Revelation 5
5:1 ထို့နောက် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်၏လက်ယာလက်၌ အတွင်းအပြင်နှစ်ဖက်စလုံးတွင် စာများရေးထားပြီး တံဆိပ်ခုနစ်ခုဖြင့်ခတ်နှိပ်ထားသော စာလိပ်တစ်လိပ်ရှိသည်ကို ငါမြင်ရ၏။
5:2 ထိုအခါ ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးက “မည်သူသည် စာလိပ်ကိုဖွင့်၍ ၎င်း၏တံဆိပ်များကိုခွာထိုက်သနည်း”ဟု ကျယ်လောင်သောအသံနှင့် ကြွေးကြော်နေသည်ကို ငါမြင်ရ၏။
5:3 သို့သော် ကောင်းကင်၌ဖြစ်စေ၊ မြေကြီးပေါ်၌ဖြစ်စေ၊ မြေကြီးအောက်၌ဖြစ်စေ စာလိပ်ကိုဖွင့်ရန်၊ သို့မဟုတ် ကြည့်ရန် တတ်နိုင်သူတစ်စုံတစ်ဦးမျှမရှိ။
5:4 ထိုစာလိပ်ကိုဖွင့်ရန် ၊ သို့မဟုတ် ကြည့်ရန် ထိုက်တန်သူတစ်စုံတစ်ဦးမျှမတွေ့ရသောကြောင့် ငါသည် သည်းထန်စွာငိုကြွေး၏။
5:5 ထိုအခါ သက်ကြီးဝါကြီးများထဲမှတစ်ပါးက “မငိုကြွေးနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်မှပေါ်ထွန်းသောခြင်္သေ့၊ ဒါဝိဒ်၏အမြစ်ဖြစ်တော်မူသောအရှင်သည် အောင်မြင်သဖြင့် ထိုစာလိပ်နှင့်တံဆိပ်ခုနစ်ခုကိုဖွင့်နိုင်၏”ဟု ငါ့အားပြောဆို၏။
5:6 ထို့နောက် အသေသတ်ခြင်းခံခဲ့ရပုံပေါ်သော သိုးသငယ်တော်သည် ပလ္လင်တော်နှင့်သတ္တဝါလေးပါးတို့၏အကြား၊ သက်ကြီးဝါကြီးတို့၏အလယ်၌ ရပ်လျက်နေသည်ကို ငါမြင်ရ၏။ ထိုသိုးသငယ်တော်၌ ဦးချိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံးရှိ၏။ ထိုမျက်စိတို့သည် မြေကြီးတစ်ပြင်လုံးသို့စေလွှတ်ခြင်းခံရသော ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်ကြ၏။
5:7 သိုးသငယ်တော်သည် လာ၍ ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်၏လက်ယာလက်မှ စာလိပ်ကိုယူလေ၏။
5:8 ထိုသို့ စာလိပ်ကိုယူလိုက်သောအခါ သတ္တဝါလေးပါးတို့နှင့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် စောင်းများကိုလည်းကောင်း၊ သန့်ရှင်းသူတို့၏ဆုတောင်းချက်များဖြစ်ကြသော နံ့သာပေါင်းနှင့်ပြည့်နေသည့် ရွှေဖလားများကိုလည်းကောင်း အသီးသီးကိုင်ဆောင်လျက် သိုးသငယ်တော်ရှေ့၌ ပျပ်ဝပ်ကြ၏။
5:9 ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး
5:10 သူတို့ကို အကျွန်ုပ်တို့၏ဘုရားသခင်အတွက် နိုင်ငံတော်တစ်ခု နှင့် ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသဖြင့် သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အုပ်စိုးရကြလိမ့်မည်”ဟု ဆိုကြ၏။
5:11 ထို့နောက် ငါကြည့်လိုက်ရာ ပလ္လင်တော်၊ သတ္တဝါလေးပါးနှင့် သက်ကြီးဝါကြီးတို့၏ပတ်ဝန်းကျင်မှ များစွာသောကောင်းကင်တမန်တို့၏အသံကိုကြားရ၏။ သူတို့၏အရေအတွက်သည် သိန်းသန်းကုဋေရှိ၏။
5:12 သူတို့သည် ကျယ်လောင်သောအသံဖြင့် “အသေသတ်ခြင်းခံရသောသိုးသငယ်တော်သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်သရေ၊ ဘုန်းအသရေနှင့် ကောင်းချီးမင်္ဂလာတို့ကိုခံယူထိုက်သောအရှင်ဖြစ်ပါ၏”ဟု ကြွေးကြော်ကြ၏။
5:13 ထို့ပြင် ကောင်းကင်နှင့်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်နှင့်ပင်လယ်ထဲ၌လည်းကောင်း ရှိကြသော သတ္တဝါအပေါင်းတို့နှင့် ခပ်သိမ်းသောအရာတို့က “ကောင်းချီးမင်္ဂလာ၊ ဂုဏ်သရေ၊ ဘုန်းအသရေနှင့် တန်ခိုးအရှိန်အဝါတို့သည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်နှင့် သိုးသငယ်တော်၌ ကမ္ဘာအဆက်ဆက်ရှိပါစေသော”ဟု ကြွေးကြော်ကြသည်ကို ငါကြားရ၏။
5:14 ထိုအခါ သတ္တဝါလေးပါးတို့က “အာမင် ”ဟု ဆိုကြ၏။ သက်ကြီးဝါကြီးတို့သည်လည်း ပျပ်ဝပ်လျက်ရှိခိုးကြ၏။