Revelation 22
22:1 ထို့နောက် ကောင်းကင်တမန်သည် ကျောက်သလင်းကဲ့သို့ကြည်လင်တောက်ပသော အသက်ရေစီးရာမြစ်ကို ငါ့အားပြလေ၏။ ထိုမြစ်သည် ဘုရားသခင်နှင့်သိုးသငယ်တော်၏ပလ္လင်တော်မှ ထွက်၍
22:2 မြို့၏လမ်းမအလယ်တစ်လျှောက် စီးဆင်းနေ၏။ မြစ်၏တစ်ဖက်တစ်ချက်စီ၌ကား အသီးတစ်ဆယ့်နှစ်မျိုးသီး၍ မိမိအသီးကို လစဉ်ပေးတတ်သည့်အသက်ပင်ရှိ၏။ ထိုအပင်မှ အရွက်များသည်လည်း လူမျိုးတကာတို့၏ကျန်းမာခြင်းအတွက်ဖြစ်၏။
22:3 ကျိန်ခြင်းခံရသောအရာတစ်စုံတစ်ခုမျှ ရှိတော့မည်မဟုတ်။ ဘုရားသခင်နှင့်သိုးသငယ်တော်၏ပလ္လင်တော်သည် ထိုမြို့တွင်ရှိ၍ ကိုယ်တော်၏အစေအပါးတို့သည် ကိုယ်တော်ကိုဝတ်ပြုကြလိမ့်မည်။
22:4 သူတို့သည် ကိုယ်တော်၏မျက်နှာကိုဖူးမြင်ရကြလိမ့်မည်။ ကိုယ်တော်၏နာမတော်သည်လည်း သူတို့၏နဖူးပေါ်၌ရှိလိမ့်မည်။
22:5 ညသည် ရှိတော့မည်မဟုတ်။ ထာဝရအရှင်ဘုရားသခင်သည် သူတို့အပေါ်ထွန်းလင်းတော်မူသည်ဖြစ်၍ ဆီမီး၏အလင်းနှင့်နေ၏အလင်းတို့ မလိုအပ်တော့ပေ။ သူတို့သည် ကမ္ဘာအဆက်ဆက်စိုးစံကြလိမ့်မည်။
22:6 ထို့နောက် ကောင်းကင်တမန်က “ဤစကားတို့သည် သစ္စာစကား၊ မှန်ကန်သောစကားဖြစ်ကြ၏။ ပရောဖက်တို့၏ဝိညာဉ်များကိုပိုင်သတော်မူသော ထာဝရအရှင်ဘုရားသခင်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိအစေအပါးတို့အားပြသရန် မိမိ၏ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏”ဟု မြွက်ဆိုလေ၏။
22:7 “ကြည့်ရှုလော့။ ငါသည်အလျင်အမြန်လာမည်။ ဤစာစောင်ထဲမှ ပရောဖက်ပြုဟောပြောသောစကားတို့ကို လိုက်နာစောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏။”
22:8 ငါယောဟန်သည် ဤအကြောင်းအရာများကို မြင်ရကြားရသောသူဖြစ်၏။ ငါသည် မြင်ရကြားရသောအခါ ၎င်းတို့ကို ငါ့အားပြသသော ကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ ပျပ်ဝပ်လေသော်
22:9 သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ သင့်ညီအစ်ကိုများဖြစ်ကြသည့် ပရောဖက်များနှင့် ဤစာစောင်၌ပါသောစကားတို့ကို လိုက်နာစောင့်ထိန်းသောသူများ၏အစေအပါးချင်းဖြစ်၏။ ဘုရားသခင်ကိုရှိခိုးလော့”ဟု ဆို၏။
22:10 တစ်ဖန် သူက “ဤစာစောင်ထဲမှ ပရောဖက်ပြုဟောပြောသောစကားတို့ကို ချိပ်ပိတ်မထားနှင့်။ အကြောင်းမူကား အချိန်နီးကပ်လာလေပြီ။
