Judges 10
10:1 အဘိမလက် သေဆုံးပြီးနောက်တွင် အစ္စရေးလူမျိုးတို့ကို ကယ်တင်ရန် ဣသခါအမျိုးသား၊ ဒေါဒေါ၏မြေး၊ ဖုဝါ၏သားတောလ ပေါ်ထွန်း၏။ သူသည် ဧဖရိမ်တောင်ကုန်း၊ ရှမိရမြို့တွင် နေထိုင်၏။
10:2 သူသည် အစ္စရေးလူမျိုးတို့ကို နှစ်ပေါင်းနှစ်ဆယ့်သုံးနှစ် စီရင်အုပ်ချုပ်ပြီးမှ သေဆုံးသဖြင့် ရှမိရမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။
10:3 တောလသေဆုံးပြီးနောက် ဂိလဒ်အနွယ် ယာဣရပေါ်ထွန်း၍ အစ္စရေးလူမျိုးတို့ကို နှစ်ပေါင်းနှစ်ဆယ့်နှစ်နှစ် စီရင်အုပ်ချုပ်လေ၏။
10:4 ထိုသူ၌ မြည်းအကောင်သုံးဆယ်ကို ကိုယ်စီစီးခွင့်ရှိသော၊ မြို့ကို ကိုယ်စီအပိုင်စားရသော သားအယောက်သုံးဆယ် ရှိ၏။ ထိုမြို့တို့သည် ဂိလဒ်ပြည်တွင်ရှိပြီး ယနေ့တိုင်အောင် “ဟာဝုတ်ယာဣရ”ဟု ခေါ်ဆိုကြ၏။
10:5 ယာဣရသေဆုံး၍ ကာမုန်မြို့၌ သူ့ကို သင်္ဂြိုဟ်၏။
10:6 တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ သူတို့သည် ထာဝရဘုရားကို ဝတ်မပြု၊ ထာဝရဘုရားကို စွန့်ပယ်၍ ဗာလဘုရား၊ အာရှတရက်ဘုရား၊ ဆီးရီးယားဘုရား၊ ဆီဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြုကြ၏။
10:7 ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အမျက်ထွက်၍ သူတို့ကို ဖိလိတ္တိလူမျိုး၊ အမ္မုန်လူမျိုးတို့လက်သို့ ရောင်းလိုက်လေ၏။
10:8 ထိုအချိန်မှစ၍ သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်၊ အာမောရိလူမျိုးတို့၏နေရာဂိလဒ်ပြည်ရှိ အစ္စရေးအမျိုးသားတို့ကို တစ်ဆယ့်ရှစ်နှစ်ဖိနှိပ်ညှဉ်းဆဲကြ၏။
10:9 အမ္မုန်အမျိုးသားတို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ယုဒအမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်၊ ဧဖရိမ်အမျိုးအနွယ် တို့ကိုလာရောက်တိုက်ခိုက်သဖြင့် အစ္စရေးလူမျိုးတို့ အလွန်ဒုက္ခရောက်ရကြ၏။
10:10 ထိုအခါ အစ္စရေးအမျိုးသားတို့က “အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုပြစ်မှားကြပါပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ကို စွန့်ပယ်၍ ဗာလဘုရားကို ဝတ်ပြုမိပါပြီ”ဟု ထာဝရဘုရားထံ အော်ဟစ်လျှောက်ဆိုကြ၏။
10:11 ထာဝရဘုရားကလည်း အစ္စရေးအမျိုးသားတို့အား “အီဂျစ်လူမျိုး၊ အာမောရိလူမျိုး၊ အမ္မုန်လူမျိုး၊ ဖိလိတ္တိလူမျိုးတို့လက်မှ သင်တို့ကို ငါကယ်တင်ခဲ့သည် မဟုတ်လော။
10:12 ဆီဒုန်လူမျိုး၊ အာမလက်လူမျိုး၊ မောနလူမျိုးတို့သည် သင်တို့ကို ညှဉ်းဆဲ၍ သင်တို့သည် ငါ့ကိုအော်ဟစ်သောအခါ ငါသည် သင်တို့ကို ထိုသူတို့လက်မှလည်း ကယ်တင်ခဲ့၏။
10:13 သို့သော် သင်တို့သည် ငါ့ကိုစွန့်ပယ်၍ အခြားဘုရားများကို ဝတ်ပြုကြ၏။ ထို့ကြောင့် ငါသည် သင်တို့ကို ကယ်တင်တော့မည်မဟုတ်။
10:14 သင်တို့ရွေးချယ်ခဲ့သောဘုရားများထံသို့ သွား၍အော်ဟစ်ကြလော့။ သင်တို့ ဆင်းရဲဒုက္ခရောက်ချိန်၌ သူတို့သည် သင်တို့ကို ကယ်တင်ပါစေ”ဟု မိန့်တော်မူ၏။
10:15 သို့သော် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား “အကျွန်ုပ်တို့ပြစ်မှားမိပါပြီ။ အလိုရှိသည်အတိုင်းပြုတော်မူပါ။ သို့သော် ယခုမှာ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ”ဟု လျှောက်ဆိုကြ၏။
10:16 ထို့နောက် သူတို့သည် တိုင်းတစ်ပါးသားဘုရားများကို သူတို့ထံမှ ဖယ်ရှားပြီး ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။ အစ္စရေးလူမျိုးတို့ ကြုံတွေ့ရသော အခက်အခဲပြဿနာများကြောင့် ကိုယ်တော်သည် သူတို့ကို သနားတော်မူ၏။
10:17 ထိုအခါ အမ္မုန်အမျိုးသားတို့သည် ဂိလဒ်ပြည်တွင် စုရုံးစခန်းချကြ၏။ အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့တွင် စုရုံးစခန်းချကြ၏။
10:18 ဂိလဒ်ပြည်သားအကြီးအကဲတို့က “အမ္မုန်အမျိုးသားတို့ကို မည်သူဦးဆောင်တိုက်ခိုက်မည်နည်း။ ထိုသူကို ဂိလဒ်ပြည်၏ခေါင်းဆောင်ဖြစ်စေမည်”ဟု အချင်းချင်းပြောဆိုကြ၏။