Revelation 1
1:1 ဤသည်ကား ယေရှုခရစ်တော်၏ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိ၏အစေအပါးတို့အားပြသရန် ခရစ်တော်၌ ဘုရားသခင်ပေးအပ်တော်မူသောအရာဖြစ်၏။ ခရစ်တော်သည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်၍ မိမိအစေအပါးယောဟန်အား ဤဗျာဒိတ်တော်အရိပ်အယောင်ကို ဖော်ပြတော်မူ၏။
1:2 ယောဟန်သည်လည်း သူတွေ့မြင်သမျှသော ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှုခရစ်တော်နှင့်ဆိုင်သည့် သက်သေခံချက်တို့ကို သက်သေခံလေ၏။
1:3 အချိန်နီးကပ်ပြီဖြစ်၍ ဤပရောဖက်ပြုဟောပြောသောစကားကို ဖတ်ကြားသောသူနှင့် ဤစကားကိုကြားနာ၍ ၎င်းတွင်ရေးထားသောအရာများကို လိုက်နာစောင့်ထိန်းသောသူတို့သည် မင်္ဂလာရှိကြ၏။
1:4 ငါယောဟန်သည် အာရှပြည်ရှိ အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့်အရှင် ထံမှလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊
1:5 သစ္စာရှိသောသက်သေ၊ သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူ၊ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့ကိုအုပ်ချုပ်သူ ဖြစ်တော်မူသော ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်တော်မူ၍ မိမိ၏သွေးတော်အားဖြင့် ငါတို့အပြစ်များမှ ငါတို့ကိုဖြေလွှတ် ကာ
1:6 ငါတို့အား နိုင်ငံတော် ဖြစ်စေလျက် မိမိခမည်းတော်ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသောအရှင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင် ။
1:7 ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင် ။
1:8 ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏”ဟု မိန့်တော်မူ၏။
1:9 ယေရှု ၌ဆင်းရဲဒုက္ခကိုလည်းကောင်း၊ နိုင်ငံတော်ကိုလည်းကောင်း၊ သည်းခံခြင်းကိုလည်းကောင်း သင်တို့နှင့်အတူ မျှဝေခံစားသူဖြစ်သော သင်တို့၏ညီအစ်ကို ငါယောဟန်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှု နှင့်ဆိုင်သောသက်သေခံချက်တို့ကြောင့် ပတ်မုဟုခေါ်သောကျွန်းတွင်ရောက်နေ၏။
1:10 သခင်ဘုရား၏နေ့တွင် ငါသည် ဝိညာဉ်တော်၌ရှိစဉ် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ငါ့နောက်၌ကြားရ၏။
1:11 ထိုအသံက “သင်မြင်ရသောအရာကို စာစောင်တွင်ရေးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နှင့် လောဒိကိမြို့တို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့” ဟု ဆို၏။
1:12 ထိုအခါ ငါသည် ငါ့အားမြွက်ဆိုသောအသံပိုင်ရှင်ကိုတွေ့မြင်ရန် လှည့်ကြည့်လိုက်၏။ ထိုသို့လှည့်ကြည့်လိုက်ရာ ရွှေဆီမီးခုံခုနစ်ခုနှင့်
1:13 ထိုဆီမီးခုံများ အလယ်၌ ခြေဖျားတိုင်အောင်ရောက်သောဝတ်ရုံကိုဝတ်ဆင်လျက် ရင်ဘတ်၌ ရွှေရင်စည်းကိုစည်းထားသည့် လူ့သားနှင့်တူသောသူတစ်ဦးကို ငါမြင်ရ၏။
1:14 ထိုသူ၏ဦးခေါင်းနှင့်ဆံပင်တို့သည် ဖြူသောသိုးမွေးကဲ့သို့လည်းကောင်း၊ နှင်းပွင့်ကဲ့သို့လည်းကောင်း ဖြူ၍ သူ၏မျက်စိတို့သည် မီးလျှံကဲ့သို့ဖြစ်ကြ၏။
1:15 သူ၏ခြေတို့သည် မီးပြင်းဖိုတွင်ချွတ်၍သန့်စင်ထားသည့် တောက်ပသောကြေးဝါနှင့်တူ၍ သူ၏အသံသည် များစွာသောရေဟုန်၏အသံကဲ့သို့ဖြစ်၏။
1:16 သူ၏လက်ယာလက်တွင် ကြယ်ခုနစ်လုံးရှိ၍ အသွားနှစ်ဖက်ပါသည့် ထက်သောသန်လျက်သည် သူ၏ခံတွင်းထဲမှ ထွက်နေ၏။ သူ၏မျက်နှာသည် မိမိအရှိန်အဝါဖြင့် ထွန်းလင်းနေသောနေကဲ့သို့ဖြစ်၏။
1:17 ငါသည် ထိုသူကိုမြင်ရသောအခါ သူ၏ခြေရင်း၌လဲကျ၍ လူသေကဲ့သို့ဖြစ်၏။ ထိုအခါ သူသည် ငါ့အပေါ်၌ သူ၏လက်ယာလက်ကိုတင်လျက် “မကြောက်နှင့်။ ငါသည် အဦးဆုံးနှင့်နောက်ဆုံးဖြစ်၏။
1:18 အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် သေခဲ့၏။ သို့သော် ကြည့်ရှုလော့။ ငါသည် ကမ္ဘာအဆက်ဆက်အသက်ရှင်လျက်ရှိ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့၏သော့များကိုလည်း ငါကိုင်ထား၏။
1:19 ထို့ကြောင့် သင်မြင်ခဲ့ရသောအရာများ၊ ယခုဖြစ်နေသောအရာများနှင့် နောင်တွင်ဖြစ်ပျက်တော့မည့်အရာများကို ရေးထားလော့။
1:20 ငါ၏လက်ယာလက်တွင် သင်မြင်ရသော ကြယ်ခုနစ်လုံးနှင့်ရွှေဆီမီးခုံခုနစ်ခုတို့၏လျှို့ဝှက်နက်နဲသောအဓိပ္ပာယ်မှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏စေတမန်များဖြစ်ကြပြီး ဆီမီးခုံခုနစ်ခုသည် အသင်းတော်ခုနစ်ပါးဖြစ်ကြ၏။