22:11 မတရားသဖြင့်ပြုသောသူသည် ဆက်၍မတရားသဖြင့်ပြုပါစေ။ ညစ်ညူးသောသူသည် ဆက်၍ညစ်ညူးလျက်နေပါစေ။ ဖြောင့်မတ်သောသူသည် ဆက်၍ဖြောင့်မတ်သောအမှုကိုပြုပါစေ။ သန့်ရှင်းသောသူသည် ဆက်၍သန့်ရှင်းခြင်းရှိပါစေ”ဟု ငါ့အားဆို၏။
22:12 “ကြည့်ရှုလော့။ ငါသည်အလျင်အမြန်လာမည်။ ငါပေးမည့်အကျိုးအပြစ်ကိုယူဆောင်လာ၍ လူအသီးသီးတို့အား မိမိတို့ပြုသောအမှုအတိုင်း ငါပေးဆပ်မည်။
22:13 ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏။ အဦးဆုံးနှင့်နောက်ဆုံးဖြစ်၏။ အစနှင့်အဆုံးဖြစ်၏။
22:14 မိမိတို့၏ဝတ်လုံများကိုလျှော်ဖွပ်၍ အသက်ပင်နှင့်သက်ဆိုင်ရသောအခွင့်ကိုရရှိကာ တံခါးများမှ မြို့ထဲသို့ဝင်ခွင့်ကိုရရှိသောသူတို့သည် မင်္ဂလာရှိကြ၏။
22:15 အပြင်၌ကား ခွေးများ၊ ပြုစားသောသူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ လူသတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ရှိကြ၏။
22:16 ငါယေရှုသည် အသင်းတော်များအတွက် ဤအကြောင်းအရာများကို သင်တို့အားသက်သေခံရန် ငါ၏ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အမြစ်နှင့်အမျိုးအနွယ်ဖြစ်ပြီး တောက်ပသောမိုးသောက်ကြယ်ဖြစ်၏။”
22:17 ဝိညာဉ်တော်နှင့်သတို့သမီးတို့က “ကြွလာတော်မူပါ”ဟု ဆိုကြ၏။ ကြားနာသောသူကလည်း “ကြွလာတော်မူပါ”ဟု ဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ယူပါစေ။
22:18 ဤစာစောင်၌ပါသည့် ပရောဖက်ပြုဟောပြောသောစကားတို့ကို ကြားရသူတိုင်းအား ငါသက်သေခံသည်ကား မည်သူမဆို ၎င်းတို့အပေါ် ထပ်မံဖြည့်စွက်လျှင် ဘုရားသခင်သည် ဤစာစောင်၌ရေးထားသောဘေးဒဏ်များကို ထိုသူအပေါ်၌ သက်ရောက်စေတော်မူလိမ့်မည်။
22:19 မည်သူမဆို ဤပရောဖက်ပြုဟောပြောသောစာစောင်ထဲမှ စကားလုံးများကိုနုတ်ပယ်လျှင် ဤစာစောင်၌ရေးထားသောအသက်ပင်မှလည်းကောင်း၊ သန့်ရှင်းသောမြို့တော်မှလည်းကောင်း ထိုသူရမည့်ဝေစုကို ဘုရားသခင်သည်နုတ်ပယ်တော်မူလိမ့်မည်။
22:20 ဤအကြောင်းအရာများကို သက်သေခံသောအရှင်က “မှန်ပေ၏။ ငါသည်အလျင်အမြန်လာမည်” ဟု မိန့်တော်မူ၏။ အာမင် ။ သခင်ယေရှု၊ ကြွလာတော်မူပါ။
22:21 သခင်ယေရှု ၏ကျေးဇူးတော်သည် သန့်ရှင်းသူအပေါင်းတို့နှင့်အတူရှိပါစေသော။ အာမင် ။