ်သရေရှိအမျိုးသမီးနှင့် သူ၏သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ငါတစ်ဦးတည်းသာ ချစ်သည်မဟုတ်။ သမ္မာတရားကိုသိသောသူအပေါင်းတို့သည်လည်း သင်တို့ကိုချစ်ကြ၏။
1:2 ဤသို့ ငါတို့ချစ်ကြသည်မှာ ငါတို့၌တည်နေ၍ ငါတို့နှင့်အတူ ကာလအစဉ်အဆက်ရှိမည့် သမ္မာတရားကြောင့်ဖြစ်၏။
1:3 ခမည်းတော်ဘုရားသခင်ထံမှလည်းကောင်း၊ ခမည်းတော်၏သားတော် ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သမ္မာတရားနှင့်ချစ်ခြင်းမေတ္တာတို့ကိုအမှီပြုလျက် ငါတို့ ၌ရှိပါစေသော။
1:4 သင်၏သားသမီးအချို့တို့သည် ခမည်းတော်ဘုရားထံမှ ငါတို့ခံယူရရှိသောပညတ်တော်အတိုင်း သမ္မာတရား၌ အသက်ရှင်လျှောက်လှမ်းနေကြသည်ကို တွေ့ရသဖြင့် ငါအလွန်ဝမ်းမြောက်၏။
1:5 သို့ဖြစ်၍ ဂုဏ်သရေရှိအမျိုးသမီး၊ ပညတ်တော်အသစ်မဟုတ်ဘဲ အစအဦးကပင် ငါတို့၌ရှိသောပညတ်တော်ကို သင့်ထံရေးသားလျက် ငါတို့အချင်းချင်းချစ်ကြစို့ဟု ယခု သင့်အား ငါတောင်းပန်၏။
1:6 ချစ်ခြင်းမေတ္တာဆိုသည်မှာ ကိုယ်တော်၏ပညတ်တော်အတိုင်း အသက်ရှင်လျှောက်လှမ်းခြင်းဖြစ်၏။ ထိုပညတ်တော်သည်ကား အစအဦးကပင် သင်တို့ကြားရသည့်အတိုင်း ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းခြင်းဖြစ်၏။
1:7 အကြောင်းမူကား ယေရှုခရစ်တော်သည် လူသားအဖြစ်ဖြင့်ကြွလာတော်မူခဲ့သည်ကို ဝန်မခံသောသူဖြစ်သည့် လှည့်ဖြားသောသူများစွာတို့သည် ဤလောက၌ပေါ်လာကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်ပြီး ခရစ်တော်ကိုဆန့်ကျင်အန်တုသူလည်းဖြစ်၏။
1:8 သင်တို့သည် ငါတို့လုပ်ဆောင်ခဲ့သောအရာကိုမဆုံးရှုံးစေဘဲ အကျိုးကျေးဇူးကိုအပြည့်အဝခံစားရစေရန် မိမိတို့ကိုယ်ကိုသတိပြုကြလော့။
1:9 ခရစ်တော်၏သွန်သင်ချက်၌မတည်ဘဲ ၎င်းကိုကျော်လွန်သောသူ တိုင်းသည် ဘုရားသခင်ကိုမရရှိပေ။ ထိုသွန်သင်ချက်၌တည်သောသူသည် ခမည်းတော်နှင့်သားတော်ကိုရရှိ၏။
1:10 ဤသွန်သင်ချက်မပါသောသူသည် သင်တို့ထံသို့လာလျှင် သူ့ကို အိမ်၌လက်မခံကြနှင့်။ နှုတ်ခွန်းလည်းမဆက်ကြနှင့်။
1:11 အကြောင်းမူကား ထိုသို့သောသူကိုနှုတ်ခွန်းဆက်လျှင် သူ၏ဆိုးညစ်သောအမှု၌ ပါဝင်ရာရောက်၏။
1:12 သင်တို့ထံ ငါရေးစရာများစွာရှိသော်လည်း စက္ကူနှင့်မင်ဖြင့်ငါမရေးလိုပေ။ ငါတို့၏ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်မည့်အကြောင်း သင်တို့ထံသို့လာ၍ မျက်နှာချင်းဆိုင်စကားပြောဆိုရန် ငါမျှော်လင့်ထား၏။
1:13 ရွေးကောက်ခံရသော သင့်ညီမ၏သားသမီးတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။