Revelation 20
20:1 ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် အတိုင်းမသိနက်ရှိုင်းရာအရပ်၏သော့နှင့် ကြီးမားသောသံကြိုးတို့ကို မိမိလက်၌ကိုင်ထားလျက် ကောင်းကင်မှဆင်းသက်လာသည်ကို ငါမြင်ရ၏။
20:2 သူသည် မာရ်နတ်စာတန်ဖြစ်သည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကိုဖမ်းလျက် အနှစ်တစ်ထောင်ချည်နှောင်ထား၍
20:3 အနှစ်တစ်ထောင်ကုန်ဆုံးသည်အထိ လူများတို့ကို နောက်ထပ်မလှည့်ဖြားနိုင်ရန် သူ့ကို အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲသို့ပစ်ချလျက် ပိတ်လှောင်ကာ အပေါ်မှတံဆိပ်ခတ်ထားလေ၏။ ထိုအချိန်ကာလများပြီးမှ သူ့ကို ခေတ္တခဏလွှတ်ပေးရမည်ဖြစ်၏။
20:4 ထို့နောက် ပလ္လင်များနှင့် ၎င်းတို့အပေါ်တွင်ထိုင်နေသောသူတို့ကို ငါမြင်ရ၏။ ထိုသူတို့သည် တရားစီရင်ခွင့်ကိုရကြ၏။ တစ်ဖန် ယေရှုနှင့်ဆိုင်သောသက်သေခံချက်အတွက်လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်အတွက်လည်းကောင်း ခေါင်းဖြတ်ခံရသောသူတို့၏ဝိညာဉ်များမှစ၍ သားရဲနှင့်သားရဲ၏ရုပ်တုကိုမကိုးကွယ်၊ သူ၏အမှတ်တံဆိပ်ကိုလည်း မိမိတို့၏နဖူး၊ သို့မဟုတ် လက်တွင် မခံယူသောသူတို့ကို ငါမြင်ရ၏။ သူတို့သည် အသက်ပြန်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူစိုးစံကြ၏။
20:5 အခြားသောသေလွန်သူတို့သည် အနှစ်တစ်ထောင်ကုန်ဆုံးသည်အထိ အသက်ပြန်မရှင်ကြပေ။ ဤသည်ကား ပထမရှင်ပြန်ထမြောက်ခြင်းဖြစ်၏။
20:6 ပထမရှင်ပြန်ထမြောက်ခြင်း၌ပါသောသူသည် မင်္ဂလာရှိသူ၊ သန့်ရှင်းသူဖြစ်၏။ ဒုတိယသေခြင်းသည် သူတို့အပေါ်မည်သည့်အခွင့်အာဏာမျှမရှိ။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ယဇ်ပုရောဟိတ်များဖြစ်ကြပြီး ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်စိုးစံကြလိမ့်မည်။
20:7 ထိုအနှစ်တစ်ထောင်ကုန်ဆုံးသောအခါ စာတန်သည် သူချုပ်နှောင်ခံရရာအကျဉ်းထောင်မှ လွှတ်ပေးခြင်းခံရ၍
20:8 ကမ္ဘာမြေကြီးလေးမျက်နှာရှိ လူမျိုးများဖြစ်ကြသည့် ဂေါဂ၊ မာဂေါဂကိုလှည့်ဖြားရန်နှင့် စစ်ပွဲအတွက် သူတို့ကိုစုဝေးစေရန် ထွက်သွားလိမ့်မည်။ သူတို့၏အရေအတွက်သည် သမုဒ္ဒရာသဲပွင့်များနှင့်အမျှရှိကြ၏။
20:9 သူတို့သည် ကမ္ဘာမြေကြီး၏ကျယ်ပြန့်သောအရပ်သို့ချီတက်လာ၍ သန့်ရှင်းသူတို့၏စခန်းနှင့် ချစ်တော်မူသောမြို့ကို ဝိုင်းကြ၏။ ထိုအခါ ကောင်းကင်မှ မီးကျလာ၍ သူတို့ကိုလောင်ကျွမ်းလေ၏။
20:10 သူတို့ကိုလှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့်ပရောဖက်အတုအယောင်တို့ရှိရာ ကန့်နှင့်ရောသောမီးအိုင်ထဲသို့ ပစ်ချခြင်းခံရ၏။ သူတို့သည် ထိုနေရာ၌ နေ့ရောညပါ ကမ္ဘာအဆက်ဆက် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်။
20:11 ထို့နောက် ဖြူသောပလ္လင်ကြီးနှင့် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကို ငါမြင်ရ၏။ ကောင်းကင်နှင့်မြေကြီးသည် ထိုအရှင်၏မျက်မှောက်မှ ပျောက်လွင့်သွား၍ ၎င်းတို့အတွက်နေရာမရှိတော့ပေ။
20:12 တစ်ဖန် သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ရပ်နေကြသည်ကို ငါမြင်ရ၏။ စာစောင်များကိုဖွင့်ထား၍ အသက်စာစောင်တည်းဟူသော အခြားသောစာစောင်ကိုလည်းဖွင့်ထား၏။ သေလွန်သောသူတို့သည် ထိုစာစောင်များတွင်ရေးထားသည့်အတိုင်း မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။
20:13 ပင်လယ်သည် မိမိ၌ရှိသောလူသေတို့ကို ပေးအပ်လေ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့သည်လည်း မိမိ၌ရှိသောလူသေတို့ကို ပေးအပ်ကြ၏။ ထိုအခါ လူအသီးသီးတို့သည် မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။
20:14 ထို့နောက် သေခြင်းနှင့်မရဏာနိုင်ငံတို့သည် မီးအိုင်ထဲသို့ ပစ်ချခြင်းခံရကြ၏။ ဤမီးအိုင် သည် ဒုတိယသေခြင်းဖြစ်၏။
20:15 အသက်စာစောင်၌ စာရင်းမဝင်သောသူရှိသမျှတို့သည်လည်း မီးအိုင်ထဲသို့ ပစ်ချခြင်းခံရကြ၏။